သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဘက်က မြန်မာနိုင်ငံသားတွေရဲ့ ငွေစာရင်းတချို့ ထိန်းချုပ်မှုကြောင့် စီးပွားရေးနစ်နာ


တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ မြန်မာ့သစ်။ မှတ်တမ်းဓာတ်ပုံ။ မေလ ၂၅ ၂၀၁၂။
တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ မြန်မာ့သစ်။ မှတ်တမ်းဓာတ်ပုံ။ မေလ ၂၅ ၂၀၁၂။

တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို ငွေသွင်း ငွေထုတ်လုပ်လို့ မရအောင် ဆိုင်းငံ့လိုက်ပြီး နောက်ပိုင်း အများစုကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ငွေကြေး ရရှိတဲ့ အရင်းအမြစ်တွေကို စစ်ဆေးနေဆဲ ဖြစ်တာကြောင့် မြန်မာဘက်က ဘဏ်စာရင်း တချို့ကိုတော့ ဆက်ပြီး ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ တရုတ်ဘက်က မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို ထိန်းချုပ်လိုက်တာကြောင့် ကုန်သွယ်ရေး အပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

တရုတ်ဘဏ်တွေမှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို ဒီလလယ်ပိုင်းမှာ တရုတ်ဘက်က ငွေသွင်း၊ ငွေထုတ် လုပ်လို့ မရအောင် ထိန်းချုပ်လိုက်တာပါ။ လောင်းကစား၊ ငွေကြေး ခဝါချမှု၊ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ သံသယနဲ့ မြန်မာနိုင်ငံဘက်က ဘဏ်စာရင်းတွေကို တရုတ်က ထိန်းချုပ်လိုက်တာကြောင့် နယ်စပ် ကုန်သွယ်ရေး အပေါ်မှာ ယုံကြည်မှုတော့ ကျဆင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူဆယ်ဒေသခံ တဦးဖြစ်တဲ့ စိုင်းမြင့်လွင်က အခုလို ပြောပါတယ်။

“ ကုန်သွယ်ရေးကတော့ ကားတွေ အဝင်အထွက်ကတော့ တော်တော်နည်းသွားတယ်ဗျ။ မိုးရာသီ ဖြစ်လို့လားတော့ မသိပါဘူး။ ဟိုမှာ သွားနေကြတာဘဲ။ လူတွေက အလုပ်လုပ်ရတာ နည်းနည်း ချင့်ချိန်ပြီးတော့ အလုပ်လုပ်နေရတာဘဲ။ ယုံကြည်မှု နည်းနည်း နည်းသွားတာပေါ့နော်။ အဲလိုမျိုးပေါ့။ ယုံကြည်မှု နည်းနည်းလေး ပြန်တည်ဆောက်ရမှာပေါ့။ ”

အခုတော့ တရုတ်ဘက်က မြန်မာနိုင်ငံဘက်က ဘဏ်စာရင်းတွေကို အများစု ပြန်ဖွင့်ပေးလိုက်ပြီး ကျန်တာတွေကိုတော့ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက အခုလို ပြောပါတယ်။

“ ၇၀ ရာခိုင်နှုန်းလောက် ပြန်ဖွင့်ပါတယ်။ ကျန်တာတွေကတော့ စိစစ်နေတာ မပြီးသေးလို့ပါ။ ”

လောင်းကစား၊ မူးယစ်၊ လက်နက်ကိုင်တွေနဲ့ ပတ်သက်မှုလို့ တရုတ်ဘက်က သံသယနဲ့ သာမန် ကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေ အားလုံးကို ပိတ်လိုက်တာလို့ မူဆယ် ဒေသခံ စိုင်းမြင့်လွင်က ပြောပါတယ်။

“ သူတို့က ကစားဝိုင်းတွေ ရှိတယ်လေ။ နယ်စပ်မှာ ကစားဝိုင်းတွေ ရှိတယ်။ နောက်ပြီးတော့ မူဆယ်တင် မဟုတ်ဘူး။ နောက် ချင်းရွေဟော်တို့ ကိုးကန့်ဘက်မှာလည်း ကစားဝိုင်းတွေ ရှိတယ်။ ကာစီနို ကစားဝိုင်းတွေပေါ့။ အဲဒီ ကစားဝိုင်းက ရတဲ့ငွေတွေ တရုတ်ဘက်ကို ငွေလွှဲတာတွေ အဲဒါတွေနဲ့ ရောပြီးမှ ကျနော်တို့ ဒီ ပဲကုန်သည်၊ နှမ်းကုန်သည်တွေကို သူတို့က သိမ်းကြုံးပြီးတော့ သူတို့က ခဏ ပိတ်ထားလိုက်တာ ပေါ့နော်။ ”

မြန်မာနိုင်ငံဘက်က ဘဏ်စာရင်းတွေကို တရုတ်ဘက်က ထိန်းချုပ်လိုက်တဲ့ အပေါ် ကုန်သည်တွေက ပြီးခဲ့တဲ့ သတင်းပတ်မှာ စုပေါင်း ဆန္ဒပြခဲ့ကြပြီး ဘဏ်စာရင်းတွေ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ မူလက မြန်မာနိုင်ငံဘက်က အပ်နှံထားတဲ့ ဘဏ်စာရင်းတွေကို သုံးလတာ ဆိုင်းငံ့ပြီး စစ်ဆေးမယ်လို့ တရုတ်ဘက်က ပြောဆိုထားခဲ့တာ ဖြစ်ပေမယ့် သတင်း၂ ပတ် အတွင်းမှာ အများစုကို ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG