သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်မှာ တက္ကသိုလ်ဖွင့်နိုင်ရေး အရှိန်မြှင့် ဆောင်ရွက်


ချင်းကျောင်းသားတွေ ချင်းပြည်နယ်တွင်းမှာပဲ တက္ကသိုလ်ပညာဆည်းပူးနိုင်ရေး ချင်းပြည်နယ်တွင်း အစိုးရအသိအမှတ်ပြု ကိုယ်ထူကိုယ်ထ တက္ကသိုလ် ထူထောင်နိုင်ရေး ချင်းနိုင်ငံရေးပါတီတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဆရာဆရာမ၊ မြို့မိမြို့ဖတွေက ကြိုးစားနေကြပါတယ်။ လမ်းပမ်း ဆက်သွယ်ရေး အခက်အခဲကြောင့် ပညာရေးဖွံ့ဖြိုးမှု အားနည်းနေတဲ့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တက္ကသိုလ် ဖွင့်လှစ်နိုင်ရေး တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီက ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်အတွင်း တိုးတက်ဖွံ့ဖြိုးရေး ပညာရေးကဏ္ဍကို မြှင့်တင်ဖို့ အရေးတကြီးလိုအပ်တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးပြည့်မီဖို့ တက္ကသိုလ် ဖွင့်လှစ်နိုင်ရေး တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေကြပါတယ်။ ချင်းပြည်နယ်တွင်းက မြို့မိမြို့ဖ၊ ပါတီ၊ လွှတ်တော် အမတ်၊ ဝန်ကြီး၊ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာ ရှင်များပါဝင်တဲ့ တက္ကသိုလ်ရရှိရေးအလုပ်ရုံဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးယာကုတ်ထန်းက ပြောပြပါတယ်။

“ပီ သုံးလုံးပေါ့နော် Public – Private – Partnership ဆိုတဲ့ အစိုးရရယ်၊ ပြည်သူလူထု အားလုံးပေါင်းပြီးမှ တက္ကသိုလ်ဖြစ်ဖို့ဆိုပြီးတော့ ဆုံးဖြတ်တယ်။ နာမည်ကတော့ ဟားခါးတက္ကသိုလ်လို့ နာမည်ပေးထားတယ်။ Advocacy Team ဖွဲ့ထားတယ်။ တက္ကသိုလ်ဖြစ်မြောက်ရေး ကော်မတီလည်းပါမယ်။ အစိုးရညှိနှိုင်းရေးအဖွဲ့ပေ့ါနော်။”

ချင်းပြည်နယ်တွင်းမှာ ပညာရေးဖွံ့ဖြိုးရေး၊ ချင်းလူငယ်တွေအဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးနိုင်ရေးနဲ့ မိမိဒေသထဲမှာပဲ ပညာသင်ကြားနိုင်ရေးအတွက် ချင်းပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပူးပေါင်းဆောင်ရွက်ပေးနေကြတာဖြစ်တယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်း ကပြောပါတယ်။

“ချင်းပြည်နယ်မှာ ဆယ်တန်းအောင်တဲ့သူတွေက တနှစ်တနှစ်မှာ ထောင်ဂဏန်းနဲ့ရှိပါတယ်ဗျ။ ပညာရေးနဲ့ပတ်သက်တဲ့ အခြေခံ အဆောက်အအုံတွေ မရှိဘဲနဲ့တော့ ဘယ်လိုပဲပြောပြောပေါ့ဗျာ။ ကျောင်းမတက်နိုင်တဲ့၊ တက္ကသိုလ်တက်ဖို့ စရိတ်မရှိလို့ တက္ကသိုလ် မတက်ခဲ့ရတဲ့ ဆယ်တန်းအောင် ချင်းကျောင်းသားတွေ အများကြီးရှိပါတယ်။ အများစုက နိုင်ငံခြားထွက်ကုန်တဲ့အထိ ရောက်သွားတာ နှမျောစရာကောင်းပါတယ်။ ပြည်မသားတွေလို ကိုယ့်အိမ်ထောင်ကနေ ကိုယ့်မီးဖိုချောင်က ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် ကျောင်းတက်ခွင့်ရလို့ရှိရင်ပေါ့ဗျာ အများကြီးသက်သာမှာပေါ့။ အခု ကျောင်းတက်နေတဲ့ဟာက အိမ်နဲ့မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာမှာ တက္ကသိုလ်တက်နေရတဲ့အခါကျတော့ ချင်းပြည်နယ်အတွင်းမှာ တနေရာရာဖြစ်ဖြစ်ပေါ့ဗျာ- တက္ကသိုလ်ရှိခြင်းအားဖြင့် ဘာပဲပြောပြော ကျောင်းသားလူငယ်လေးတွေက သူတို့ဆယ်တန်းအောင်တဲ့အချိန်ကျရင် တက္ကသိုလ်ကျောင်းတက်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့က ရှိလာလို့ရှိရင် ကျောင်းတက်ချင်စိတ်လည်း ပိုပြီးတော့ အားရှိမှာပေါ့ဗျာ။”

ချင်းပြည်နယ်အတွင်း အဆင့်မြင့်တက္ကသိုလ်ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်အစိုးရအပါအဝင် ပညာရေးဝန်ကြီးဌာနနဲ့ လွှတ်တော်တွင်း တင်ပြတောင်းဆိုခဲ့တာနဲ့ပတ်သက်လို့လည်း CNFရဲ့ အတွင်းရေးမှုး ဆလိုင်းကျဲအိုဘိခ်ထောင်း ပြောပါတယ်။

“ကျနော်တို့ချင်းပြည်နယ်မှာ လိုချင်နေကြတာကတော့ အနည်းဆုံး လူမှုသိပ္ပံကျောင်းပေါ့။ ၂၀၁၂ တုန်းမှာလည်း ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားတယ်။ ၂ ကြိမ်တိုင်တိုင် ကျနော်တို့ တင်ပြထားတယ်ပေါ့။ အဲဒီတုန်းက သူတို့ဖြေကြားထားတာကတော့ နံပါတ်တစ် အချက်ကတော့ ဆယ်တန်းအောင်တဲ့သူတွေ ကျောင်းသားဦးရေကို သူတို့က ထည့်တွက်ခြင်းခံရတယ်တဲ့။ ကျောင်းသားတွေနည်းတယ်ပေါ့ဗျာ။ တက်မယ့်သူတွေနည်းမယ်ဆိုတဲ့သဘောပါ။ နံပါတ် ၂ အချက် သူတို့ပြောတာကတော့ အလှမ်းဝေးနေတယ်ပေါ့လေ။ ကျောင်းဆရာအနေအထားပေါ့။ အဲဒီအပိုင်းလည်းပဲ အခက်အခဲရှိနိုင်တယ်ပေါ့။ လမ်းပမ်းဆက်သွယ်ရေးကစပြီး သူတို့ပြောတာပေါ့။”

ချင်းပြည်နယ်တွင်း အဆင့်မြင့်တက္ကသိုလ်တည်ဆောက်နိုင်ရေးနဲ့ပတ်သက်လို့ ချင်းပြည်နယ်အစိုးရအပါအဝင် ချင်းနိုင်ငံရေးပါတီတွေနဲ့ ရပ်မိရပ်ဖတွေရဲ့ လုပ်ဆောင်ချက်နဲ့ ၂၀၁၅၊ ၂၀၁၆ ပညာသင်နှစ်မှာ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးယာကုတ်ထန်းကပြောပါတယ်။

“ပြည်နယ်အစိုးရနဲ့လည်း ပူးပေါင်းဖို့တော့ ကျနော်တို့ စီစဉ်တယ်။ အစိုးရဘက်က ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာတော့ မသိဘူး၊ ကျနော်တို့အလုပ်ရုံဆွေးနွေးပွဲမှာလည်း ပြည်နယ်အစိုးရကို ကျနော်တို့ဖိတ်တယ်။ အစကတည်းက ချဉ်းကပ်ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ဟာကိုတော့ ကျနော်တို့ အမြဲတမ်း ဆွေးနွေးတိုင်ပင်တယ်။ အဲဒါကြောင့် နောက်ဆုံးကျရင်တော့ ကျနော်တို့ထင်တာကတော့ အစိုးရ၊ ပြည်နယ်အစိုးရနဲ့ပူးပေါင်းနိုင်မယ်လို့လည်း ကျနော်တို့ ယုံကြည်တယ်။”

ချင်းလူငယ်များ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးနဲ့ ချင်းလူထု လူနေမှုဘဝမြင့်မားရေး နဲ့ ဒေသတွင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေဖို့အတွက် အဓိကရည်ရွယ်တဲ့ ချင်းပြည်နယ်တွင်း တက္ကသိုလ်၊ ကောလိပ်ဖွင့်လှစ်နိုင်ရေးနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတထံ လိပ်မူပြီး တောင်းဆိုထားသလို လွှတ်တော်တွင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြတောင်းဆိုပြီးဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းတွေထဲမှာ ချင်းပြည်နယ်ဟာ တက္ကသိုလ်အဆင့်ကျောင်း တစ်ကျောင်းမှ မရှိသေးတဲ့အတွက် တည်ဆောက်နိုင်ရေး အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်နိုင်သေးဘဲ ဖြစ်နေပါတယ်။
XS
SM
MD
LG