သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာနယ်စပ်ဂိတ် ပိတ်မှုကြောင့် ကုန်သွယ်ရေးနစ်နာ


မြန်မာဘက်ခြမ်းက ပိတ်လိုက်တယ်ဆိုတဲ့ တရုတ်မြန်မာ နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်မြင်ကွင်း။
မြန်မာဘက်ခြမ်းက ပိတ်လိုက်တယ်ဆိုတဲ့ တရုတ်မြန်မာ နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်မြင်ကွင်း။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ဆေးရေးတင်းကျပ် တာ၊ အဲဒီကနေ မူဆယ် ၁၀၅ မိုင်ဂိတ်ကို မြန်မာဘက်က ပိတ်လိုက်တာ စတဲ့ဖြစ်ရပ်တွေကြောင့် နစ်နာ ဆုံးရှုံးမှုတွေနဲ့ ကြုံကြရပါတယ်။ ဒီလို အခြေအနေတွေနဲ့ မကြုံရစေဖို့အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် ရေး အဆင်ပြေချောမွေ့စေအောင် နိုင်ငံတော်အဆင့်က ဆွေးနွေးအဖြေရှာဖို့ နယ်စပ်ဒေသ ကုန်သည်တွေက လိုလားကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲ ဝင်ထွက်သွားလာသူတွေကို တရုတ်နိုင်ငံရဲ့ လုံခြုံရေးကိုအကြောင်းပြပြီး တင်းတင်း ကျပ်ကျပ် စစ်ဆေးတာကြောင့် အခက်အခဲတွေ ကြုံခဲ့ကြရပြီးတဲ့နောက် တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ၁၂၂ က မူဆယ် ၁၀၅ မိုင်၊ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ လုံးဝပိတ်ပစ် လိုက်တာကြောင့် ငါးရှဉ့်၊ ဖရဲ၊ သခွားနဲ့ သစ်သီးတင်ကားတွေ ထောင်နဲ့ချီပိတ်ဆို့သွားပြီး ဆုံးရှုံးပျက်စီးမှုတွေ ကြုံခဲ့ကြရတာပါ။

ဒီဂိတ်ကနေ ဝင်ထွက်သွားလာတဲ့ မြန်မာနိုင်ငံသားတွေကို လက်ဗွေယူတာ၊ လူတိုင်းစေ့စစ်ဆေးတာတွေကို ပိုပြီး ကြပ်မတ် သွားမယ်လို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ ပြည်ပရေးရာဌာနက မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်သည် အသင်းကို ဒီလ ၂၀ ရက်နေ့မှာ စာပေးပို့ အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာကုန်သည်တွေက ကုန်စည်တွေကို တရုတ်ပြည်ထဲထိ လိုက်ပို့ရတာဖြစ်လို့ စစ်ဆေးရေးဂိတ်မှာ အချိန် ကြန့်ကြာမှုတွေရှိတဲ့ အတွက် အဆင်မပြေ ဖြစ်ကြရပါတယ်။

တရုတ်ဘက်က ကြန့်ကြာမှုတွေဖန်တီးတာက ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းတွေဖြစ်တယ်လို့ ကုန်သည် တွေက မြင်ပါတယ်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်ရေးဆိုင်ရာမညီမျှမှုတွေကို ဖြေလျှော့သင့် တယ်လို့ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်းနာယက ဦးဌေးဦးကပြောပါတယ်။

“အထက်အစီအစဉ်အရပိတ်တာပဲဖြစ်မယ်။ ကုန်သွယ်မှုဆိုင်ရာတော့မဟုတ်ဘူးလေ။ နှစ်ဘက်စလုံးက သာတူ ညီမျှ အခွင့်အရေးတွေရမှပဲ အဆင်ပြေမှာပေါ့။ သာတူညီမျှ အခွင့်အရေးတွေမရဘဲနဲ့ တဘက်စောင်းနင်း သူတို့ကဒီဘက်ကိုလာရတာလွယ်တယ်၊ ဘာတွေလာလာ လွယ်တယ်ပေါ့ဗျာ ကုန်ပစ္စည်းတွေ ကျွန်တော်တို့ ဘက်ကျ လူဝင်တာကအစ အခက်အခဲတွေမျိုးစုံရှိတာပေါ့လေ။ မှတ်တမ်းတင်တာ၊ မျက်လုံး scan ဖတ်တာတို့ လက်ဆယ်ချောင်းလုံး scan ဖတ်တာတို့ အဲဒါတွေကအစ လူဝင်မှုကို ဘယ်လိုခေါ်မလဲ စေ့စေ့စပ်စပ်နဲ့ မှတ်တမ်းလည်းတင် ထားတဲ့သဘောပေါ့။ လူတစ်ယောက်ရဲ့ အချက်အလက်တွေကိုလေ။ အရေးကြီး တာကတော့ စီးပွားရေး ဟိုဘက် ကုန်သွယ်မှုဆိုင်ရာ မညီမျှမှုပေါ့။ မညီမျှမှုမှာ အဲဒါမျိုး အဓိက ဖြစ်တာပေါ့လေ။ မညီမမျှတာဖြစ်တာ။”

တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ သာတူညီမျှ မရှိတာ၊ ကုန်စည်စီးဆင်းမှုမချောမွေ့တာတွေကို တုံ့ပြန်တဲ့အနေနဲ့ ကျင်စန်းကျော့ဂိတ်ကို မြန်မာဘက်ကပိတ်လိုက်တဲ့အပေါ်မှာ ရေရှည်အတွက်ရလာဒ်တခု ထွက်လာနိုင်တယ်လို့ ကုန်သည်တွေကခန့်မှန်းပြီး ကြိုဆိုတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အစိုးရချင်းညှိနှိုင်းဆွေးနွေး အဖြေရှာ သင့်ပြီလို့ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောပါတယ်။

“အခုအနေအထားကျတော့ ကျင်စန်းကျော့ဂိတ်ဆိုတာဟာ ကျနော်တို့မြန်မာဘက်က တရားဝင်အသိအမှတ် မပြုသေးဘူးလေ။ MOU (အစိုးရချင်းနားလည်မှု) ထိုးထားတာလည်းမဟုတ်တော့ ကျင်စန်းကျော့ဂိတ်ဆိုတာ လည်း တရားဝင်ဂိတ်မဟုတ်သေးတော့ တရုတ်ဘက်ကပြုသမျှ နုနေရတာပေါ့။ အဲဒီဟာက တရုတ်ဘက်က ကုန်သည်တွေ အဓမ္မလုပ်တော့ ဆက်ဆံရေးကအစ ဆိုးရွားသွားတာ အောက်ပိုင်းအခြေအနေတွေမှာ။ အဲဒီတုံ့ပြန်မှုအနေနဲ့ပြောရမယ်ဆိုရင်လောလောဆယ် ဒီအခြေအနေကိုရောက်နေပြီ၊ ကုန်သည်တွေအနေနဲ့ ကတော့ ဒါကိုပိတ်လိုက်တာကိုတော့ လက်ခံပါတယ်။ လက်ခံပေမဲ့လည်း ဒါကဆိုးဆိုးရွားရွား အကျိုးဆက်တွေ ကတော့ ရင်းနှီးပြီး လက်ခံရတာပေါ့လေနော့။”

မူဆယ်-နမ့်ခမ်းကုန်သည်အသင်းတာဝန်ရှိသူတွေက ဝမ်တိန်မြို့တော်ဝန်နဲ့သွားရောက်တွေ့ဆုံခဲ့ပြီး ညှိနှိုင်းခဲ့တဲ့ အတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ သစ်သီးကားတွေ ကြူကုတ်-ပန်ဆိုင်းလမ်းကလှည့်ပြီး ဝမ်တိန်ဂိတ် ကတဆင့် တရုတ်ဘက်ကို တဖြည်းဖြည်းသွားနေပြီလို့ ကုန်သည်တချို့ကပြောပါတယ်။ အဲဒီဂိတ်မှာလည်း တရုတ်ဘက်က စစ်ဆေးတာမှာ ကြန့်ကြာမှုတွေ ရှိနေဆဲပဲလို့ ကုန်သည်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG