သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အမေရိကန် ကုန်သွယ်ရေးနဲ့ သမ္မတရွေးကောက်ပွဲ


ကုန်တင်သင်္ဘောပေါ်သို့ ကုန်သေတ္တာများ တင်ဆောင်နေသည့် တရုတ်နိုင်ငံ၊ နင်ဘိုပြည်နယ်၊ နင်ဘိုဆိပ်ကမ်းမြင်ကွင်း။ ဇွန် ၂၁၊ ၂၀၁၂။
ကုန်တင်သင်္ဘောပေါ်သို့ ကုန်သေတ္တာများ တင်ဆောင်နေသည့် တရုတ်နိုင်ငံ၊ နင်ဘိုပြည်နယ်၊ နင်ဘိုဆိပ်ကမ်းမြင်ကွင်း။ ဇွန် ၂၁၊ ၂၀၁၂။
တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုက ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတော့ ပိုပြီး အရှိန်မြင့်တက်သွားခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက အပြန်အလှန် စောဒက တက် တိုင်ကြားခဲ့ကြလို့ပါပဲ။ ဒါ့အပြင် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ ပိုပြီး အပြင်းအထန် ဖြစ်လာတာနဲ့အမျှ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စဟာ ပစ်မှတ်ထားပြောဆိုတဲ့ကိစ္စတခု ဖြစ်လာပါတယ်။ ဗွီအိုအေသတင်း ထောက် William Ide ဘေဂျင်းမြို့တော်ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ တင်ဆက်ထားပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံပါ။ တကမ္ဘာလုံးမှာ စီးပွားရေး အရ တရုတ်နိုင်ငံနဲ့ မပတ်သက်တဲ့နိုင်ငံဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း ဒီကနေ့ ကမ္ဘာ့ စီးပွားရေးအကြောင်း ပြောမယ်ဆိုရင် တရုတ်နိုင်ငံက မပါရင်မပြီးသလောက်ဖြစ်ပါတယ်။ အခုလည်း အမေရိကန်ပြည်တွင်းရေးဖြစ်တဲ့ သမ္မတ ရွေးကောက်ပွဲမှာ တရုတ်နဲ့ ကုန်သွယ်ရေးကိစ္စက အဓိက ကိစ္စရပ်တခုအဖြစ် ပါဝင်နေပါတယ်။

၂၀၁၂ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ဆက်ဝင်မယ့် ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) နဲ့ ရီပတ်ဘလီကန်ပါတီက သမ္မတလောင်း မစ်တ် ရွမ်မ်နီ (Mitt Romney) တို့ဟာ တရုတ်နဲ့ အမေရိကန် ကြား ကုန်သွယ်ရေးကိစ္စအပေါ် ခပ်ထန်ထန် ပြောဆိုနေကြတာပါ။

တရုတ်အစိုးရက မော်တော်ရေးထုတ်လုပ်ရေးလုပ်ငန်းကို မျှေ၀ ထောက်ပံ့ပေးနေတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO မှာ အမေရိကန်က စောဒကတက် တိုင်ကြားမယ်ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းမှာပဲ မစ္စတာအိုဘားမားက ကြေညာခဲ့ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ မမျှတတဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ပတ်သက်ပြီး မစ္စတာအိုဘားမားဟာ တရုတ်ကို ထိထိ ရောက်ရောက် ဖိအားမပေးဘူးလို့ သူ့ရဲ့ပြိုင်ဘက် မစ္စတာရွမ်မ်နီက စွပ်စွဲပြောဆိုတာတွေကိုလည်း မစ္စတာအိုဘားမားက ပြန်ပြီး ချေပခဲ့ပါတယ်။

တရုတ်တို့ကလည်း ခပ်သွက်သွက်ပဲ WTO မှာ စောဒကတက် တိုင်ကြားခဲ့ပြန်ပါတယ်။ တရုတ်အစိုးရရဲ့ အထောက်အပံ့နဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုဆီ တင်သွင်းတဲ့အခါ ကုန်သွယ်ခွန်ကောက်ခံဖို့ ပြဌာန်းထားတဲ့ ဥပဒေသစ်တခုနဲ့ပတ်သက်ပြီး တရုတ်တို့က စိန်ခေါ်လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Hong Lei က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

“အပြန်အလှန်လေးစားမှုနဲ့ တန်းတူအကျိုးစီးပွားတွေအပေါ် အခြေခံပြီး ဆွေးနွေးပြောဆိုတာ၊ ညှိနှိုင်းတိုင်ပင်တာတွေကနေတဆင့် ကျနော်တို့သဘောမတူတာတွေကို နှစ်ဘက်စလုံးက ဖြေရှင်းသင့်ပါတယ်။ ဒီကိစ္စကို နိုင်ငံရေးပယောဂ ဝင်စွက်တာ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကိုယ်ကျိူးစီးပွား ကာကွယ်တာတွေကို ကျနော်တို့ ကန့်ကွက်ပါတယ်။”

အမေရိကန်က WTO မှာ တိုင်ကြားတဲ့ကိစ္စအပေါ် တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပိုပြီးတော့တောင်မှ တိုက်ရိုက်ကျကျ တုန့်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန် ရွေးကောက်ပွဲနိုင်ငံရေးရဲ့ ဓားစာခံဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း နှစ်နိုင်ငံရဲ့ စီးပွားရေးတွေက သိပ်ကို နီးနီးကပ်ကပ် အပြန်အလှန် ဆက်နွယ်နေတာကြောင့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒမှာ နိုင်ငံရေးကို ဘေးဖယ်ထားဖို့က ခက်ခဲလာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်ရဲ့ စီးပွားရေးတိုးတက်ဖို့ ဆက်ပြီး ရုန်းကန် ကြိုးစားနေရတဲ့ အခုလိုအချိန်မျိုးမှာ ပိုပြီး ခွဲခြားဖို့ ခက်လာတာပါ။

ဒီအခြေအနေကို သုံးသပ်ပြသူတဦးက ဘေဂျင်းမြို့တော်အခြေစိုက် စီးပွားရေးပညာရှင် ပက်ထရစ် ရှိုဗာနက်ခ် (Patrick Chovanec) ပါ။

“တရုတ်နဲ့ ဘယ်လို ဆက်ဆံ လုပ်ကိုင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ် ပါတီကြီးနှစ်ခုစလုံးမှာ မရေမရာဖြစ်တဲ့ စိတ်ပူပန်သောကတွေ အများကြီးရှိနေပါတယ်။”

သိပ်မကြာခင်တုန်းကတော့ တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေက လက်တွေ့မပါတဲ့ ဟန်ပြ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တခုအဖြစ်ပဲ ရှိခဲ့တာပါ။ ဒါပေမဲ့လည်း အခုတော့ဖြင့် အဲဒီမူဝါဒဟာ အမေရိကန်မှာ အလုပ် အကိုင်အခွင့်အလန်းတွေ ဖန်တည်းဖို့နဲ့ စီးပွားတိုးတက်ဖို့ရာ တိုက်ရိုက် သက်ရောက်မှုရှိနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မြင်လာနေကြပါတယ်။ ဒီလိုမျိုး ဆုံးရှုံး ထိခိုက်စရာတွေ များလာတာနဲ့အမျှ စောဒကတက် ပြောဆိုတာတွေလည်း ပိုများလာ တော့တာပါပဲ။

“အိုဘားမားအစိုးရ လုပ်ခဲ့တာတချို့က တခြားလူတွေ လုပ်ခဲ့တာထက် ပိုပြီးတော့ ရလာဒ်ထွက်ခဲ့ တာတွေ ရှိပါတယ်။ တရုတ်တို့ရဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ ပတ်သက်တာ၊ အမေရိကန်ထုတ် ရုပ်ရှင်ဇာတ်လမ်းတွေကို တရုတ်တို့ ရယူခွင့်နဲ့ပတ်သက်ပြီး စည်းကမ်းတွေ သတ်မှတ်ခဲ့တာ စတာတွေက အကျိုးအမြတ်အများဆုံး ထွက်ခဲ့တာတွေထဲက တချို့ ဖြစ်ပါတယ်။ မော်တော်ကားတာယာတွေအပေါ် ကုန်သွယ်ခွန် စည်းကျပ်တာကတော့ သံမဏိ အလုပ်သမားသမဂ္ဂတွေ ကျေနပ် အောင် လုပ်ပေးတယ်လို့ ကျနော်ထင်တယ်။ ပြီးတော့ သဘာဝအားဖြင့် ပိုပြီး နိုင်ငံရေးပယောဂပါတဲ့ တခြားကိစ္စတွေလည်း ရှိပါ သေးတယ်။”

တရုတ်နိုင်ငံက ပုဂ္ဂလိက မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းတွေကို တရုတ်အစိုးရက အထောက်အပံ့ပေးနေတာဟာ မမျှတဘူးဆိုပြီးတော့ သမ္မတ အိုဘားမားက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း WTO မှာ တိုင်ကြားခဲ့တဲ့ကိစ္စဟာ မကြာသေးခင် လတွေအတွင်း ဒုတိယအကြိမ်မြောက် တိုင်ကြားချက်ဖြစ်ပါတယ်။ အဲဒီလိုတိုင်ကြားတဲ့ နှစ်ကြိမ်စလုံးကလည်း အိုဟိုင်းယိုး ပြည်နယ်ဆီ သမ္မတအိုဘားမား မဲဆွယ်စည်းရုံးပွဲထွက်တဲ့ အချိန်ကာလတွေနဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ အိုဟိုင်းယိုးပြည်နယ်ဟာ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းတွေ အများအပြားရှိတဲ့ ပြည်နယ်တခုဖြစ်ပြီး နိုဝင်ဘာလကျရင်လုပ်တော့မယ့် သမ္မတ ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အဓိကကျတဲ့ ပြည်နယ်တခုပါ။

အမေရိကန်ကနေ တင်ပို့တဲ့ ဒေါ်လာ သန်း ၃,၀၀၀ ဖိုးလောက် မော်တော်ကားနဲ့ တခြားဆက်စပ်ပစ္စည်းတွေအပေါ် တရုတ်တို့ က မမျှမတ အခွန်တွေကောက်တယ်ဆိုပြီး ပြီးခဲ့တဲ့ဇူလိုင်လမှာပဲ သမ္မတ အိုဘားမားအစိုးရက စွပ်စွဲခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်း ပတ်က WTO မှာ တိုင်ကြားခဲ့တဲ့ကိစ္စကတော့ ကားနဲ့ တခြားအစိတ်အပိုင်းတွေ ထုတ်လုပ်တင်ပို့တဲ့ တရုတ်ကုမ္ပဏီတွေကို တရုတ်အစိုးရက ဒေါ်လာ သန်း ၁,၀၀၀ အထောက်အပံ့ပေးခဲ့တယ်ဆိုတဲ့ အချက်အပေါ် အဓိကထားပြီး တိုင်ကြားခဲ့တာ ဖြစ်ပါ တယ်။

နှစ်နိုင်ငံရဲ့ အပြန်အလှန် တိုင်ကြားချက်တွေအပေါ် WTO က ဘယ်လို အဆုံးအဖြတ်ပေးမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦး မှာပါ။ အခု အပြန်အလှန် တိုင်ကြားထားတဲ့ကိစ္စတွေ ပြီးပြတ်သွားပေမဲ့လည်း တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေး ဆိုင်ရာ အငြင်းပွားမှုတွေကတော့ ပြီးပြတ်သွားဖွယ်မရှိဘဲ အနာဂတ်မှာလည်း ဆက်ဖြစ်နေဦးမယ့်သဘောရှိပါတယ်။

တဖြည်းဖြည်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာနေတဲ့ တရုတ်တို့ရဲ့ စီးပွားရေးလက်တံက ကမ္ဘာအနှံ့ ဆက်ပြီး ဆန့်ထွက်နေတာ နဲ့အမျှ လက်ရှိအချိန်ထိ စူပါပါဝါဖြစ်နေသေးတဲ့ အမေရိကန်တို့နဲ့ မကြာခနဆိုသလို ပြဿနာပေါ်ပြီး ပွတ်တိုက်မိနေဦးမှာက တော့ အသေအချာပဲဖြစ်ပါတယ်ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
XS
SM
MD
LG