သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး ဖွံဖြိုးမှုနှုန်း တက်လာမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း


ကမ္ဘာ့ဘဏ် World Bank

မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ဒီနှစ် ၂၀၁၉ နဲ့ လာမယ့် ၂၀၂၀ ခုနှစ်တွေမှာ အနည်းငယ် ပြန်တက်လာနိုင်တဲ့အကြောင်း ကမ္ဘာ့ဘဏ် World Bank က ခန့်မှန်းပါတယ်။ စီးပွားရေး တိုးတက်မှုနှုန်းကို ထိန်းထားနိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အလေးထား ဆောင်ရွက်သင့်တဲ့ အချက်တွေကိုလည်း ကမ္ဘာ့ဘဏ်က အကြံပြုခဲ့ပါတယ်။ မြန်မာအပါအ၀င် အရှေ့အာရှနဲ့ ပစိဖိတ်နိုင်ငံတွေက စီးပွားရေး အခြေအနေတွေကို လေ့လာသုံးသပ်တဲ့ အစီရင်ခံစာတင်ပြတဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုဇော်ထက်က အပြည့်စုံ တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းပြည်ပ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုတွေကို စွဲဆောင်နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ သတ်မှတ် ပြဋ္ဌာန်းတာ၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေချမှတ် လုပ်ဆောင်လာတာကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း အလားအလာ ကောင်းတချို့ ရှိလာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။

မကြာသေးခင်ကစပြီး ပြုပြင်ပြောင်းလဲလာတဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေရဲ့ တွန်းအားကြောင့် မြန်မာ့နိုင်ငံရဲ့ GDP (ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး) ဟာ အခုနှစ်နဲ့ လာမယ့်နှစ်မှာ ၆.၅ ရာခိုင်နှုန်းနဲ့ အလယ်အလတ်နှုန်းရှိနိုင်ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ပိုမို စွဲဆောင်နိုင်ဖွယ်ရှိတဲ့အကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

စီးပွားရေး အခြေအနေတွေ ဆက်ပြီး အားကောင်းလာဖို့ အတွက်မှာတော့ အခြေခံအဆောက်အအုံနဲ့ လူသားစွမ်းအင် အရင်းအမြစ်တွေ ဖွံ့ဖြိုးလာအောင် လုပ်ဖို့ အရေးကြီးတဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေး ပညာရှင်အကြီးအကဲ Andrew Mason က သုံးသပ်ပြောဆိုပါတယ်။

“စီးပွားရေး ၀န်းကျင်ကောင်းတခု ခိုင်ခိုင်မာမာ ဆက်လက်ထားရှိနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်ထားနိုင်မယ့် နည်းလမ်းတွေ ချမှတ်ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။ ကုန်ထုတ်လုပ်မှုအားတွေ တိုးတက်လာအောင် လုပ်ရပါမယ်။ ဒီနည်းနဲ့ ငွေကြေးအရင်းအမြစ်တွေ များလာအောင်လုပ်ပြီး ဒါတွေကို ထိထိရောက်ရောက် ပြန်လည် အသုံးချရမှာပါ။ ဒီနေရာမှာ - လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ဖို့ဆိုတာကိုပဲ ပြောရပါလိမ့်မယ်။ ဒါက ရေရှည် ရင်းနှီးမြှုပ်နှံမှုပါ။ အလယ်အလတ်အောက် ၀င်ငွေရှိတဲ့ စီးပွားရေးကနေ ဒီ့ထက်ပိုတဲ့ အလယ်အလတ်အထက် ၀င်ငွေရှိတဲ့ စီးပွားရေးတရပ်ဖြစ်လာဖို့မှာ အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ရှိလာဖို့အတွက် အခြေခံလိုအပ်တဲ့ အစာအာဟာရ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စာသင်ကျောင်းတွေမှာ အခြေခံလေ့လာသင်ကြားနိုင်မှုတွေ ပေးနိုင်ဖို့လိုပါတယ်။”

မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှနဲ့ ပစိဖိတ်နိုင်ငံတွေက စီးပွားရေးအခြေအနေတွေကို လေ့လာစမ်းစစ်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်တာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ အလေးထား လုပ်ဆောင်သင့်တယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်လာနေတာမှာ စိန်ခေါ်မှုတွေ အများအပြား ဆက်ရှိနေတုန်းပဲလို့လည်း မစ္စတာ Mason က ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အခြေခံ အဆောက်အအုံ နဲ့ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရတဲ့အပိုင်းတွေမှာ အရေးပါတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာ ရှိပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒီအစီရင်ခံစာထဲမှာ မီးမှောင်း ထိုးပြထားပါတယ်။ ဒီနေရာမှာ အဓိက အရေးကြီးတဲ့အစိတ်အပိုင်းကတော့ အစိုးရဘဏ္ဍာငွေ တိုးလာအောင်လုပ်ဖို့ လိုပါတယ်။ ပုံမှန် ဘဏ္ဍာငွေ ရှိအောင်လုပ်ပြီး ထိထိရောက်ရောက် ပြန်လည် သုံးစွဲဖို့လိုပါတယ်။ ဒါက အလေးထားဆောင်ရွက်ရမယ့် ကိစ္စတခုပါ။ ဒုတိယအရေးကြီးတဲ့ ကိစ္စတခုကတော့ - ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုကောင်းမွန်လာအောင် လုပ်ရမယ့်ကိစ္စပါ။ မြန်မာနိုင်ငံမှာ မကြာခင်ကစလို့ အထူးသဖြင့် ဘဏ္ဍာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာ ကျနော်တို့သိပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ဆက်စပ်လုပ်ကိုင်နိုင်မယ့် ဘဏ်လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းတွေ လမ်းပွင့်လာတာရှိသလို၊ ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်မယ့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတော်များများ လုပ်ဆောင်လာတာတွေ တွေ့ရပါတယ်။”

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ၆.၈ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ ၆.၂ ရာခိုင်နှုန်း ကို ကျဆင်းသွားခဲ့တဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးတက်လာနိုင်ဖွယ် ရှိနေတာကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာတော့ စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ် ပြန်တက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာပါ။ ဒါပေမဲ့လည်း တိုင်းပြည်တွင်း နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ကျဆင်းလာနေတာရဲ့ ရိုက်ခတ်မှုတွေကတော့ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုတွေအဖြစ် ဆက်ပြီးရှိနေနိုင်သေးတဲ့အကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ သုံးသပ် ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG