သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူလျှိုလုပ်ရပ် တရုတ်အစိုးရ တိုးမြှင့်နှိမ်နင်း


နိုင်ငံခြားသားသူလျှိုအန္တရာယ်ကို သတိထားကြဖို့ အများပြည်သူသတိပေးချက်ထုတ်ပြန်ထားတဲ့ ပိုစတာ တခု အရှေ့ မြင်ကွင်း။
နိုင်ငံခြားသားသူလျှိုအန္တရာယ်ကို သတိထားကြဖို့ အများပြည်သူသတိပေးချက်ထုတ်ပြန်ထားတဲ့ ပိုစတာ တခု အရှေ့ မြင်ကွင်း။

တရုတ်နိုင်ငံမှာ အဆင့်မြင့် သူလျှိုထောက်လှမ်းမှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့လတွေတွင်း အရှိန်မြင့်လုပ်ဆောင်လာတဲ့အထဲ ရာဇဝတ်မှုနှစ်ခုကို စီရင်ချက်ချခဲ့တာနဲ့အတူ နိုင်ငံခြားသားသူလျှိုတွေရဲ့ အန္တရာယ်ကို သတိထားကြဖို့ အများပြည်သူသတိပေးချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ကွန်ပျူတာနည်းပညာရှင် Huang Huang ကို နိုင်ငံခြားကသူလျှိုတွေကို အကူအညီပေးမှုနဲ့ တရုတ်အစိုးရက သေဒဏ် ချမှတ်ခဲ့တာပါ။ ဒီ့အရင် တလတုန်းကလည်း မြောက်ကိုရီးယားနဲ့နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းမှာ ကဖေးဆိုင်တခုဖွင့်ထားတဲ့ ကနေဒါနိုင်ငံသားတဦးကို တရုတ်အစိုးရရဲ့ လျှို့ဝှက် အချက်အလက်တွေကို ထောက်လှမ်း ခိုးယူမှုနဲ့ တရားစွဲဆိုထားတဲ့အကြောင်း တရုတ်အစိုးရ ကြေညာထားပါတယ်။

Huang ကို ပြစ်ဒဏ်ချမှတ်တဲ့နေ့ဟာ တရုတ်နိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ နိုင်ငံတော် လုံခြုံရေး အသိပညာပေးနေ့ နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ကွန်ပျူတာ အွန်လိုင်းပေါ်က အချက်အလက်တွေ လုံခြုံရေး အထူး လုပ်ဆောင်ပေးတဲ့ နည်းပညာကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ Huang ဟာ ၂၀၀၂ ခုနှစ် ကနေ ၂၀၁၁ ခုနှစ်တွင်း ဘယ်နိုင်ငံခြားတိုင်းပြည် ဆိုတာကို ဖော်ပြမထားတဲ့ နိုင်ငံတခုကို အရေးပါတဲ့ အချက်အလက်တွေ ထောက်ပံ့ပေးခဲ့ပြီး ဒေါ်လာ ၇ သိန်း ရခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာန CCTV မှာ ဖော်ပြထားပါတယ်။

Huang ရဲ့မိခင်ဖြစ်သူနဲ့ ယောက်ဖ တို့ကိုလည်း သူ့ကို ကူညီအားပေးမှုနဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။ Huang အပေါ် ပြစ်ဒဏ်ချမှတ်မှုနဲ့ အခုလို တရုတ်အစိုးရရဲ့ သူလျှိုထောက်လှမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ နိုင်ငံခြားသားတွေ အပေါ် မုန်းတီးစိတ်တွေ ပိုပြီး များလာအောင် လုပ်ဆောင်ရာကျတယ်လို့ လူအခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က တရုတ်သုတေသီ William Nee က ပြောပါတယ်။

XS
SM
MD
LG