သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲကြောင့် ဒုက္ခသည် ၃ သောင်းကျော် တရုတ်ဘက်ထွက်ပြေး


ကိုးကန့်ဒေသမှ ထွက်ပြေးလာကြသည့် စစ်ပြေးဒုက္ခသည်များ
ကိုးကန့်ဒေသမှ ထွက်ပြေးလာကြသည့် စစ်ပြေးဒုက္ခသည်များ

မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ထဲက ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တရုတ်အစိုးရက အပစ်အခတ်ရပ်စဲဖို့ အကြိမ်ကြိမ် တောင်းဆိုနေတဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တရုတ်နိုင်ငံဘက်မှာလည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Bill Ide ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းစတင်ခဲ့တဲ့ ကိုးကန့် လူနဲစုတွေနဲ့ မြန်မာအစိုးရတပ်ဖွဲ့အကြားက တိုက်ပွဲတွေကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ မြန်မာပြည်ဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ယူနန်ပြည်နယ်အစိုးရက လူသားချင်းစာနာတဲ့ အကူအညီပေးနေတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying က ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“နယ်စပ်ဒေသ မြန်မာပြည်ဘက်အခြမ်းကနေ ဒုက္ခသည် ၃ သောင်းလောက် တရုတ်ပြည်ဘက်ကို ထွက်ပြေးလာပြီး တရုတ်ပြည်ဘက်မှာ လာခိုလှုံနေကြတယ်လို့ ယူနန် အစိုးရက ပြောပါတယ်။ တရုတ်အစိုးရအနေနဲ့လည်း လူသားချင်းစာနာတဲ့ အနေနဲ့ အစားအသောက်၊ ဆေးဝါးနဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုကို ဟန့်တားတဲ့ပစ္စည်း စတဲ့ လိုအပ်တဲ့ အကူအညီတွေကို ပေးနေပါတယ်။”

အခုထွက်ပြေးလာသူ အရေအတွက်ဟာ ကိုးကန့်တွေကို မြန်မာအစိုးရတပ်တွေက ၂၀၀၉ ခုနှစ်မှာ ထိုးစစ်ဆင် တိုက်ခိုက်တုန်းက အရေအတွက်လောက် ရှိတယ်လို့ နယ်စပ်မှာ ဈေးဆိုင်ဖွင့်ထားတဲ့ Yang ဆို အမျိုးသားက ပြောပါတယ်။

“သူ့မိသားစုဝင် ၁၀ ယောက်လောက် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးသွားတာ မနေ့ညက ဟိုဘက်အခြမ်းကို ရောက်သွားပါပြီတဲ့။ မြန်မာနိုင်ငံဘက်အခြမ်းမှာ အလုပ်လာလုပ်နေကြတဲ့ တရုတ်လူမျိုးတွေလည်း ပြည်မကြီးဘက်ကို ပြန်ပြေးကုန်ကြပြီး အခြေအနေတွေ ပြန်လည် တည်ငြိမ်မှာကို စောင့်ဆိုင်းနေကြတယ်လို့ ပြောသွားတာပါ။”

အခြေအနေတွေ ပိုဆိုးမသွားအောင် ထိန်းသိမ်း လုပ်ဆောင်ကြဖို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying က အခုလို ဆက်ပြောပါတယ်။

“ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးအနေနဲ့ အခြေအနေတွေ ပိုဆိုးမသွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ နယ်စပ်ဒေသမှာ တည်ငြိမ်းအေးချမ်းမှုရှိဖို့နဲ့ အထူးသဖြင့်တော့ တရုတ်နိုင်ငံဘက်အခြမ်းမှာ လုံခြုံရေးကို ထိခိုက်စေမယ့် ကိစ္စတွေ မဖြစ်အောင် ရှောင်ရှားကြဖို့ တရုတ်အစိုးရအနေနဲ့ တောင်းဆိုလိုပါတယ်။”

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ငြိမ်းချမ်းရေး တည်ရှိမှုဟာ တရုတ်နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့အကြောင်း တနင်္လာနေ့ထုတ် အစိုးရပိုင် Global Times သတင်းစာ ခေါင်းကြီးပိုင်းမှာ ရေးသား ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိုးကန့်တွေဟာ တရုတ်တိုင်းရင်းသားတွေ ဖြစ်တာကြောင့် တရုတ်နိုင်ငံအတွင်း ဒီကိစ္စအပေါ် အာရုံစိုက်မှု ပိုများနေပြီး ရုရှားနဲ့ ယူကရိန်းအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Crimea ဒေသလို ဖြစ်လာမလားဆိုတဲ့ မှားယွင်းစွာ ခိုင်းနှိုင်း ပြောဆိုမှုတွေ ထွက်ပေါ်နေတယ်လို့လည်း အဲဒီ ခေါင်းကြီးပိုင်းမှာ ရေးသားထားပါတယ်။

ဒီပဋိပက္ခကြောင့် တရုတ်အစိုးရအနေနဲ့ အခုချိန်မှာ သံတမန်ရေးအရ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် တရုတ် လူမှုအသိုင်းဝိုင်းအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာဖြစ်နေတဲ့ ကိစ္စတွေမှာ ကြားဝင်ပါတာမျိုး မလုပ်ကြဖို့လည်း Global Times သတင်းစာ ခေါင်းကြီးပိုင်းမှာ ရေးသားထားပါတယ်။ အဲဒီလို အစိုးရပိုင်းက ဟန့်တား ပြောဆိုမှုတွေ ရှိနေတဲ့ကြားပဲ ကိုးကန့်လူမျိုးစုတွေဟာ တရုတ်အမိမြေက ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ အွန်လိုင်းပေါ်မှာ ရေးသား ပြောဆိုနေကြပါတယ်။

ကိုးကန့် လူမျိုးစုတွေလို့ဆိုတဲ့ သွေးသံရဲရဲနဲ့ သေဆုံးနေသူတွေရဲ့ အလောင်းတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံတွေ တရုတ်အစိုးရက ဆင်ဆာအဖွဲ့က အင်တာနက်ပေါ်က ဖြုတ်မချခင်အထိ အွန်လိုင်းပေါ်မှာ ခန ပြန့်နှံ့သွားခဲ့ပါတယ်။

အွန်လိုင်းပေါ်က ဓာတ်ပုံတွေကို ဖြုတ်ချလိုက်ပေမယ့် တရုတ်အစိုးရက ဆင်ဆာလုပ်ထားတဲ့ သတင်း၊ ဓါတ်ပုံတွေကို တင်နေတဲ့ FreeWeibo. အင်တာနက် ဝပ်ဆိုက်မှာ ကိုးကန့်လူမျိုး အလောင်း ၃ လောင်းထပ်ပုံကို တက်ကြည့်လို့ ရနေတုန်း ဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ ပဋိပက္ခမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို ကြည့်မနေပဲ တရုတ်အစိုရအနေနဲ့ တရုတ်လူမျိုးလို့ သတ်မှတ်ခံထားရတဲ့ ကိုးကန့်တွေ သတ်ဖြတ်ခံနေရတဲ့ကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ အဲဒီ ဝပ်ဆိုက်မှာ ရေးသား တောင်းဆိုထားပါတယ်။ အဲဒီ ၃ လောင်းထပ်ပုံဟာ ကိုးကန့်တွေဟုတ်တယ် မဟုတ်ဘူးဆိုတာကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ အဲဒီ ဝပ်ဆိုက်မှာပဲ တင်ထားတဲ့ တခြား ရေးသားမှုတခုမှာတော့ - ကိုယ့်အိမ်တံခါးပေါက်ဝမှာ ဖြစ်နေတဲ့ပြဿနာကို မဖြေရှင်းနိုင်ပဲနဲ့

တရုတ်စီးပွားရေးလုပ်ငန်းတွေကို ကူညီမယ်ဆိုပြီး ရေကြောင်း ပိုးလမ်းမကြီးနဲ့ ပိုးလမ်းမကြီးအသစ်တခု တည်ဆောက်ပြီး ကမ္ဘာကို ထိုးဖောက်နိုင်ဖို့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်မယ်လို့ ပြောနေတဲ့ အစိုးရရဲ့လုပ်ရပ်ကို ဘယ်လို ထောက်ခံနိုင်မလဲဆိုပြီး နိုင်ငံခြားရေးဌာနရဲ့ ရပ်တည်ချက်အပေါ် ဝေဖန် ရေးသားထားပါတယ်။ ဒါ့အပြင် ကြားထဲမှာ မြေစာပင်ဖြစ်နေတဲ့ တရုတ်လူမျိုးတွေအတွက်လည်း အာဏာပိုင်တွေက လုံလုံလောက်လောက် ရပ်တည် ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ဝေဖန် ရေးသားထားပါတယ်။

ကိုးကန့်ဒေသမှာ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတာဟာ တရုတ် မန်ဒါရင်းဘာသာစကားနဲ့ Peng Jiashen လို့ခေါ်တဲ့ ဖုန်ကျားရှင်ကြောင့် ဖြစ်တယ်လို့ မြန်မာအစိုးရဘက်ကတော့ အပြစ်ဖို့ထားပါတယ်။ ဖုန်ကျားရှင်ကို တရုတ်ပြည်ဘက်ကနေ အကူအညီပေးနေသူတွေကို တားဆီးပေးဖို့ မြန်မာအစိုးရဘက်က တရုတ်ကို ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

သူ့ရဲ့လက်ထောက်က မြန်မာအစိုးရနဲ့ ပူးပေါင်းသွားတဲ့ ၂၀၀၉ ခုနှစ်ကစလို့ ဖုန်ကျားရှင်ဟာလည်း ထွက်ပြေး တိမ်းရှောင်နေခဲ့ရာက မကြာသေးခင်ကမှ ဒီဒေသကို ပြန်လာပြီး တပ်ဖွဲ့အင်အား ၁၀၀၀ လောက်ကို စုစည်းနိုင်ခဲ့တယ်လို့ လေ့လာသူတွေက ပြောဆိုနေတာပါ။

အခုနှစ်ကုန်ပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေတဲ့ တချိန်ထဲမှာပဲ မြန်မာအစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG