သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ကန် ကုန်သွယ်ရေး အခွန်ကြောင့်တင်းမာမှုတိုး


အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား အပြန်အလှန် အခွန်တွေတိုးကောက်ရင်း ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွါးမယ့် အလားအလာတွေ တိုးလာနေချိန်မှာ ၂ ဖက်စလုံးက ပြင်းပြင်းထန်ထန် ပြောဆိုနေတာတွေ့ရပြီး တချိန်ထဲမှာပဲ အခြေနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်မသွားအောင် လုပ်ပါမယ်လို့ လည်း အာမခံပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဆိုးလာနိုင်မယ့် အခြေနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံ စီးပွါးရေးပညာရှင်တွေကြားမှာတော့ အမြင်တွေကသိပ်မတူကြပါဘူး။

ဘေဂျင်းက VOA သတင်းထောက် Bill Ide ရဲ့ သတင်းလွှာပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တရုတ်နိုင်ငံက အမေရိကန်ရဲ့နည်းပညာတွေ လွှဲပြောင်းရယူနေသလို ဉာဏ်ပညာအခြေပြု ပစ္စည်းမူပိုင်ခွင့် ခိုးယူမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Donald Trump ဟာ မကြာခင်မှာပဲ တရုတ်ကို အရေးယူတဲ့အနေနဲ့ အခွန်ကောက်ခံမှု အသစ်တွေ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတ Trump က အခုလိုပြောကြားခဲ့တာပါ။

" တရုတ်နဲ့ ပြဿနာရှိပါတယ်။ ကုန်သွယ်ရေးက လိုငွေပြနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အရင်သမ္မတကို အပြစ်တင်ရမှာပါ။ လိုငွေက တနှစ်ကို ဒေါ်လာ ဘီလျံ ၅၀၀ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီလိုနေလို့ မရပါဘူး။ ဒါကို တရုတ်နဲ့ လက်တွဲ ဖြေရှင်းနေပါတယ်။ ညှိနှိုင်းမှုတွေလည်း လုပ်နေပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးက သိပ်ကောင်းတာမို့ ဒီအတိုင်းဆက်ပြီး ရှိအောင်လုပ်ရမှာပါ။ ဒါပေမယ့် ဒီကုန်သွယ်ရေး လိုငွေပြမှုနဲ့ ပတ်သက်ပြီး တခုခု တော့ လုပ်ရမှာပါ။ ဒါ့အပြင် တရုတ်နဲ့ ဉာဏပစ္စည်းမူပိုင်ခွင့် ဆိုင်ရာနဲ့ ပတ်သက်ပြီး တနှစ်ကို ဒေါ်လာ ဘီလျံ ၂၀၀ နဲ့ ၃၀၀ လောက် ကို ရှုံးနေတာပါ။"

အမေရိကန်ကရော တရုတ်ဘက်ကပါ ဆွေးနွေးပြောဆိုမှုတွေနဲ့ ညှိနှိုင်းမှုတွေလုပ်မယ်လို့ အလေးထား ပြောနေကြပေမယ့် ဆွေးနွေးမယ့် အရိပ်အယောင်ကတော့ မတွေ့ရသလောက်ပါပဲ။

အခြေနေတွေ ပိုဆိုးမလာအောင် လုပ်မယ်လို့ ၂ နိုင်ငံခေါင်းဆောင်တွေကြား အာမခံပြောဆိုမှုတွေရှိနေပေမယ့် တွက်လို့မရဘူးလို့ သုံးသပ်သူကတော့ အမေရိကန်နိုင်ငံ Iowa တက္ကသိုလ်က စီးပွါးရေးပညာရှင် Dave Swenson ပါ။

“လောလောဆယ်မှာတော့ ဈေးကွက်က မတည်ငြိမ်ဘူး။ လယ်သမားတွေ၊ ကုန်သည်တွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။ အများစုကတော့ ဒီလိုဖြစ်နေတာတွေ မကြာခင်မှာပဲ အဆုံးသတ်သွားဖို့ မျှော်လင့်နေကြတယ်။ ကျွန်တော်တို့ အမြင်ပြောရရင် လက်ရှိအချိန်က တကယ်တိုက်ပွဲဝင်နေတာပဲ၊ သူ့နယ်ကိုယ့်နယ် ဘောင်တွေ ဆွဲနေကြတယ်။ ကျွန်တော်တို့ မသိတာက - ဒါဟာ ၂ ဖက်စလုံးက သူတို့ လိုချင်တဲ့ အချက်ကိုရဖို့ ဘယ်အတိုင်းတာထိ သွားကြမလဲ ဆိုတာပါပဲ”

Trump အစိုးရအဖွဲ့က အခွန်ကောက်ဖို့ လုပ်ဆောင်တာမှန်သမျှကို အလားတူတန်ပြန်လုပ်ဆောင်မယ်လို့ တရုတ်ဘက်က ပြောပါတယ်။ အမေရိကန်က သံမဏိနဲ့ အလျူမီနီယံ ပစ္စည်းတွေအပေါ် အခွန်ကောက်တာကိုတုံ့ပြန်တဲ့အနေနဲ့ တရုတ်က ဒီသီတင်းပတ်ထဲမှာပဲ သစ်သီးသစ်စေ့၊ ဝက်သား၊ ဝိုင်၊ သံမဏိနဲ့ အလျူမီနီယံပစ္စည်းတွေပါဝင်တဲ့ ပစ္စည်း ၁၂၈ မျိုးအတွက် အခွန်း ၂၅ % အထိ တိုးကောက်ခဲ့တာ ပါ။ တရုတ်ရဲ့ အခုလို လုပ်ဆောင်မှုဟာ သူလုပ်ဆောင်နိုင်တဲ့ အတိုင်းတာအထိမလုပ်သေးပဲ ထိန်းထိန်းသိမ်းသိမ်းလုပ်တာကို ပြနေတယ်လို့ တရုတ်စီးပွါးရေး ပညာရှင် Hu Xingdou ကပြောပါတယ်။

" ဥပမာ ပြောရရင် တရုတ်လက်ထဲမှာ အမေရိကန်ဆီကနေ ဝယ်ထားတဲ့ အမေရိကန်အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီက ထုတ်ချေးတဲ့ ငွေချေးစာချုပ်တွေ အများအပြားရှိနေသလို Boeing ကုမ္ပဏီက လေယာဉ်တွေဝယ်ယူတာနဲ့၊ ပဲပုပ်ပဲလို ကုန်ပစ္စည်းတွေ အများအပြားဝယ်သူလည်း ဖြစ်ပါတယ်။ - လို့ပြောသွားတာပါ။ ဒါ့အပြင် အခုလို တရုတ်က တုံ့ပြန်တာဟာ ကုန်သွယ်ရေးအရ လုပ်တာလို့ မြင်ကြပေမယ့် ကျွန်တော်ထင်တာက နိုင်ငံရေး သတင်းစကား ပါးချင်တာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ နိုင်ငံရေးကစားကွက်ကို စဉ်းစားပြီး လုပ်တာပါ” - လို့လည်း ပြောပါတယ်။

တကယ်တော့ တရုတ် ပထမဆုံး အခွန်တိုးကောက်တဲ့ပစ္စည်းတွေကို ကြည့်ရင် နိုင်ငံရေးအကွက်ကိုပါ မြင်နိုင်ပြီး အများစုဟာ စိုက်ပျိုးရေးထွက်ကုန်တွေမို့ တခြားဈေးကွက်တွေကနေ အချိန်မရွေး အစားထိုးတင်သွင်းနိုင်တာပါ။ နောက်တချက်က လက်ရှိ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟာ အရင် Iowa ပြည်နယ်အုပ်ချုုပ်ရေးမှုးဖြစ်ခဲ့တဲ့ Terry Branstad ဖြစ်သလို Iowa ပြည်နယ်ဟာလည်း Trump သမ္မတဖြစ်ဖို့ ခိုင်ခိုင်မာမာ ထောက်ခံတဲ့ ပြည်နယ်မို့ ဒီပြည်နယ်ကို ထိခိုက်အောင် အဓိက ပစ်မှတ်ထား တိုက်ခိုက်တာကို တွေ့ရပါတယ်။

တရုတ်က အခွန်တိုးကောက်တဲ့ ထဲမှာ ethanol ပါနေတာ ဖြစ်ပြီး ပြောင်းအဓိကထွက်တဲ့ Iowa ပြည်နယ်ဟာ ethanol ကိုလည်း အဓိကထုတ်နိုင်တာမို့ ဒီပြည်နယ်အတွက် ထိခိုက်နိုင်တယ်လို့ စီးပွါးရေးပညာရှင် Swenson ကလည်း ပြောပါတယ်။

တချို့ လေ့လာသုံးသပ်သူတွေကတော့ တကယ်လို့ အမေရိကန် သမ္မတ Trump ကသာ အမေရိကန်ရဲ့ နည်းပညာလွှဲပြောင်းပေးမှုနဲ့ ဉာဏပစ္စည်းမူပိုင်ခွင့် ခိုးယူမှု အပေါ်ပစ်မှတ်ထားလာမယ့် ဆိုရင်တော့ ကုန်သွယ်ရေးစစ်ပွဲဟာ မလွဲမသွေ ဖြစ်လာစေနိုင်မယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် တချို့ကလည်း သမ္မတ Trump ဟာ ဒီလောက်အထိတော့ ပြင်းပြင်းထန်ထန်မလုပ်လောက်ဖူးလို့ ယုံကြည်ကြသလို သူ့ကို ထိခိုက်လာနိုင်မယ်ဆိုရင် နောက်ဆုတ်နိုင်တယ်လို့ ဆိုပါတယ်။

ဘာပဲပြောပြော တနင်္လာနေ့မှာ အမေရိကန် စတော့ရှယ်ယာဈေးတွေ ထပ်ပြီးထိုးကျခဲ့သလို အင်္ဂါနေ့မှာတော့ အာရှနဲ့ ဥရောပ စတော့ရှယ်ယာ ဈေးကွက်တွေဟာ ဆက်ပြီးကျဆင်းနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG