သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Huawei ထိပ်တန်းအရာရှိ ပြန်လွှတ်ဖို့ တရုတ်တောင်းဆို


Meng Wanzhou
Meng Wanzhou

ကနေဒါနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Huawei ကုမ္ပဏီ ထိပ်တန်းအမှုဆောင်အရာရှိကို ချက်ခြင်းပြန်လွှတ်ပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးမှုကြောင့် အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ယာယီရပ်ဆိုင်းထားတဲ့အပေါ် ခြိမ်းခြောက်မှုတရပ်လည်း ဖြစ်လာပါတယ်။ အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရှောင်ရှားဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သံသယနဲ့ Huawei ကုမ္ပဏီ ထူထောင်သူရဲ့ သမီးလည်းဖြစ်၊ ဘဏ္ဍာရေးဌာန အကြီးအကဲလည်းဖြစ်တဲ့ Meng Wanzhou ကို စနေနေ့ကပဲ Vancouver မြို့မှာ ထိန်းသိမ်းလိုက်တာဖြစ်ကြောင်း ကနေဒါ အာဏာပိုင်တွေ မနေ့ကပဲ ကြေညာခဲ့တာပါ။

သွင်းကုန်ခွန်တွေ အပြန်အလှန် တိုးမြှင့်ကောက်ခံနေတာတွေကို ရက်ပေါင်း ၉၀ ကြာ ရပ်ဆိုင်းထားဖို့ အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ သဘောတူညီချက် ရခဲ့တဲ့နေ့မှာပဲ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ရှင်းလင်းချက်ပေးဖို့ အမေရိကန်နဲ့ ကနေဒါတာဝန်ရှိသူတွေကို အကြောင်းကြားထားကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang ကပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုကို လွဲှပြောင်းပေးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ Huawei အမှုဆောင်အရာရှိကို အာမခံပေး လွှတ်ပေးသင့်-မသင့်ကိုတော့ မနက်ဖြန် တရားရုံးမှာ ကြားနာဖို့ စီစဉ်ထားပါတယ်။ ဖမ်းဆီးမှုဟာ တရုတ်နိုင်ငံနဲ့ အနောက်နိုင်ငံတွေကြား သံတမန်ဆက်ဆံရေး မပြေမလည် ဖြစ်နေတာကို မီးမောင်းထိုးပြရာ ရောက်နေကြောင်းလည်း အကဲခတ်တွေက ထောက်ပြနေကြတာပါ။

Huawei ကုမ္ပဏီ နဲ့ ပြိုင်ဘက် ZTE ကုမ္ပဏီတွေရဲ့ မိုဘိုင်း လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုစွမ်းရည်တွေကြောင့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတရပ် ဖြစ်လာနိုင်ချေ ရှိတယ်လို့လည်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းက ယူဆထားပါတယ်။ သမ္မတ Trump အစိုးရကတော့ အီရန်နဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ချိုးဖောက်မှုနဲ့ ဒီနှစ်ဆန်းမှာပဲ ZTE ကုမ္ပဏီကို အမေရိကန် နည်းပညာတွေ ဝယ်ယူခွင့် ၇ နှစ်ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG