တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ၃ နှစ်ကြာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ပြီး ဗုဒ္ဓဟူးနေ့ကစလို့ ပြည်ပခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစား အားလုံးကို ပြန်ထုတ်ပေးပြီး၊ နယ်စပ်တွေ အားလုံးကိုလည်း ဖွင့်ပေးတော့မယ်လို့ ပြောလိုက်ပါတယ်။ ကပ်ရောဂါ မတိုင်ခင်က ဗီဇာမလိုပဲ သွားခွင့်ရှိတဲ့ တရုတ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းကိုဝင်ရောက်လာတဲ့ အပျော်စီး သင်္ဘောတွေနဲ့ ဟိုင်နန်ကျွန်းတို့လို နေရာတွေမှာ အရင်လို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ကြောင်းလည်း တရုတ်အစိုးရက ပြောပါတယ်။
၂၀၂၀ မတ်လ ၂၈ ရက်နေ့မှာ တရုတ်နိုင်ငံက နယ်စပ်တွေကို ပိတ်လိုက်တဲ့ အချိန်မတိုင်ခင်တုန်းက နိုင်ငံခြားသား ခရီးသွား အများစု အပါအဝင် ဗီဇာထုတ်ပေးထားတဲ့ သူတွေအနေနဲ့လည်း သက်တမ်းမကုန်သေးဘူးဆိုရင် တရုတ်နိုင်ငံကို ဝင်ခွင့်ရကြမှာပါ။ ဟောင်ကောင်နဲ့ လောင်းကစားလုပ်ငန်းတွေတွင်ကျယ်တဲ့ မကာအိုကနေ လာကြမယ့် နိုင်ငံခြားသား ခရီးသွားတွေ အနေနဲ့လည်း တောင်ပိုင်း ဂွမ်တောင်းပြည်နယ်ကို ဗီဇာမလိုပဲ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ လုံးဝပပျောက်ရေး မူဝါဒနဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကိုတော့ တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာပဲ ရုတ်တရက် အဆုံးသတ်လိုက်တာပါ။