လွန်ခဲ့တဲ့ ၃ နှစ် ၂၀၀၇ ခုနှစ်က တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား ကို ဂျာမနီဝန်ကြီးချုပ် လက်ခံတွေ့ဆုံခဲ့ပြီးနောက် ဂျာမနီနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်ခဲ့ပြီးနောက် မနေ့ကတော့ နှစ်နိုင်ငံ ကုမ္ပဏီတွေကြား အမေရိကန်ဒေါ်လာ သန်းထောင်နဲ့ချီတဲ့ စီးပွားရေး စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ သိသာထင်ရှားတဲ့ တိုးတက်မှုလို့လဲ ဆိုရမှာပါ။
တရုတ်ဝန်ကြီးချုပ် ၀မ်းကျားပေါင်က ဂျာမနီဝန်ကြီးချုပ် Angela Merkel ကို ပေကျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး ခုလို ချုပ်ဆိုခဲ့တာပါ။
ခုနှစ်နှောင်းပိုင်း အီးယူ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အခါ တရုတ်ကို ဈေးကွက် စီးပွားရေးစနစ် နည်းမှန်လမ်းမှန် ကျင့်သုံးတဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုကောင်း ပြုနိုင်တယ်လို့လဲ မစ်စ် Merkel က ပြောခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အနေနဲ့ ဥာဏပစ္စည်းတွေကို အကာအကွယ်ပေးဖို့နဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတဲ့ သူတို့ရဲ့  ဈေးကွက်တွေကို တံခါးဖွင့်တဲ့နေရာမှာ ဒီ့ထက်ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ စီးပွားရေး စာချုပ်တွေထဲမှာ ဂျာမနီက Siemans AG ကုမ္ပဏီနဲ့ တရုတ် Shanghai Electric Group ကုမ္ပဏီတို့ ဖက်စပ်ပြီး ရေနွေးငွေ့နဲ့ သဘာဝဓာတ်ငွေ့  တာပိုင်စက်တွေ ထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာသန်း ၄ ထောင်နီးပါး တန်ဖိုးရှိတဲ့ စာချုပ်အပြင် ဂျာမဏီ Daimler AG နဲ့  တရုတ် Beiqi Foton Motor ကုမ္ပဏီတို့ ကလည်း ထရပ်ကားတွေ ဖက်စပ်ထုတ်လုပ်နိုင်ဖို့ အတွက် အမေရိကန်ဒေါ်လာ သန်း ၁ ထောင်နီးပါတန်ဖိုးရှိတဲ့ စာချုပ်တွေပါဝင်ပါတယ်။
ဝန်ကြီးချုပ် Merkel နဲ့ အတူ ဂျာမဏီက အဓိက ကော်ပိုရေးရှင်းတွေရဲ့ အကြီးအကဲတွေ လိုက်ပါသွားခဲ့တာဖြစ်ပြီး တရုတ်ခရီးစဉ် မတိုင်မီ ရုရှားနိုင်ငံမှာ သမ္မတ Dmitri Medvedev နဲ့ တွေ့ဆုံပြီး အမေရိကန်ဒေါ်လာ သန်းထောင်နဲ့ချီတဲ့ စီးပွားရေး ဖက်စပ်ရေးဆိုင်ရာ စာချုပ်တွေ ချုပ်ဆိုခဲ့ကြပါတယ်။