သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် Corona ဗိုင်းရပ်ရောဂါ အိမ်နီးချင်းနိုင်ငံတချို့ကို ကူးစက်


(Zawgyi / Unicode)

တရုတ်နိုင်ငံမှာ လက်ရှိကူးစက်ပြန့်နှံ့နေတဲ့ ဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၃ ဦးရှိသွားပြီး ရောဂါပိုး ကူးစက်နေသူ အရေအတွက်ဟာလည်း နှစ်ရာကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီရောဂါပိုးကို ထိန်းချုပ်နိုင်ရေးအတွက် အစွမ်းကုန် ဆောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ထုတ်ပြန်လိုက်ပြီး ဒီ ရောဂါပိုး ကူးစက် ပြန့်နှံ့နေတဲ့နိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း တရုတ်နိုင်ငံခြားရေးဌာနကလည်း ပြောပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါမယ်။

တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ Coronavirus အသစ်အဆန်း ကူးစက် ပြန့်နှံ့နေတာကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမိန့်ထုတ်ပြန်လိုက်တာပါ။

ဒီဗိုင်းရပ်ပိုး မြို့တော် ဘေဂျင်းမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာအပါအဝင် နိုင်ငံတဝှမ်း တနင်္လာနေ့မှာ ကျယ်ပြန့်စွာ ကူးစက် ပြန့်နှံ့နေကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောကြားတဲ့အချိန်မှာဘဲ သမ္မတရှီရဲ့ အမိန့်ထွက်လာတာပါ။

ဒီရောဂါ ကူးစက် ပြန့်နှံ့မှုဟာ တရုတ်နိုင်ငံမှာ လူတွေ မီးရထား၊ လေယာဉ်ပျံတို့နဲ့ ခရီးသွား အများဆုံးအချိန်ဖြစ်တဲ့ နှစ်သစ်ကူး အခါသမယနဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဒီကိစ္စကို ဦးစားပေး ဆောင်ရွက်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေကို သမ္မတ ရှီက အမိန့်ထုတ်လိုက်ပါတယ်။

ဗိုင်းရပ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံအလယ်ပိုင်း Wuhan ဒေသမှာ ရောဂါပိုး ကူးစက်နေသူ ၁၃၆ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအရာရှိတွေက အတည်ပြု ပြောကြားလိုက်တာကြောင့် တနင်္လာနေ့ ညနေပိုင်းအထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၂၂၄ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီအထဲက ၂၁၇ ဦးကို အတည်ပြုပြီးဖြစ်ပြီး ကျန် ၇ ဦးကတော့ သံသယဖြစ်ဖွယ်အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ တဦးထပ်မံ သေဆုံးသွားတာကြောင့် ဒီကူးစက် ဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၃ ဦးရှိသွားပြီ ဖြစ်ပါတယ်။

မြို့တော် ဘေဂျင်းမှာ ရောဂါပိုးကူးစက်နေသူ ၂ ဦးနဲ့ တောင်ပိုင်း Shenzhen ဒေသက တဦးတို့လည်း ရောဂါပိုး ကူးစက်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလူ ၃ ဦးစလုံးဟာ Wuhan ဒေသကို သွားခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်ကို မကြာသေးခင်ကသွားခဲ့တဲ့ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ ဂျပန်နိုင်ငံသား ၁ ဦး၊ တောင်ကိုရီးယားနိုင်ငံမှာ ၁ ဦး စုစုပေါင်း ၄ ဦး ဒီရောဂါပိုး ကူးစက်နေတာကို တွေ့ရကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြု ပြောကြားပါတယ်။

ရောဂါပိုးကူးစက်နေကြောင်း တွေ့ရှိရတဲ့ နိုင်ငံတွေက အာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shaung က တနင်္လာနေ့မှာ ပြောပါတယ်။

“တခြားနိုင်ငံတွေမှာ ဒီဗိုင်းရပ်ပိုး ကူးစက် ဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲအပေါ် တရုတ်အစိုးရက အလေးထား ဆောင်ရွက်နေပါတယ်။ ရောဂါပိုးကူးစက်နေတယ်ဆိုတဲ့ နိုင်ငံအားလုံးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ အားလုံးဖွင့်ထားသလို ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်နေပြီး အခြေအနေတွေ ထိန်းချုပ်နိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။”

လက်ရှိအချိန်အထိတော့ ဂျပန်၊ ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ဒီရောဂါပိုး ကူးစက် ပြန့်နှံ့နေတယ်ဆိုတာ သူတို့ သိထားရကြောင်းလည်း Geng Shaung က ပြောပါတယ်။

“သက်ဆိုင်ရာဌာနတွေထံက ကျနော်သိရသလောက်ကတော့ ဂျပန်၊ ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေက သူတို့နိုင်ငံသားတွေ ဒီ Coronavirus ရောဂါပိုး ကူးစက်နေတယ်ဆိုတာ အကြောင်းကြားတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီ ကူးစက်ရောဂါ မပြန့်ပွားအောင် အဲဒီ ၃ နိုင်ငံနဲ့ တရုတ်အစိုးရက အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ရောဂါအမြန်ဆုံးပျောက်နိုင်အောင် ကုသရေးနဲ့ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်နေပါတယ်။ ဒီရောဂါပိုး မပြန့်နှံ့အောင် Wuhan ဒေသအစိုးရက ဒေသတွင်းကနေ တခြားနေရာတွေကို ခရီးသွားကြမယ့်သူတွေရဲ့ ကျန်းမာရေး အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်ပါတယ်လို့ ကျနော်ပြောနိုင်ပါတယ်။”

Coronavirus ရောဂါပိုးအမျိုးအစားထဲမှာ သာမှန် အအေးမိတာကနေ SARS လို ကူးစက်မြန်ပြင်းထန်တဲ့ အဆုပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းမှာ ၂၀၀၂ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ SARS ကူးစက်ရောဂါဟာ နိုင်ငံပေါင်း တဒါဇင်ကျော်ကို ကူးစက်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၈၀၀ လောက် သေဆုံးခဲ့တာပါ။ တရုတ်အစိုးရက အစောပိုင်းမှာ အဲဒီရောဂါရဲ့ ဆိုးရွားမှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင့်မြင့် ဆရာဝန်တွေက ဖွင့်ချလိုက်တဲ့အတွက် နောက်ပိုင်းမှာ အဲဒီ ဖုံးကွယ်ထားမှုတွေ ပေါ်သွားခဲ့ပါတယ်။

အခုတွေ့ရှိတဲ့ ကူးစက်ရောဂါဟာ အရင်ကတွေ့ခဲ့တဲ့ SARS လို ပြင်းထန်တဲ့ရောဂါပိုးနဲ့ မတူကြောင်း တရုတ်သိပ္ပံပညာရှင်တွေက အခုလ အစောပိုင်းမှာ ပြောထားပါတယ်။ Coronavirus ကူးစက်ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ ရင်ကျပ်တာနဲ့ အသက်ရှုကျပ်တာတွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)
















XS
SM
MD
LG