သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ တရုတ် ဆန့်ကျင်ရေးပြင်းထန်


Binh Duong ပြည်နယ်မှာ ဗီယက်နမ်အလုပ်သမားတွေ ဆန္ဒပြနေစဉ်
Binh Duong ပြည်နယ်မှာ ဗီယက်နမ်အလုပ်သမားတွေ ဆန္ဒပြနေစဉ်
ဗီယက်နမ်ကမ်းလွန်ပင်လယ်မှာ ရေနံတူးစင်တည်ဆောက်ရေး တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေကြတဲ့ ဗီယက်နမ် ဆန္ဒပြသူတွေက တရုတ်စက်ရုံတွေ အတော်များများကို ဖောက်ထွင်းလုယက် မီးရှို့ခဲ့ကြပါတယ်။

တောင်ပိုင်း Binh Duong ပြည်နယ်မှာ ထောင်သောင်းချီတဲ့ အလုပ်သမားတွေ အင်္ဂါနေ့က အလုပ်မဆင်းဘဲ တရုတ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို အကြီးအကျယ် ဆင်နွှဲခဲ့ကြပါတယ်။

တရုတ်နာမည်နဲ့ စက်ရုံတွေရှေ့မှာ ထောင်နဲ့ချီတဲ့ ယူနီဖောင်းဝတ် ဗီယက်နမ် အလုပ်သမားတွေက နိုင်ငံတော် အလံတွေကို ဝှေ့ယမ်း၊ မော်တော်ဆိုင်ကယ်တွေ ဟွန်းတီး၊ တရုတ်ဆန့်ကျင်ရေး သီချင်းတွေ သီဆိုပြီး ဆန္ဒပြနေတဲ့ပုံတွေကို Social Media လူမှုကွန်ယက်တွေမှာ တင်ထားတာ တွေ့ရပါတယ်။

တရုတ်ပိုင်စက်ရုံ ၃ ရုံထက်မနည်း ဖောက်ထွင်းလုယက် မီးရှို့ခံခဲ့ရတယ်လို့ ဗီယက်နမ်-စင်္ကာပူစက်မှုဇုန် တာဝန်ခံတွေက ပြောပါတယ်။ စက်ရုံ ၁၂ ရုံ တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း တခြားသတင်းမှာ ဖော်ပြကြပါတယ်။ တိုက်ခိုက်ခံရတဲ့ တချို့စက်ရုံတွေကတော့ ထိုင်ဝမ်ပိုင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုသူ မျက်မြင်တဦးကတော့ ရုတ်ရုတ်သဲသဲ ဖြစ်နေတာတွေကို တွေ့ခဲ့ရတယ်လို့ ဗွီအိုအေ-ဗီယက်နမ်ဌာနကို ပြောပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အဓိကရုဏ်းထိန်းရဲတွေက အခြေအနေ တည်ငြိမ်အောင် ကြိုးစားနေကြပြီး စက်ရုံအတော်များများ ပိတ်ထားရပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဗီယက်နမ်ကိုသွားမယ့် တရုတ်နိုင်ငံသားတွေအနေနဲ့ ခရီးစဉ်ကို သေသေချာချာ သုံးသပ်ပြီး သတိရှိကြဖို့ နှိုးဆော်ထားပါတယ်။
XS
SM
MD
LG