သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံခြားကြွေးမြီ ပြဿနာ


myanmar dollar
နိုင်ငံခြား ကြွေးမြီပြဿနာ
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

မြန်မာပြည်ဟာ အကြွေးနွံထဲမှာ နစ်နေတဲ့အတွက် အကြွေးနွံကို ဖယ်ရှားပြီး အကြွေးဖိစီးမှုမရှိရအောင် အတန်တန်ကြိုးပမ်းနေရတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက လွန်ခဲ့တဲ့ ဒီဇင်ဘာလ (၁) ရက်နေ့က ရန်ကုန်မြို့ မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့ကုန်သွယ်ရေးပွဲတော်မှာ ပြောသွားပါတယ်။ ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း တစ်သောင်းကျော် ရှိတာကို ပြည်သူ့ငွေစာရင်းကော်မတီ အစီရင်ခံစာမှာ ဖော်ပြကြောင်း သိရပါတယ်။ ဒီအတောအတွင်း ဒေါ်လာငွေတန်းဖိုးတက်လာပြီး ကျပ်ငွေတန်းဖိုး ကျဆင်းနေတာကြောင့် ပေးဆပ်ရမယ့် အကြွေးပမာဏဟာ (၅၀) ရာခိုင်နှုန်းလောက် တိုးပွားလာသလို ဖြစ်နေပါတယ်။

နိုင်ငံခြားချေးငွေနဲ့ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေ မပြီးမပြတ်၊ မအောင်မမြင် ဖြစ်နေရင် အကြွေးနွံထဲမှာ နစ်နေဦးမှာပဲလို့ ဝန်ကြီးဦးစိုးဝင်း က ပြောဆိုပါတယ်။ နိုင်ငံခြားကြွေးမြီ ဒေါ်လာသန်းတစ်သောင်းကျော်ထဲမှာ တရုတ်ကို ပြန်ဆပ်ရမှာက သန်း (၄၀၀၀) ကျော် ဖြစ်ပါတယ်။ တရုတ်အကြွေး (၉၇) ရာခိုင်နှုန်းဟာ စစ်အစိုးရလက်ထက်က အတိုး (၄.၅) ရာခိုင်နှုန်းနဲ့ ချေးယူခဲ့တဲ့ ငွေတွေဖြစ်ပြီး အခုပြန်ဆပ်ရမယ့် အချိန်ရောက်နေပါပြီ။ ပြည်ပချေးငွေထဲမှာ တရုတ်ရဲ့  ချေးငွေဟာ အတိုးအများဆုံး ဖြစ်နေတဲ့အတွက် တရုတ်အကြွေးကို အမြန်ဆုံးပြန်ဆပ်ဖို့ လွှတ်တော်မှာ ဆွေးနွေးကြပါတယ်။

ငွေချေးတဲ့အခါမှာ တရုတ်က စီးပွားရေး ဦးတည်ချက်သာမကဘဲ နိုင်ငံရေးရည်ရွယ်ချက်ကိုပါ ထည့်သွင်းစဉ်းစားတယ်လို့ သုံးသပ်ကြပါတယ်။ အကြွေးပြန်ဆပ်နိုင်မယ့် အလားအလာ နည်းပေမယ့် သဘာဝသယံဇာတကြွယ်ဝတဲ့ နိုင်ငံဆိုရင် တရုတ်က ငွေထုတ်ချေးဖို့ အသင့်ပဲလို့ ဆိုပါတယ်။ တရုတ်ရဲ့  ရပ်ဝန်းလမ်းကြောင်း စီမံကိန်းမှာ ပါဝင်နေတဲ့ နိုင်ငံပေါင်း (၆၈) နိုင်ငံမှာ (၂၃) နိုင်ငံဟ တရုတ်ကြွေးမြီ ဖိစီးတဲ့ဒဏ်ကို ခံနေရတယ်လို့ လွန်ခဲ့တဲ့နှစ် ဧပြီ (၁၆) ရက်နေ့ထုတ် Nikkei Asian Review မှာ ဖော်ပြထားပါတယ်။ စစ်အစိုးရ ချေးယူခဲ့တဲ့ တရုတ်ကြွေးမြီဟာ NLD အရပ်သားတပိုင်း အစိုးရ ဖြေရှင်းရမယ့် ပြဿနာလို ဖြစ်နေပါတယ်။ စစ်အစိုးရ ခွင့်ပြုချက်နဲ့ တည်ဆောက်ခဲ့တဲ့ မြစ်ဆုံဆည်မှာ တရုတ်က ဒေါ်လာသန်း (၈၀၀) ရင်းနှီးထားတာကို အရင်းရော အတိုးပါ ပြန်ဆပ်မယ့် ပြဿနာကိုလည်း ဖြေရှင်းဖို့ လိုပါတယ်။

နိုင်ငံခြားကြွေးမြီ အလွန်များလာတာဟာ တိုင်းပြည်စီးပွားရေး ထိခိုက်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အကြွေးစုပြုံလာတဲ့ အခြေအနေကို မရောက်ဘဲ ကတိပေးထားတဲ့အတိုင်း အတိုးမှန်မှန်ဆပ်နိုင်ရင် “ကြွေးဆပ်နိုင်ရည်” ရှိတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က သတ်မှတ်ထားပါတယ်။ နိုင်ငံခြားကြွေးမြီဟာ တိုင်းပြည်ပို့ကုန်တန်းဖိုးနဲ့ တူညီလာပြီး တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့  (၃၀) ရာခိုင်နှုန်း ဖြစ်လာရင် ကြွေးဖိစီးလာပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့  ကြွေးမြီဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့  (၁၆) ရာခိုင်နှုန်းသာရှိနေပြီး ကြွေးမြီစုစုပေါင်းကတော့ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့  (၃၅) ရာခိုင်နှုန်း ရှိနေတဲ့အတွက် ကြွေးဖိစီးမှု Debt Distress ဖြစ်နိုင်တဲ့ အခြေအနေမရှိဘူးလို့ IMF ငွေကြေးရန်ပုံငွေအဖွဲ့က သုံးသပ်ပါတယ်။

ဝင်ငွေနည်းတဲ့ နိုင်ငံတရာကျော်ဟာ တရုတ်ဆီက ငွေချေးထားပါတယ်။ ပြန်မဆပ်နိုင်ရင် တရုတ်က ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်သေးပါဘူး။ ငွေမရရင်ပစ္စည်း (သို့မဟုတ်) အခွင့်အရေးကိုယူမယ့်သဘော ရှိပါတယ်။ သီရိလင်္ကာအစိုးရရဲ့  ‘ဟန်ဘန်တိုတာ’ ဆိပ်ကမ်းစီမံကိန်းကို တရုတ်ချေးငွေနဲ့ တည်ဆောက်ပြီး စီးပွားရေးတွက်ချေမကိုက်ဘဲ အကြွေးထူလာလို့ ဆိပ်ကမ်းတခုလုံး တရုတ်လက်ထဲ ထိုးအပ်လိုက်ရပါတယ်။ ဒီဆိပ်ကမ်းကို တရုတ်က (၉၉) နှစ်ချုပ် ကိုင်ခွင့်ရသွားပါတယ်။ သဘာဝသယံဇာတ မရှိဘဲ လူဦးရေးတစ်သန်းမပြည့်တဲ့ “ဂျီဘိုးတီ” နိုင်ငံလေးကို တရုတ်က ဒေါ်လာသန်းထောင်ချီ ထုတ်ချေးပြီး စစ်စခန်းတည်ဆောက်ခွင့်ရသွားပါတယ်။ အာဖရိကအရှေ့ ပိုင်း အေဒင်ပင်လယ်ကွေ့က မဟာဗျူဟာကျတဲ့ နေရာဖြစ်လို့ တရုတ်အတွက် ငွေချေးရကျိုးနပ်တယ်လို့ သုံးသပ်ကြပါတယ်။

ပါကစ္စတန်-တရုတ် စီးပွားရေးစင်္ကြန်ဟာ မြန်မာအတွက် သင်ခန်းစာကောင်းတခု ဖြစ်နိုင်ပါတယ်။ ဒေါ်လာသန်းထောင်ချီပြီးစခဲ့တဲ့ ပါကစ္စတန်-တရုတ် စီးပွားရေးစင်္ကြန်ဟာ သန်းခြောက်သောင်းကျော်အထိ ကုန်ကျသွားပါတယ်။ စင်္ကြန်ရဲ့  သော့ချက်ဖြစ်တဲ့ ဂွာဒါရေနက်ဆိပ်ကမ်းကို ၂၀၁၅ မှာ တရုတ်က (၄၃) နှစ် ချုပ်ကိုင်ခွင့် ရသွားပါတယ်။ ဆိပ်ကမ်းဝင်ငွေ (၉၀) ရာခိုင်နှုန်းကို တရုတ်က ရရှိသွားပါတယ်။ ရှင်းဂျန်ပြည်နယ်နဲ့ ဆက်သွယ်တဲ့ ဂွာဒါရေနက်ဆိပ်ကမ်းဟာ တရုတ်အတွက် အရေးပါသလို ယူနန်နဲ့ ဆက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာလည်း တရုတ်မဟာဗျူဟာမှာ အလွန်အရေးကြီးပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နဲ့ ပိုးလမ်းမသစ် အစီအစဉ်ကြောင့် မြန်မာအစိုးရဟာ တရုတ်ကြွေးမြီပိလာတဲ့ အခြေအနေကို ရောက်သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ စီမံကိန်းတွေ ကျယ်ပြန့်လာလေလေ အကြွေးတင်တဲ့ ပမာဏလည်း ကြီးမားလာလေလေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့  နှစ်စဉ်အသားတင် ထုတ်လုပ်မှုဟာ ကြွေးတင်တဲ့နှုန်းထက် မြင့်မားနေရင်တော့ အကြွေးဖိစိးမှုကို ကြုံတွေ့ဖွယ်ရာ အလားအလာ မရှိပါဘူး။ ပြည်ပကြွေးမြီများလာပေမယ့် အတိုးပေးဆပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ကြွေးမဆပ်နိုင်ရင်တော့ ကြွေးရှင်လိုချင်တာကို ပေးရမယ့် အခြေအနေ ရောက်သွားနိုင်ပါတယ်။

XS
SM
MD
LG