ခါကာဘိုရာဇီတောင်ထိပ်မှာ ပျောက်ဆုံးနေတဲ့ မြန်မာတောင်တက်သမား ၂ ဦးတို့ကို ကယ်ဆယ်ရေးအတွက် ဒီကနေ့မှာဘဲ တရုတ်နိုင်ငံရဲ့ အကြီးဆုံး အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့တခု ပူတာအိုမြို့ကို ရောက်သွားပါပြီ။ ပျောက်ဆုံး တောင်တက်သမားတွေကို ရှာဖွေရေး လုပ်ငန်းစဉ်ကတော့ ရာသီဥတု ကြမ်းတမ်းလှတာကြောင့် တောင်ခြေရှိရာကိုတောင် မရောက်နိုင်သေးတာမို့ ဒီတောင်တက်သမားတွေကို ရှာဖွေနိုင်ရေး တခြား နည်းလမ်းတွေများ ရှိနိုင်သေးလား ဆိုတာတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
တက္ကသိုလ် ခြေလျင်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းရဲ့ ခါကာဘိုရာဇီ တောင်တက်အဖွဲ့က အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့စီမံခန့်ခွဲသူတို့ ပေပေါင်း ၂ သောင်းနီးပါးရှိတဲ့ ခါကာဘိုရာဇီ ရေခဲတောင်ထိပ်မှာ ပျောက်ဆုံးနေတာဟာ သီတင်း၂ ပတ်ရှိသွားပြီ ဖြစ်ပါတယ်။ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ခါကာဘိုရာဇီ တောင်ထိပ်ကို မြန်မာနိုင်ငံသားတွေချည်း ပါဝင်တဲ့ တောင်တက်အဖွဲ့အနေနဲ့ ပထမဆုံး ခါကာဘိုရာဇီတောင်ထိပ်ကို သြဂုတ်လ ၃၁ ရက်နေ့က အောင်အောင်မြင်မြင် ခြေချနိုင်တဲ့ပြီလို့ တောင်ခြေကအဖွဲ့နဲ့ စကားပြောစက်နဲ့ အဆက်အသွယ်ရခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တဲ့တာ ဖြစ်ပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေကို တက္ကသိုလ် ခြေလျင်တောင်တက်အသင်း၊ ထူးဖောင်ဒေးရှင်းနဲ့ ဒေသအာဏာပိုင်တို့ ပူးပေါင်း လုပ်ဆောင်နေတဲ့ နောက်ဆုံး အခြေအနေကိုတော့ တက္ကသိုလ် ခြေလျင်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းရဲ့ အမှုဆောင်တဦးဖြစ်သူ ဦးထွန်းလှအောင်က အခုလို ပြောပါတယ်။
“ကယ်ဆယ်ရေးအခြေအနေကတော့ ရာသီဥတု အခြေအနေ ပေးတဲ့အချိန်မှာပဲ ရဟတ်ယာဉ် ၂ စင်းနဲ့ ပူတာအိုကနေ ပန်နန်းဒင်ကို လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်း ရိက္ခာတွေရယ်၊ နောက်ကျန်တဲ့အဖွဲ့တွေကတော့ ကြိုးစားပြီးတော့ သွားနေပါတယ်ခင်ဗျ- ပန်နန်းဒင်ကို- ရဟတ်ယာဉ်နဲ့ပေါ့နော်။ လက်ရှိ တရုတ်အဖွဲ့ကလည်း ဒီနေ့ပဲ မြန်မာနိုင်ငံကို ရောက်ပြီးတော့ ပူတာအိုကို ညနေကပဲ ရောက်သွားပါပြီ။ မနက်ဖြန် ရာသီဥတု အခြေအနေပေးတာနဲ့ သူတို့ဆက်တိုက်တက်ပါမယ်ခင်ဗျ။ တရုတ်ကယ်ဆယ်ရေးအဖွဲ့ကလည်း။ ခြေလျင်အဖွဲ့တွေကတော့ ၂ ရက်ရှိပါပြီခင်ဗျ။ ပန်နန်းဒင်ကနေ သူတို့တက်သွားတာပါ။ နောက် ၂ ရက်လောက်ဆိုရင်တော့ ကျနော် တဟောင်နိုင်းကို ရောက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်ခင်ဗျ။”
အခုရောက်ရှိလာတယ်ဆိုတဲ့ အဖွဲ့ဝင် ၉ ဦးပါ တရုတ် ကယ်ဆယ်ရေးအဖွဲ့ကတော့ တရုတ်နိုင်ငံက အကြီးဆုံး အရပ်သား ကယ်ဆယ်ရေးအဖွဲ့တခုဖြစ်တဲ့ ကောင်းကင်ပြာ ကယ်ဆယ်ရေးအဖွဲ့ (Blue Sky Rescue Team) ဖြစ်ပါတယ်။ ဒီထဲက အဖွဲ့ဝင်တချို့ဟာဆိုရင် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ကို တက်ရောက်တဲ့ဖူးသူတွေ ဖြစ်ကြပြီး တောင်ပေါ်မှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံ ကြွယ်ဝသူတွေ ဖြစ်တယ်လို့လည်း တရုတ်အစိုးရ သတင်းစာ ရှင်ဟွာက ဖော်ပြပါတယ်။
“မြန်မာ တောင်တက်သမားနှစ်ယောက် ပျောက်ဆုံးနေတယ်ဆိုတော့ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းက အသင်းကိုလည်း ဆက်သွယ်လာပါတယ်။ သူတို့ တရုတ်ပြည်ဘက်လည်း ဒီသတင်းလေးကို စိတ်ဝင်စားပါတယ်-ပေါ့။ ပျောက်ဆုံးနေတဲ့ နှစ်ယောက်ကို ဝိုင်းဝန်းကူညီ ရှာဖွေချင်ပါတယ်ဆိုပြီး ဆက်သွယ်လာပါတယ်။ ပြီးတော့ ထူးကုမ္ပဏီအုပ်စုကိုလည်း သူတို့ဆက်သွယ်ပြီးတော့ တရုတ်သံအမတ်ကြီးကတဆင့် ဒါကို လာပြီးတော့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သူတို့ကတော့ တောင်တက်နဲ့ကယ်ဆယ်ရေး အဖွဲ့ပါခင်ဗျ။”
ရေခဲတွေ ဖုံးလွှမ်းနေပြီး ရေခဲမြစ်တွေလည်းရှိနေရာ အရှေ့တောင်အာရှ အမြင့်ဆုံး ခါကာဘိုရာဇီတောင်ထိပ်မှာ ပျောက်ဆုံးနေတဲ့ မြန်မာ တောင်တက် သမား ၂ ဦးတို့ကို ရှာဖွေနိုင်မယ့် တခြား နည်းလမ်းကတော့ တရုတ်နိုင်ငံဘက်က လှည့်ပြီး တက်ရောက်ဖို့ ဖြစ်တယ်လို့လည်း ဦးထွန်းလှအောင်က ပြောပါတယ်။
“ကယ်ဆယ်ရေးနည်းလမ်းတွေကတော့ လက်ရှိ တရုတ်က ရောက်လာတဲ့ဟာကလည်း တောင်တက်အဖွဲ့နဲ့ ကယ်ဆယ်ရေး အထူးကျွမ်းကျင်အဖွဲ့ပေါ့နော်၊ ရောက်လာတဲ့လူတွေနဲ့ ဝိုင်းဝန်းလုပ်ဆောင်နေတဲ့လူတွေကတော့ အစွမ်းကုန် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ကျနော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲလေးတခုက ရာသီဥတုမကောင်းတဲ့အတွက် ရဟတ်ယာဉ်က တဟောင်နိုင်းရွာကို တိုက်ရိုက်မပျံသန်းနိုင်သေးတဲ့ အခက်အခဲလေး ကြုံတွေ့နေရတာပါခင်ဗျ။ ဒုတိယအနေအထားကတော့ အနီးစပ်ဆုံက တရုတ်ပြည်ဘက်ကပဲ နိုင်ငံချင်း ဖြတ်ကျော်ပြီးတော့မှ သူတို့ကို ရှာဖွေမယ်ဆိုတာက ဒါက အလားအလာလေး တစ်ခုပဲ ရှိပါတယ်ခင်ဗျ။ အဲဒါကလည်း ပေ ၂ သောင်းဝန်းကျင်မြင့်တဲ့ တောင်ကျော တောင်တန်းတွေလည်း အဲဒိဘက်မှာ များပါတယ်ခင်ဗျ။”
မြန်မာတောင်တက်သမား နှစ်ဦးဖြစ်ကြတဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ အရှေ့တောင်အာရှရဲ့အမြင့်ဆုံး ရေခဲဖုံးလွှမ်းရာ ခါကာဘိုရာဇီတောင်ထိပ်ကို သြဂုတ်လ ၃၁ ရက်က ခြေချနိုင်ခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့တာဆိုရင် ဒီကနေ့ သီတင်း ၂ ပတ် ရှိသွားပြီ ဖြစ်ပါတယ်။