သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွမ်းလုံကြိုးတံတားအနီးဗုံး လူ ၃ ဦးသေ


ရန်ကုန်မြို့လယ်ခေါင် ဗုံးတလုံးတွေ့ရှိပြီးနောက် လုံခြုံရေးတင်းကျပ်ထားစဉ်။ (၁၅ အောက်တိုဘာလ ၂၀၁၃)
ရန်ကုန်မြို့လယ်ခေါင် ဗုံးတလုံးတွေ့ရှိပြီးနောက် လုံခြုံရေးတင်းကျပ်ထားစဉ်။ (၁၅ အောက်တိုဘာလ ၂၀၁၃)
တရုတ်-မြန်မာနယ်စပ်ဒေသက နာမည်ကျော် ကွမ်းလုံကြိုးတံတားအနီးမှာ အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာကြောင့် အနည်းအဆုံး လူ ၃ ယောက်သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ လေးလုံးထိုး ထော်လာဂျီယာဉ်ပေါ်က ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောဆိုပေမဲ့ ကွမ်လုံရဲတပ်ဖွဲ့ကတော့ ဗုံးဟောင်းတစ်လုံး ပေါက်တာဖြစ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့မှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ အင်္ဂါနေ့ညနေပိုင်း ၃ နာရီ ဝန်းကျင်လောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုဖြစ်ပွားပုံကို ကွမ်းလုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းက အခုလို ပြောပါတယ်။

“ကွဲတာက ကွမ်လုံတံတားနဲ့ ကိုက် ၁၀၀ လောက်ပဲကွာတယ်။ ကွဲတယ်ဆိုတာ ဒီလို ကြီးကြီးမားမားကွဲတယ်။ အဲ့လောက်ကွဲဖူးတာ ဘယ်လောက်ထိဖြစ်ရတယ်ဆိုတာ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ ရှိတာတောင်မှ မှန်ကွဲသေးတယ်။ မြို့ထဲမှာလည်း မှန်ကွဲတယ်။ ခရိုင်ရုံး၊ မြို့နယ်ရုံး ပတ်ဝန်းကျင်လည်း မှန်ကွဲသွားပါတယ်။ ကွဲတဲ့နေရာက တော်တော်ဝေးတယ်နော်။ ရုံးနဲ့ဆိုရင်တော့ ကိုက်ကတော့ ၃၀၀ လောက်ရှိတယ်။”

ပေါက်ကွဲမှုကြောင့် ၃ ပေလောက်နက်တဲ့ ကျင်း ဖြစ်သွားတယ်လို့လည်း ပြောပါတယ်။ ဦးဟော်ရှောက်ချန်းက ပေါက်ကွဲမှုကြောင့် လတ်တလော သေဆုံးသူ ၄ ယောက်ရှိတယ်လို့ ပြောပါတယ်။

“အခု သေသွားတာက ၄ ယောက်၊ ၄ ယောက်မှာ Asia World က အလုပ်သမားက ၂ ယောက်၊ နောက် နတလက ကျောင်းဆရာ ၁ ယောက်သေသွားတယ်။ နောက်တခါ တပ်က ဒီကောင်တွေက မြို့ထဲသွားတဲ့ကောင်တွေ အနီးနားထိတော့ အဲ့ကောင်လည်း သေသွားတယ်။”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းကတော့ ဒီပေါက်ကွဲမှုဟာ လေးလုံးထိုး ထော်လာဂျီပေါ်က ပေါက်ကွဲတာဖြစ်တယ်။ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီးတယောက်၊ အမျိုးသားတယောက်သေဆုံးဖွယ်ရှိကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် ထော်လာဂျီဟာ တစစီ ဖြစ်သွားသလို ယာဉ်ပေါ်ပါသူတွေကိုလည်း အစအန ရှာမရတော့ဘူးလို့ ပြောပါတယ်။

“လေးလုံးထိုးထော်လာဂျီနော်၊ ဒီကောင် ကားပေါ်တင်ထားတဲ့ ယမ်းဆိုတာ ဘယ်သူမှမသိဘူးလေ။ ကားပေါ်မှာက မိန်းကလေး ၁ ယောက်ပါတယ်။ ယောကျာ်း ၁ ယောက်ပါတယ်။ ကားပေါ်ပါတာ အစတောင် ရှာလို့မတွေ့ဘူး။ ဒီထော်လာဂျီဟာ အပိုင်းအစ တချို့ဆို ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။”

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကွမ်းလုံရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျရဲအရာရှိတဦးက အခုလို ပြောပါတယ်။

“မနေ့က ၁၇ ရက် ၂ နာရီ ၄၅ မိနစ်မှာ ပေါက်ကွဲမှုဖြစ်တာပါ။ ကွမ်လုံတံတားနဲ့ ၂ ဖာလုံလောက်တော့ ဝေးပါတယ်ခင်ဗျ။ အဲ့ဒီမှာ လူကြီးပိုင်းတွေကလည်း လိုက်ပြီးတော့ စစ်ဆေးနေပါတယ်။ ဗုံးအဟောင်းဆိုပြီးတော့ပဲ သူတို့ ယူဆနေကြတာပဲ။ ဟုတ်ကဲ့ခင်ဗျ ထော်လာဂျီနဲ့တင်တယ်လို့တော့ လူကြီးပိုင်းက မသုံးသပ်ပါဘူးခင်ဗျ။ နဂိုလက်ကျန် ဗုံးအဟောင်းကနေ မြေတူးဆွရင်းနဲ့ ပေါက်ကွဲတယ်ဆိုတာပဲ ထွက်လာတာပါ။ ပေါက်ကွဲမှုကတော့ တော်တော်လေး ပြင်းပါတယ်။ ဒါပေမဲ့ ထော်လာဂျီကနေ ဆိုတာကလည်း ဘယ်သူမှကို ပြောလို့မရသေးဘူးခင်ဗျ အခုအချိန်မှာ။ လူကြီးပိုင်းတွေအားလုံးက အခုအချိန်မှာ လိုက်လံစစ်ဆေးတယ်။ ထော်လာဂျီကိစ္စတွေ လိုက်ပြီး ဖော်ထုတ်နေကြတယ်။ သေဆုံးသူ ၃ ဦးတော့ ရှိပါတယ်ခင်ဗျ။ ဒဏ်ရာရတဲ့သူကတော့ ၂ ဦးပါ။”

သေဆုံးသူတွေကတော့ ကွမ်းလုံစစ်ဗျူဟာက ဒုတပ်ကြပ် ၁ ဦးနဲ့ Asia World ကုမ္ပဏီက လုပ်သား ၂ ဦးဖြစ်ကြောင်း၊ ဒဏ်ရာရသူတွေကတော့ Asia World လုပ်သား ၁ ဦးနဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ (နတလ) က နည်းပြဆရာ ၁ ဦးဖြစ်ကြောင်းနဲ့ နောက် ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဆိုတာ တိတိကျကျ မဖော်ထုတ်နိုင်သေးသလို ဘယ်သူ့လက်ချက်ဆိုတာလည်း သုံးသပ်တာ မရှိသေးကြောင်း ကွမ်းလုံက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
ကွမ်းလုံမြို့ပေါက်ကွဲမှုဟာ မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပနေတာကြောင့် လုံခြုံရေးအရ အထူးသတိထားချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီလ ၈ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ တောင်ကြီးမြို့ ပေါက်ကွဲမှုကိုတော့ ဗုံးပေါက်ကွဲတာမဟုတ်ဘဲ ငါးမိုင်းခွဲဖို့ ပြင်ဆင်ရာကနေ ပေါက်ကွဲတာဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကတော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနဲ့ နမ့်ခမ်းမြို့တွေမှာ ဗုံး ၈ လုံးပေါက်ကွဲခဲ့သလို၊ မပေါက်ကွဲသေးတဲ့ ဗုံး ၄ လုံး တွေ့ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့က သံလွင်ကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ ကွမ်းလုံကြိုးတံတားဟာ ၁၉၇၁ နိုဝင်ဘာကနေ ၁၉၇၂ ဇန်နဝါရီထိ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား ရက် ၄၀ ကျော်ကြာ တိုက်ပွဲကြောင့် မြန်မာပြည်မှာ လူသိများထင်ရှားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG