တရုတ်နိုင်ငံနဲ့ သဘောတူစာချုပ် ချုပ်ဆိုပြီး အကောင်အထည်ဖော်နေတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ကိစ္စအပေါ် သဘောထားကွဲလွဲနေတာတွေကို သေသေချာချာ ပြေလည်အောင်လုပ်သွားဖို့ မြန်မာအစိုးရက ပြင်ဆင်ထားပါတယ်လို့ ဒီကနေ့ တနင်္လာနေ့မှာ မြန်မာဘက်က တရုတ်တို့ကို ပြောလိုက်ပါတယ်။
နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံက မျှော်လင့်ထားပါကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောခဲ့တယ် လို့လည်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံမှာ ရောက်နေပြီး ဒုတိယသမ္မတ ရှီကျင်ပင်း (Xi Jinping)၊ နိုင်ငံခြားရေးဝန်ကြီး ယန် ကျီးချီ (Yang Jiechi) တို့နဲ့ ဒီကနေ့ တနင်္လာနေ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာ အပြင်းအထန် ဝေဖန်တာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဆည် စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ မြန်မာအစိုးရက ကြေညာခဲ့တာပါ။ အဲဒီနောက်မှာ ဒီကိစ္စကို ဖြေရှင်းချက်ပေးဖို့ တရုတ်တို့က တောင်းဆိုခဲ့ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဒီကိစ္စကို နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်တဲ့ တိုင်ပင် ညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းသွားဖို့ တရုတ်ဒုတိယသမ္မတ ရှီကျင်ပင်းက ပြောခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ရေးပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ သမ္မတရဲ့ အထူးသံတမန်အဖြစ် တရုတ်နိုင်ငံကို လာရောက်ခဲ့တာလို့ တရုတ် အစိုးရအာဘော်သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးဟာလည်း လာမယ့်သီတင်းပတ်အတွင်းမှာ တရုတ်နိုင်ငံဆီ သွားဖို့ရှိတယ်လို့ မြန်မာ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါက်တာနေဇင်လတ်က ဗွီအိုအေ မြန်မာဌာနကို ပြောထားပါတယ်။