ဒေသတွင်းခရီးလှည့်လည်နေတဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ဒီကနေ့မှာတော့ မြန်မာနိုင်ငံကို ရောက်လာပါပြီ။ တရုတ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ စစ်အစိုးရက ဒီနှစ်ထဲ ကျင်းပပေးမယ့် ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတခုကို ဦးဆောင်ယှဉ်ပြိုင်သွားဖို့ ရှိနေတဲ့ ဝန်ကြီးချုပ် သိန်းစိန် တို့နဲ့လည်း တွေ့ဆုံ သွားဖို့ရှိပါတယ်။
ရန်ကုန်မြို့ကို ဒီကနေ့ ရောက်လာပြီးတဲ့နောက်မှာတော့ ရွှေတိဂုံဘုရားကို သွားရောက်ပြီး၊ မနက်ဖြန် နေပြည်တော်ကို ခရီးဆက်မယ်လို့လည်း ရန်ကုန်ကလာတဲ့ သတင်းတွေက ဖော်ပြခဲ့တာပါ။ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စွမ်းအင်လုပ်ငန်း အပါအဝင်၊ ၂ နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်မှုတွေနဲ့ ဆိုင်တဲ့ သဘောတူညီချက်တွေကို လက်မှတ် ရေးထိုးသွားမှာ ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အရင်တပတ်ထဲမှာပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံက စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ အဓိကထားပြီး ပိုမိုလုပ်ကိုင်ခွင့် ရှိမှာ ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင် ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းတရပ်က ဒီကနေ့ပဲ ဖောြ်ပခဲ့တာပါ။ ၂ နိုင်ငံကြား ကုန်သွယ်မှု ပမာဏဟာတော့ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာသန်း ၂,၉၀၀ ကျော် ရှိခဲ့တာမို့၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုမှာ တတိယ အများဆုံးနိုင်ငံတခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြုပ်နှံမှု အားလုံးရဲ့ ၁၁ ဒဿမ ၅ ရာခိုင်နှုန်းဟာလည်း တရုတ်နိုင်ငံကပါ။ တရုတ်၊ မြန်မာ သံတမန် ဆက်သွယ်မှုတွေရဲ့ အနှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကတော့ ဝန်ကြီးချုပ် ဝမ်ကျားပေါင် ခရီးစဉ် မတိုင်မီမှာပဲ အမှတ်တရ ကျပ်ငွေ (၁၀၀) တန် တံဆိပ်ခေါင်းတခု ထုတ်ေ၀ သုံးစွဲသွားမယ့် အကြောင်း ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှ ၄ နိုင်ငံ ခရီးထွက်နေတဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် အနေနဲ့ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အလေးထား ပြောဆိုသင့်တဲ့ အကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး တခုဖြစ်တဲ့ Human Rights Watch က တနင်္လာနေ့တုန်းကာပဲ တိုက်တွန်းခဲ့ပါသေးတယ်။
မြန်မာစစ်အစိုးရအပေါ် သြဇာညောင်းတဲ့ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ပြဿနာတွေဟာ ပြည်တွင်းရေးရာ ကိစ္စအဖြစ်သာ ပြောဆိုလေ့ရှိပေမဲ့ ဒုက္ခသည်တွေ လက်နက်ကိုင် ပဋိပက္ခတွေဟာ နယ်ခြားကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံအထိ ရောက်နိုင်တဲ့ ဒေသတွင်း လုံခြုံမှုကို ထိခိုက်စေတဲ့ အဖြစ်မျိုးတွေ ရှိနေတဲ့အကြောင်း Human Rights Watch အဖွဲ့ကြီးက သူ့ရဲ့ ပေးစာထဲမှာ ဖော်ပြခဲ့တာပါ။