သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရေး တရုတ်စိတ်ဝင်စားဆဲ


Salween River
Salween River

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးသစ်က သံသယရှိတယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက် ဒီစီမံကိန်းအတွက် မြန်မာအစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ တရုတ်ဘက်က ပြောကြားလိုက်ပါတယ်။

အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းဟာ မြန်မာနိုင်ငံ ယခင်စစ် အစိုးရလက်ထက် ၂၀၁၁ မှာ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် တရုတ် - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကြား အဖုအထစ်ဖြစ်စေခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပြီး တခြားအစားထိုးစီမံကိန်းတွေ ပြုလုပ်နိုင်မယ့်အရေး နှစ်ဖက် အရာရှိတွေ ဆွေးနွေးခဲ့ကြတယ်လို့ပြီးခဲ့တဲ့ ဧပြီလတုန်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းကြီးတွေဟာ မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာ စွမ်းအင် လိုအပ်မှုကို ဖြေရှင်းဖို့ ဦးစားပေး မဟာဗျူဟာမဟုတ်ဘူးလို့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ရိုက်တားစ် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်သုံးသပ်ဖို့အတွက် ၂၀၁၆ သြဂုတ်လ တုန်းက အဖွဲ့တခုဖွဲ့စည်းပေးခဲ့ပြီး တရုတ်စွမ်းအင်ကုမ္ပဏီ Yunan ယူနန် နိုင်ငံတကာ စွမ်းအင် ရင်းနှီးမြှုပ်နှံရေးကော်ပိုရေးရှင်းနဲ့ ဆွေးနွေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hwa Phun Ying ကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့ နေရာမှာ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းရေးကို ရှေ့ရှုပြီး စီးပွါးရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဟာ နှစ်ဘက်သဘောတူထားတဲ့ စီးပွါးရေးပူးပေါင်း ဆောင်ရွက်မှု တရပ်ဖြစ်ပြီး ပြန်လည်သုံးသပ်မှုနဲ့ အတည်ပြုရေး လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ဆောင်ရွက်ပြီးပြီလို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် အခက်အခဲတွေကို ကျော်လွှားပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG