သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆက်လက်အားပေးမည် (တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ)


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်အားပေးပံ့ပိုးသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးကြဖို့ တရုတ်အနေတိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖေါ် ဆောင်မယ့်လုပ်ငန်းစဉ်တွေကိုလည်း အစွမ်းကုန်ထောက်ခံအားပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က အင်္ဂါနေ့ ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။ မြန်မာနိုင်ငံက ပဋိပက္ခအတွင်းပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအားလုံး မကြာမီအပတ်ရပ်စဲနိုင်လိမ့်မယ်လို့ တရုတ်အနေနဲ့မျှော်လင့်ကြောင်းလည်း သတင်းထောက်တဦးရဲ့အမေးကိုဖြေဆိုစဉ်ပြောခဲ့ပါတယ်။

‘တရုတ်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းကအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေဟာ ဒီတခါနောက်ဆုံးပဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တွေ့ဆုံဆေးနွေးအဖြေရှာဖို့ အမြဲမပြတ်တိုက်တွန်းလျက်ရှိပါတယ်’ လို့လည်း ပြောရေးဆိုခွင့်ရှိသူမော်နင်ကပြောဆိုပါတယ်။

နယ်စပ်ဒေသတွေမှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံကဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ တအန်း TNLA၊ ကိုးကန့် MNDAA အဖွဲ့တွေက တဖက်သတ်အပစ်ရပ်ကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့ကြတာပါ။ နောက်ထပ် အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ KIO ကလည်း တရုတ်နိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရကတော့ အပစ်အခတ်ရပ်စဲရေးကို ဖြစ်မြောက်အောင်လုပ်ဆောင်ဖို့နဲ့ တရုတ်မြန်မာနယ်စပ်လုံခြုံရေး၊ တရုတ်စီမံကိန်းနဲ့စီးပွားရေး လုပ်ငန်းတွေရဲ့လုံခြုံရေး၊ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်လူမျိုးတွေရဲ့လုံခြုံရေးကို မထိခိုက်ဖို့ အမြဲတိုက်တွန်းပါတယ်။ တရုတ်အနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့တိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်မယ့်လုပ်ငန်း စဉ်တွေကိုလည်း အစွမ်းကိုထောက်ခံအားပေးသွားမှာပါလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG