တရုတ်တပ်မတော်အတွင်း အဂတိလိုက်စားမှု လျော့ကျအောင် လုပ်ဆောင်တဲ့အနေနဲ့ တရုတ် အရာရှိတွေ လိုက်နာရမယ့် ပိုပြီးတော့ တင်းကျပ်တဲ့ ဥပဒေတချို့ကို တရုတ်စစ်ကော်မရှင်က စတင်ချမှတ်လိုက်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားနေတဲ့ ကာလအတွင်း အဆင့်မြင့် စစ်အရာရှိတွေ အနေနဲ့ အရက်သေစာပါတဲ့ ဧည့်ခံတွေ မလုပ်ကြဖို့နဲ့ ဇိမ့်ခံဟိုတယ်ကြီးတွေမှာ တည်းခိုခြင်း မပြုဖို့ ဗဟိုစစ်ကော်မရှင်က အမိန့်ထုတ်ထားတဲ့ အကြောင်း နိုင်ငံပိုင် မီဒီယာတွေမှာ သောကြာနေ့က ဖော်ပြထားပါတယ်။
ဒါ့အပြင် ဧည့်ခံပွဲတွေမှာလည်း နဖူးစည်း စာတမ်းတွေ၊ ကော်ဇောနီတွေ၊ ပန်းတွေ၊ ဂုဏ်ထူးဆောင် ဧည့်သည်တွေ၊ ဖျော်ဖြေပွဲတွေနဲ့ လက်ဆောင်ပစ္စည်းတွေ ထည့်သွင်း ပါဝင်ခြင်း မပြုရဘူးလို့ ကော်မရှင်က ထုတ်ပြန်တဲ့ ဥပဒေသစ်ထဲမှာ ဖော်ပြထားပါတယ်။
စစ်တပ်အရာရှိတွေအနေနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို မပြောသင့်သလို တရားဝင် ခရီးစဉ်တွေမှာ မော်တော်ယာဉ် အသုံးပြုမှုကိုလည်း တင်းကျပ်သွားမယ်လို့ ညွန်ကြားချက် အသစ်ထဲမှာ ဖော်ပြထားပါတယ်။ ဒီကော်မရှင်သစ်ကိုတော့ ကွန်မြူနစ်ပါတီ အကြီးအကဲရာထူးနဲ့ စစ်ကော်မရှင် အကြီးအကဲရာထူးတွေကို ပြီးခဲ့တဲ့လက ပြောင်းလဲ ရယူလိုက်တဲ့ ရှီကျင်းပင် (Xi Jinping) က ဦးဆောင်တာ ဖြစ်ပါတယ်။ ရှေ့နှစ်မတ်လမှာ တရုတ်နိုင်ငံရဲ့ သမ္မတ ရာထူးကိုပါ ပူးတွဲ ရယူတော့မယ့် ခေါင်းဆောင်သစ် ရှီကျင်းပင်က အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားတာ ဖြစ်ပါတယ်။