သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြားက မြန်မာ


အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ဖြစ်နေချိန်မှာပဲ တရုတ်နိုင်ငံက ပြည်ပပို့ကုန်လုပ်ငန်းရှင် တချို့က လုပ်ငန်းတွေကို အိမ်နီးချင်း မြန်မာနိုင်ငံထဲ ပြောင်းရွှေ့လာနေကြပါတယ်။ တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာနေတာကြောင့်ရော၊ ကုန်သွယ်ရေးစစ်ပွဲကြောင့်ပါ တရုတ်လုပ်ငန်းရှင်တွေ ဒေသတွင်း နိုင်ငံတွေကို ခြေဦးလှည့်လာနေတဲ့အကြောင်း Reuters သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာပါ။

တရုတ်နိုင်ငံမှာ အလုပ်သမားရှားပါးလာနေပြီး၊ လုပ်ခလစာတွေ တိုးလာတာနဲ့အမျှ ကုန်ထုတ်လုပ်မှုစရိတ် တက်လာတာကြောင့် အမေရိကန်ကို လုံခြုံရေးဝတ်စုံတွေ တင်ပို့နေတဲ့ Yakeda Tactical Gear ကုမ္ပဏီက ဈေးသက်သာမယ့် အရှေ့တောင်အာရှ နိုင်ငံတွေမှာ လုပ်ငန်းတွေ ပြောင်းလုပ်ဖို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစ စဉ်းစားခဲ့ပေမဲ့ လက်တွေ့တော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲလည်း ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တရုတ်နိုင်ငံက ဒေါ်လာဘီလီယံ ၂၀၀ တန်ဘိုးရှိတဲ့ သွင်းကုန်တွေကို အမေရိကန်က အခွန်တွေ တိုးကောက်ရာက၊ Guangzhou အခြေစိုက် သူ့ကုမ္ပဏီက ထုတ်တဲ့ ကျည်ကာဝတ်စုံတွေဟာ ဆိုရင်လည်း အခွန် ၄၂.၆ ရာခိုင်နှုန်းအထိ တက်သွားခဲ့တာပါ။ ဒီအတွက်လည်း အမေရိကန်က အမှာတွေအပေါ် အဓိက အားထားနေတဲ့ လုပ်ငန်းကို မြန်မာနိုင်ငံထဲကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရကြောင်း ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုုပ် အသက် ၄၉ နှစ်အရွယ် Shu Ke'an ကပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၀ လောက်တုန်းက အခွန်တွေ ၁၀ ရာခိုင်နှုန်း တိုးလိုက်တဲ့အချိန်မှာ အမေရိကန်က ဖောက်သည်တယောက်က အခွန်တွေ ၁၀ ရာခိုင်နှုန်း တက်ကုန်ပြီဆိုပြီး ဖုန်းခေါ်ပြီး ပြောပါတယ်။ နောက်တနေ့ပဲ စက်ရုံငှားဖို့ စာချုပ်ချုပ်လိုက်ပါတယ်။ ဒါက ကျနော်တို့အတွက် တကယ့်ကို အခွင့်ကောင်း ဖြစ်ခဲ့ပါတယ်။”

ဒေါ်လာဘီလီယံ ၃၀၀ ကျော် တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန်တွေ တိုးကောက်ဖို့ အမေရိကန်သမ္မတ Donald Trump က ခြိမ်းခြောက်ထားတဲ့ အတွက်လည်း တရုတ်နိုင်ငံက ပြည်ပပို့ကုန်လုပ်ငန်းတွေအတွက် အခြေအနေက သိပ်မကောင်းလှပါဘူး။

“တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲက ဆက်ဖြစ်နေဦးမှာ သေချာပါတယ်။ ကျနော်တို့ ပြည်တွင်းဈေးကွက် အနေနဲ့ကတော့ ရောင်းအားက ကောင်းနေမှာပါ။ တခြားဈေးကွက်တွေ အနေနဲ့ အရှေ့တောင်အာရှနဲ့ ဥရောပတို့ကနေ အမှာတွေ ထပ်ရဖို့ လိုပါတယ်။ အမေရိကန်က မှာတဲ့သူတွေအတွက်ကတော့ လုပ်ငန်းတွေအားလုံးကို အရှေ့တောင်အာရှ နိုင်ငံတွေမှာပဲ ပြောင်းလုပ်ရမှာပါ။”

တကယ်တော့ မကြာသေးခင်နှစ်တွေကစလို့ တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုစရိတ် တက်လာနေတဲ့အတွက် လုပ်ငန်းတော်တော်များများဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းရွှေ့ လုပ်ကိုင်လာနေကြတာပါ။ အခုအချိန်မှာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာနေတာနဲ့အမျှ မြန်မာနိုင်ငံ အပါအဝင် တခြားဒေသတွင်း နိုင်ငံတွေကို လုပ်ငန်းတွေ တိုးချဲ့လာမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ Yakeda ကုမ္ပဏီရဲ့ အလုပ်သမား ၂၀၀ လောက်ရှိတဲ့ Guangzhou မြို့က စက်ရုံမှာတော့ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပက ဖောက်သည်တွေအတွက် ထုတ်လုပ်နေပြီး ရန်ကုန်မှာ ဒီဇင်ဘာလကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ အလုပ်သမား ၆၀၀ လောက်ရှိတဲ့ စက်ရုံကတော့ မြန်မာနိုင်ငံကို ကုန်သွယ်ရေးအထူးခံစားခွင့်အဖြစ် ကုန်စည် ၅ ထောင်လောက်ကို အခွန်လွတ်ပေးထားတဲ့ အမေရိကန်အတွက် အဓိက ထုတ်လုပ်ပေးနေပါတယ်။ စက်ရုံမှာတော့ တရုတ်နိုင်ငံက ကုန်ကြမ်းတွေကို စစ်သုံးကျောပိုးအိတ်၊ သေနတ်အိတ်စတဲ့ လုံခြုံရေးသုံး ပစ္စည်းတွေကို မြန်မာနိုင်ငံထုတ် ပစ္စည်းတွေအဖြစ် ထုတ်လုပ် တင်ပို့နေတာပါ။ မြန်မာဝန်ထမ်းတဦးဖြစ်တဲ့ မမာလာချို ကတော့ ဒီလိုကုန်ထုတ်လုပ်ငန်းမျိုးတွေ မြန်မာနိုင်ငံကို ပိုဝင်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“စက်ရုံကတော့ အော်ဒါတွေလည်းအရမ်းများတယ်။ ပြီးတော့ ပို့နေတဲ့ နိုင်ငံတွေကလည်း အမေရိကန်တို့ ဥရောပတို့ကို ပို့နေတာလေ။ အဲဒါကြောင့်မို့လို့ အနာဂတ်ကကောင်းတာပေါ့ ပြီးတော့ ဒီစက်ရုံကလည်း တနှစ်အတွင်းမှာ အရမ်းကိုအောင်မြင်လာတယ် ဒီထက်ပိုပြီးတော့လည်း တိုးတက်အောင်မြင်ဖို့ရှိတာပေါ့။ ဒါကြောင့်မို့ ဒီလိုမျိုးစက်ရုံတွေလည်း မြန်မာပြည်ကို အများကြီး ဝင်လာစေချင်ပါတယ်။”

နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတာကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ကန့်သတ်မှုတွေနဲ့အတူ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ တွန့်ဆုတ်နေချိန်မှာပဲ တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေကတော့ မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတာပါ။ ပြီးခဲ့တဲ့ ဧပြီလအထိ တနှစ်အတွင်း အတည်ပြု လက်ခံပေးထားတဲ့ တရုတ်လုပ်ငန်းတွေရဲ့ ပမာဏဟာ ဆိုရင်လည်း ဒေါ်လာ ၅၈၅ သန်းအထိ ရှိခဲ့ကြောင်းလည်း မြန်မာအစိုးရက တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG