သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုးလမ်းမစီမံကိန်း အာရှ-ဥရောပ ဆက်စပ်နေတဲ့အပိုင်း ရုရှားတာဝန်ယူလို


ရုရှား သမ္မတ Vladimir Putin နဲ့ တရုတ် သမ္မတ Xi Jinping (မေ၊ ၁၅၊ ၂၀၁၇)
ရုရှား သမ္မတ Vladimir Putin နဲ့ တရုတ် သမ္မတ Xi Jinping (မေ၊ ၁၅၊ ၂၀၁၇)

တရုတ်နိုင်ငံကချပြ အကောင်ထည်ဖေါ်နေတဲ့ BRI ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းရဲ့ အာရှ-ဥရောပ အပိုင်းမှာ ရုရှားနိုင်ငံက အဓိက အခန်းကဏ္ဍ ကနေ ပါဝင်လုပ်ဆောင်ဖို့ ရုရှားသမ္မတ ပူတင်က လိုလားနေပါတယ်။ အမေရိကန်က အပြင်းအထန်ဝေဖန်နေတဲ့ ဒီစီမံကိန်းကို ရုရှားက ဘာ့ကြောင့် အခုလို ချည်းကပ်နေရသလဲ ဆိုတာနဲ့ပတ်သက်ပြီး VOA သတင်းထောက် Saibal Dasgupta ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။

တရုတ်ရဲ့ BRI ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်း- အာရှ-ဥရောပဒေအပိုင်းကို အကောင်ထည်ဖေါ်ရာမှာ ရှရှားနိုင်ငံက အဓိက အခန်းကဏ္ဍကနေ ပါဝင်လိုတယ်ဆိုတဲ့ ရပ်တည်ချက်ဟာ ရုရှားက သူ့အိမ်နီးချင်းနိုင်ငံတွေကြားမှာ သြဇာအရှိန်ဝါ ကျဆင်းလာနေတဲ့အပေါ် စိုးရိမ်စိတ်ဝင်နေတာကို ပြသနေရာရောက်ပါတယ်။ တရုတ်-ရုရှား ဆက်ဆံရေး လက်ရှိအခြေအနေဟာ သမိုင်းတလျောက် အကောင်းဆုံးအနေအထားမှာ ရှိတယ်လို့ သမ္မတပူတင်က ပြီးခဲ့တဲ့လ တရုတ်နိုင်ငံ ဘေဂျင်းမှာကျင်းပတဲ့ BRF ဖိုရမ်မှာပြောပါတယ်။ BRI စီမံကိန်းဟာ အာရှ-ဥရောပတွင်း နိုင်ငံတွေကြား ခိုင်မာတဲ့ဆက်ဆံရေးကို ရည်ရွယ်ဖန်တီးမှုဖြစ်တယ်လို့ သမ္မတပူတင်က ပြောနေတာပါ။

ဒါ့အပြင် ရုရှားကဦးဆောင်လုပ်နေတဲ့ အာရှ-ဥရောပ စီးပွားရေးသမဂ္ဂ EAEU ကိုလည်း တရုတ်ရဲ့စီမံကိန်းမှာ ချိတ်ဆက်လုပ်ကိုင်ခွင့်ပေးဖို့ တရုတ်ကို တောင်းဆိုနေပြီး၊ လုပ်ခွင့်ရဖို့ သမ္မတပူတင်က စိတ်အားထက်သန်နေပါတယ်။

“အာရှ-ဥရောပ ဒေသတွင်းနိုင်ငံတွေကြား ပေါင်းစပ်ပေးမယ့် အခြေခံအဆောက်အဦ လမ်းပန်းအကောင်ထည်ဖေါ်မယ့် ကိစ္စမှာ တားမြစ်ချက် တွေကို ဖယ်ရှားပစ်ဖို့ လိုပါလိမ့်တယ်။ ရုရှားနိုင်ငံဟာ ထူးခြားတဲ့ ပထဝီနယ်ပယ် အနေအထားရှိတာမို့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေမှာ ပူးတွဲ ဆောင်ရွက်လိုပါတယ်။”

သမ္မတပူတင်အနေနဲ့ ရုရှားရဲ့ EAEU စီးပွားရေးသမဂ္ဂရော၊ အာဆီယံအဖွဲ့နဲ့ တရုတ်ရဲ့ BRI စီမံကိန်းလိုမျိုးကြားမှာ ပူးတွဲ တိုးချဲ့လုပ်ဆောင်ခွင့် ရဖို့ လိုလားနေတယ်လို့ ဟိုနိုလူလူကျွန်းက အာရှပစိဖိတ်တက္ကသိုလ် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ပါမောက္ခ Mohan Malik က သုံးသပ်ပါတယ်။

“ရုရှားရဲ့ EAEU အတွက်ဆွဲဆောင်တာ ၊ BRI စီမံကိန်းကို EAEU ၊ ရှန်ဟိုင်းကော်ပိုရေးရှင်း SCO ၊ အာဆီယံတို့နဲ့ ပူးတွဲလုပ်ဆောင်ဖို့ ရုရှားက အလေးအနက် ပြောနေတာတွေက ကမ္ဘာတလွှား ဝေဖန်နေကြသလို တရုတ်က သူတဦးတည်း လုပ်ဆောင်နေမှုကို သမ္မတပူတင်က သွယ်ဝိုက်ဝေဖန်လိုက်တာလည်း ဖြစ်ပါတယ်။”

ရုရှားနိုင်ငံဟာ အာရှအလယ်ပိုင်းနိုင်ငံတွေကြား အထူးသဖြင့် လုံခြုံရေးကိစ္စရပ်မှာ အရေးပါတဲ့ကဏ္ဍမှာရှိသလို၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မှာလည်း အရေးပါနေတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ Stephen Blank ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ သုံးသပ်ရေးကောင်စီအဖွဲ့ဝင် ဖြစ်ပါတယ်။

“ဒီလိုပြောနေတာက ရုရှားဟာ အနည်းငယ်သာ အလျော့အတင်း လုပ်နိုင်တဲ့ အခြေနေပဲရှိတယ်ဆိုတဲ့ သဘောကိုပြနေပြီး မေတ္တာရပ်ခံတဲ့ အနေနဲ့ ရုရှားကိုလည်း ပေါင်းလုပ်ခွင့်ပေးပါဆိုပြီး လူသိရှင်ကြား တောင်းဆိုနေတာပါ။ ”

BRI စီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျက် ၂၀၁၃ ခုနှစ်မှာ စတင်ကြေညာချိန်တုန်းက ပိုးလမ်းမအပိုင်းတခုဟာ ရုရှားနိုင်ငံကိုလည်း ဖြတ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တရုတ်အနောက်ဘက် Kazakhstan ကနေ ဥရောပထဲက Belarus နိုင်ငံအထိ အဝေးပြေးလမ်းမ အပိုင်းကို ရုရှားက တာဝန်ယူလုပ်ဆောင်သွားဖို့ မကြာသေးခင်က သဘောတူခဲ့ပါတယ်။ မြေထဲပင်လယ်ကနိုင်ငံတွေကို ဖြတ်ဖေါက်ရမယ့် အဲဒီ အဝေးပြေးလမ်းမကြီးကို ၂၀၂၄ မှာ အပြီး လုပ်ရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းမှာ ရုရှားနိုင်ငံကြီးကို ရှောင်ကွင်းလို့ မရတာကြောင့် ရုရှားနဲ့ပတ်သက်လာရင် တရုတ်က သည်းခံ စိတ်ရှည်နေရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

တရုတ်ရဲ့ BRI စီမံကိန်းညီလာခံကိုတော့ အမေရိကန်နိုင်ငံက သူ့ရဲ့အဆင့်နိမ့် ကိုယ်စားလှယ်ကိုသာ စေလွှတ်ခဲ့ပြီး BRI စီမံကိန်းကိုလည်း အချက်ပေါင်း များစွာနဲ့ ထောက်ပြဝေဖန်ခဲ့ပါတယ်။ အာရှ-ဥရောပလို အရေးပါတဲ့ဒေသမှာ တရုတ်ကို အင်အားကြီးထွားလာစေမယ့် အခုလို BRI စီမံကိန်းကို လုပ်ခွင့်ပေးလိုက်တာက အမေရိကန်အတွက် နည်းဗျူဟာ အမှားဖြစ်တယ်လို့ ပါမောက္ခ Malik ကမြင်ပါတယ်။

တဘက်မှာလည်း BRI စီမံကိန်းနဲ့ ပတ်သက်လို့ စိန်ခေါ်ချက်တွေ၊ ပြဿနာတွေကို သမ္မတထရမ့်အစိုးရက ပြန်လည်သုံးသပ်ထားပြီး အဲဒီစီမံကိန်း အကောင်ထည်ဖေါ်တာကို အပြစ်မြင် ရန်လိုနေပါတယ်။ BRI နဲ့ပတ်သက်လို့ အီတလီနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လတုန်းက တရုတ်နဲ့သဘောတူ လက်မှတ်ထိုးခဲ့ချိန်တုန်းက အဲဒီသဘောတူမှုဟာ တချိန်မှာ နိုင်ငံရေးအရ ပြန်လည်ပေးဆပ်ရမှု ပိုများလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပုံပီယိုက ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG