သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘဏ္ဍာရေးကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် ထိန်းချုပ်မှု ဖျက်သိမ်းကြောင်း တရုတ်ကြေညာ


တရုတ် ဝန်ကြီးချုပ် Li Keqiang (ဇူလိုင်၊ ၀၄၊ ၂၀၁၉)

တရုတ်နိုင်ငံ အနေနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုအပေါ် ထိန်းချုပ်တာတွေကို ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ် Li Keqiang က ကြေညာလိုက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အဓိက စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြီး တခုကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်အရောက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ရင်းနှီးမြှုပ်နှံရေး စာချုပ်စာတမ်းတွေ၊ အနာဂတ် အရောင်းအဝယ် စာချုပ် စာတမ်းတွေ၊ အသက်အာမခံ ပိုင်ဆိုင်မှုတွေကို လုံးဝ ဖျက်သိမ်းပေးနိုင်မှာ ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ နွေရာသီ Davos ဆွေးနွေးပွဲမှာ မစ္စတာ(လီ)က ပြောကြားသွားတာပါ။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ခရီးဝေး ဆက်သွယ်ရေး ဝန်ဆောင်မှုနဲ့ သယ်ယူပို့ဆောင်ရေး ဈေးကွက်တွေကို ဝင်ပြိုင်နိုင်မယ့် ကန့်သတ်ချက် တွေကိုလည်းပဲ လျော့ချသွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဒီကြေညာချက်တွေဟာ တရုတ်နိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ချဲ့ထွင်ရေးနဲ့ တရုတ်ဘဏ္ဍာရေး ကဏ္ဍကို နိုင်ငံတကာဈေးကွက်နဲ့ ပိုပြီး နီးကပ်စေအောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးနောက် ပေါ်ထွက်လာပုံ ရပါတယ်။ တချို့သုံးသပ်သူတွေကတော့ ဒါဟာ ကုန်သွယ်ရေးစစ်ပွဲ ပြေလည်မှု ရစေရေးအတွက် တရုတ်ဘက်က လိုက်လျောညီထွေ လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်ချက်ကို တုံ့ပြန် လုပ်ဆောင်နေတာလို့လည်း သုံးသပ်ကြပါတယ်။

ကုန်သွယ်ရေး အငြင်းပွားမှု ပြေလည်လိမ့်မယ်လို့ မျှော်လင့်ချက်တွေ ထွက်ပေါ်စေခဲ့တဲ့ ပြီးခဲ့တဲ့လ ဂျပန် G-20 ထိပ်သီးညီလာခံမှာ တရုတ်သမ္မတနဲ့ အမေရိကန် သမ္မတတို့ တွေ့ဆုံခဲ့ကြပြီးနောက် ဝန်ကြီးချုပ်လီရဲ့ အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG