သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အာရှအထူးကိုယ်စားလှယ် မြန်မာ့အရေးဦးစားပေးမည်


တရုတ်ဝါရင့်သံတမန် Wang Yingfan
တရုတ်ဝါရင့်သံတမန် Wang Yingfan
ပထမဆုံး အာရှရေးရာ အထူးသံတမန်အဖြစ်နဲ့ ဝမ် ယင်ဖန်း (Wang Yingfan) ကို မကြာခင်ကပဲ တရုတ်အစိုးရက ခန့်အပ်လိုက်ပြီးတော့ သူ့အနေနဲ့ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံအကြား ကိစ္စရပ်တွေကို အဓိကကိုင်တွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာ ကျဆင်းမသွားအောင်လို့ အထူးသံတမန် ခန့်အပ်ပြီး တရုတ်အစိုးရက ကြိုးစားပုံရတယ် လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်၊ အပြည့်အစုံကို မဆုမွန်က တင်ပြပါမယ်၊


တရုတ်နိုင်ငံတွင်း အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေနဲ့အတူ အိမ်နီးချင်း မြန်မာနိုင်ငံကိုလည်း ပိုမိုအာရုံစိုက်လာတဲ့အနေနဲ့ အထူးသံတမန်တဦး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အာရှဒေသဆိုင်ရာ အထူးသံအဖြစ် ဝါရင့်သံတမန်တဦးဖြစ်သူ ဝမ် ယင်ဖန်း (Wang Yingfan) ကို ခန့်အပ်လိုက်ပြီး မြန်မာ့အရေး အဓိကထား ဆောင်ရွက်ဖို့ တာဝန်ပေးထားတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ ဟွာ ချန်ရင်း (Hua Chunying) က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်တာပါ။

နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပထမဆုံး အာရှရေးရာ အထူးသံတမန်အဖြစ်နဲ့ ဝမ် ယင်ဖန်း (Wang Yingfan) ကို အစိုးရက မကြာသေးခင်တုန်းကပဲ ခန့်အပ်ထားပါတယ်။ သူ့အနေနဲ့ အထူးသဖြင့် တရုတ်နဲ့ မြန်မာ ၂ နိုင်ငံကြား ကိစ္စရပ်တွေကို အဓိက ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရတွေ အဆက်ဆက်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး အဆက်အဆံတွေဟာ ခိုင်မာနေခဲ့တာဖြစ်သလို၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး နိုင်ငံတကာက ဝိုင်းပယ်တာ ခံခဲ့ရချိန်မှာလည်း တရုတ်နိုင်ငံက ကျော ထောက်နောက်ခံ ပေးထားခဲ့တာပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေကစလို့ အစိုးရ အပြောင်းအလဲတွေ နဲ့အတူ အနောက်နိုင်ငံတွေက နိုင်ငံရေး၊ စီးပွားရေး အဆက်အဆံတွေ တိုးမြှင့်လာကြပါတယ်။

ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး စတဲ့ကဏ္ဍတွေမှာ သြဇာ အရှိန်အဝါတွေ ကျဆင်းမသွားစေဖို့ တရုတ်အစိုးရက ရည်ရွယ်ကြိုးပမ်းလာပုံရတယ်လို့ မြန်မာ့အရေး လေ့လာ သူတွေကမြင်နေကြတာပါ။

အထူးသဖြင့် မကြာသေးခင်နှစ်တွေကစလို့ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ကန့်ကွက် ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာနေတာမို့ တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေး ကို လျစ်လျူရှုဖို့ မဖြစ်တဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက် တာလှကျော်ဇော က သုံးသပ်ပါတယ်။

“တရုတ်က သူက စဉ်းစားတာက ဒီလို၊ အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ကို လှည့်လာတဲ့ မျှားဦးဟာ သူ့ကိုလှည့်တာလို့ တွက်တယ်လေ။ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဖို့ လာတယ်လို့ သူကတွက်တယ်။ အဲ့ဒါကြောင့်မို့လို့ သူ့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေက ပိုပြီး တင်းမာပြီး ပြဿနာတွေ တက်လာတယ်လို့ တွက်တာပေါ့။ နယ်မြေ အငြင်းပွားမှုတွေပေါ့။ အဲ့ဒါတွေ အပါအဝင်ပေါ့ ဗမာပြည်က အဖြစ်အပျက်တွေ လည်း ပါတာပေါ့၊ မြစ်ဆုံကိစ္စတို့၊ အခုလက်ပံတောင်း တောင် ကိစ္စတို့ အဲဒါတွေလည်း အကုန်ပါတာပေါ့။ အဲဒီဟာတွေ အားလုံးကို အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး အသစ်၊ နည်းသစ်လမ်းသစ်နဲ့ ပြန်ပြီးဆက်ဆံနိုင်ဖို့အတွက် သီးခြားပုဂ္ဂိုလ်ထားတာ ဖြစ်တယ်။ အာရှအတွက်တော့ ဒါဟာ ပထမဦးဆုံးထားတာပဲ။”

တရုတ်အစိုးရနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကြား နယ်မြေပိုင်နက် အငြင်းပွားမှုတွေ လို ပြဿနာတွေ ကြုံနေရချိန်မှာ ဒေသတွင်း သံတမန်ရေးအရ အာရုံစိုက် ဆောင်ရွက်ဖို့လည်း လိုအပ်နေပြီလို့ ဒေါက်တာ လှကျော်ဇော က ဆိုပါတယ်။

တရုတ်အစိုးရက ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာ ဒေသ တွင်းက ပြဿနာတွေကိုလည်း သံတမန်ရေးနည်းလမ်းနဲ့ အောင်မြင်အောင် ဖြေရှင်းနိုင်ဖို့ တရုတ်အစိုးရက ခြေလှမ်းလှမ်းနေပုံ ရတယ်လို့လည်း သုံးသပ်ခဲ့တာပါ။

“သူက အိမ်နီးနားချင်းတွေရဲ့ ခံစားမှုတွေကို ပြေပျောက်အောင် အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေး ပိုမိုအောင် လုပ်ဖို့ လိုတယ်ဆိုတာ မနှစ်က ၂၀၁၂ ခုနှစ်က နိဂုံးချုပ် ဒီဇင်ဘာတို့ ဘာတို့မှာ သူတို့လုပ်တဲ့ နိဂုံးချုပ် ဖိုရမ်တွေမှာ အများကြီး ပြောကြတယ်။ အဲ့ဒီတော့ အဲ့ဒါတွေရဲ့ အဆက်ဖြစ် မယ်ထင်တယ်။ အခု မကြာခင်မှာလည်း သူတို့က အစိုးရ အသစ်ဖွဲ့မှာကိုး။ ဝန်ကြီးချုပ် အသစ်တို့ ဘာတို့။ အဲ့ဒီမှာ ပေါ်လစီအသစ်တွေ ထွက်လာမှာမို့လို့ ကြိုတင်ပြီးတော့ ဒါတွေလမ်းခင်းနေတာ ပဲလို့ မြင်တယ်။”

မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်မယ့် အာရှရေးရာ အထူးသံတမန် ဝမ် ယင်ဖန်း (Wang Yingfan) ဟာ လွန်ခဲ့တဲ့ ၂၀၀၀-၂၀၀၃ ကာလတုန်းက တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့ဖူးသူ တဦးပါ။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်နဲ့လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်သလို၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ကြား နယ်မြေပိုင်ဆိုင်မှု ကိစ္စတွေမှာလည်း ကြားဝင် စေ့စပ်ညှိနှိုင်းသူအဖြစ်
ဆောင်ရွက်ခဲ့ဖူးသူတဦး ဖြစ်ပါတယ်။
XS
SM
MD
LG