သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကိစ္စ တရုတ်အစိုးရ ဖြေရှင်းချက်တောင်း


တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသပြမြေပုံ။
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသပြမြေပုံ။

မြန်မာလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်လူမျိုးတွေ သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အမြန်ဆုံး အလေးအနက်ထား တာဝန်ယူ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မြန်မာလေကြောင်းတိုက်ခိုက်မှုကြောင့် ယူနန်ပြည်နယ်ထဲက ကြံခင်းတခု သောကြာနေ့တုန်းက ဗုံးထိမှန်ပြီး တရုတ်လူမျိုး ၄ ယောက် သေဆုံး ၉ ယောက် ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ တရုတ်သံအမတ်ကြီး Yang Houlan က နေပြည်တော်မှာ ဒုသမ္မတ စိုင်းမောက်ခမ်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သီးခြားစီတွေ့ဆုံပြီး ကန့်ကွက်ခဲ့တယ်လို့ ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်လူမျိုးတွေ လေယာဉ်ဗုံးမှန် သေဆုံးခဲ့တဲ့ တနေ့တည်းဖြစ်တဲ့ သောကြာနေ့မှာပဲ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးသစ်လင်းအုန်းကို တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ဆင့်ခေါ်ပြီး အပြစ်တင် ကန့်ကွက်ခဲ့တာကို တရုတ်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အသေးစိတ်စုံစမ်းစစ်ဆေးပေးဖို့နဲ့ စစ်ဆေးတေ့ွရှိချက်တွေကို တရုတ်အစိုးရကို တင်ပြဖို့အတွက်
တောင်းဆိုခဲ့တယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ရှင်ဟွာသတင်းကို ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး နောက်ထပ် မဖြစ်အောင် ထိထိရောက်ရောက် ဆောင်ရွက်ဖို့နဲ့၊ တရုတ်မြန်မာနယ်စပ် တည်ငြိမ် လုံခြုံအောင် ဆောင်ရွက်ဖို့လဲ မြန်မာအစိုးရကို သူက တောင်းဆိုခဲ့ပါတယ်။
တရုတ်ပိုင်နက်နားကို ရောက်လာတဲ့မြန်မာလေယဉ်တွေကို စောင့်ကြည့်၊ သတိပေး၊ မောင်းထုတ်ဖို့ တိုက်လေယဉ်တွေကို တရုတ် မြန်မာ နယ်စပ်နားကို စေလွှတ်ထားတယ်လို့ တရုတ် လေတပ်ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

တရုတ်မြန်မာနယ်စပ်နားက ကိုးကန့်ဒေသမှာ မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာနဲ့အတူ တရုတ်လေတပ်က နယ်စပ် အခြေအနေကို သတိအနေအထားနဲ့ အနီးကပ် စောင့်ကြည့်နေပြီး တရုတ်လေကြောင်းပိုင်နက် လုံခြုံရေးအတွက် ကာကွယ်သွားမှာဖြစ်တယ်လို့
တရုတ်လေတပ်ပြောခွင့်ရသူ Shen Jinke ကလည်း ပြောကြားထားပါတယ်။

အခုသီတင်းပတ်အစောပိုင်းတုန်းကလည်း မြန်မာဘက်က ပစ်လိုက်တဲ့ ဗုံးတလုံးကျခဲ့လို့ ယူနန်ပြည်နယ်ထဲက အိမ်တလုံးပျက်ဆီးခဲ့ပါတယ်။ အဲဒီတုန်းကတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်ရှင်။

XS
SM
MD
LG