သုံးရလွယ်ကူစေသည့် Link များ

တရုတ်ဘဏ်တွေရှိ မြန်မာနိုင်ငံသားငွေစာရင်း ၄၀၀ နီးပါး အပိတ်ခံရ


တရုတ်မြန်မာနယ်စပ်

တရုတ်နိုင်ငံနဲ့ ကုန်သွယ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ တရုတ်ဘဏ်တွေမှာ ထားရှိတဲ့ ဘဏ်စာရင်းတွေကို စိစစ်ဖို့အတွက် ၃ လကြာဆိုင်းငံ့ ထားမှာဖြစ်တယ်လို့ တရုတ် အစိုးရဘက်ကနေ တရားဝင်ညှိုနှိုင်းစဉ်မှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိချိန်ထိ ဘဏ်စာရင်း ပေါင်း ၄၀၀နီးပါး ဆိုင်းငံ့ပိတ်ခံရတယ်လို့ တရုတ်နိုင်ငံဘက်က တရားဝင် အကြောင်းကြားခဲ့ပြီး၊ ဒီထက်လည်းထပ်ပိုလာနိုင်ဖွယ်ရှိတယ်လို့ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းကပြောပါတယ်။ လောလောဆယ် အစိုးရချင်းညှိုနှိုင်းနေဆဲဖြစ် တာမို့ ဘယ်လောက်ကြာ ကြာပိတ်ထား မလဲမသိရသေးပါဘူး။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

လောင်းကစား၊ ငွေကြေးခဝါချမှုအပါအဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်စပ်တယ်လို့ သံသရရှိတဲ့ မြန်မာနိုင်ငံဘက်က ဘဏ်အကောင့်တွေကို တရုတ်အစိုးရဘက်ကနေ ပြီးခဲ့တဲ့ ဇွန် ၁၄ရက်နေကစပိတ်လိုက်တာဖြစ်တယ်လို့ တရုတ် အစိုးရဘက်ကနေ တရားဝင်ညှိုနှိုင်းစဉ် တရုတ်နိုင်ငံဘက်ကနေ ပြောဆိုခဲ့တယ်လို့မူဆယ် နယ်စပ် ကုန် သွယ်ရေးစခန်းက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ ရွှေလီမြို့တော်ဝန်ကနေပိတ်ခိုင်းတာဖြစ်ပြီး ဒီထဲမှာ မြန်မာနိုင်ငံဘက်က ခန့်မှန်းခြေအနေနဲ့ အကောင့် ၅၀၀နီးပါးလောက်အပိတ်ခံရနိုင်တယ်လို့ပြောပါတယ်။

မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းက အတွင်းရေးမှုးဖြစ်သူ ဦးထွန်းဦးကတော့ အကောင့်တွေပိတ်ခံရတာနဲ့ပတ်သတ်လို့ တရုတ်နိုင်ငံဘက်က အကောင့် တွေကို စစ်ဆေးဖို့စီစဉ်ထားတာမို့ အနည်းဆုံး ၃လထိပိတ်မယ်လို့ပြောဆိုထားပြီး ဒီအပေါ်မြန်မာအစိုးရဘက်ကညှိုနှိုင်းနေတယ်လို့ ပြောပါတယ်။ ဒီလိုအကောင့်တွေအပိတ်ခံ လိုက်ရတာနဲ့ပတ်သတ်လို့ သူက

“၃၀၉ ဦး ရှိတယ် ကျနော်တို့ဆီအခုစာရင်းလာပို့ထားတာကတော့ ကုန်သည်လုပ်ငန်းရှင်တွေ ၃၀၉ ဦးရှိပါတယ်။ဒီလိုဖြစ်စဉ်မှာ သူတို့ဘက်ကလည်း အမြန်ဆုံးကူညီဖြေရှင်းပေးမယ်လို့ ပြောသွားတယ်။ ပြောသွားတော့ သူတို့က အချိန်အနေနဲ့ကတော့ ၃ လပေါ့လေ။ ၃ လဆိုတဲ့နေရာမှာ ဒီဘက်က လုံးဝမဖြစ်နိုင်ဘူး ကျနော်တို့ ကုန်သည်လုပ်ငန်းရှင်တွေအများကြီးနစ်နာပါတယ် ဆိုတော့ အမြန်ဆုံးဆောင်ရွက်ပေးပါ ဖြစ်နိုင်ရင် တပတ် အတွင်းဆောင်ရွက်ပေးပါလို့ ကျနော်တို့ သူတို့ကိုအဲလိုတောင်းဆိုထားပါတယ်။”

တရုတ်နိုင်ငံဘက်က ကြိုတင်အသိပေးခြင်းမရှိဘဲ အခုလိုပိတ်ပင်လိုက်တာဖြစ်ပြီး လက်ရှိချိန်မှာ အဓိက ကုန်သွယ်မှုလုပ်ငန်းတွေရပ်တံ့သွားနိုင်ပါတယ်။ လက်ရှိ ဘဏ် အကောင့်တွေပိတ်ခံရမှုနဲ့ပတ်သတ်ပြီး နယ်စပ်စခန်းတွင်းရှိကုန်သွယ်မှုအခြေအနေကို ဦးထွန်းဦးက ခုလိုပြောပါတယ်။

“ဒီမှာက ကုန်သွယ်မှုကျလာမယ်၊ ကုန်သွယ်မှုကျလာရင် နိုင်ငံတော်က ရသင့်တဲ့အခွန်အခတွေလည်း ကျလာမယ်ပေါ့ခင်ဗျ. နောက်ပြီးတော့ ကျနော်တို့ ဒီလိုပိတ်ခံထားလိုက်ရတဲ့အတွက် ကျနော်တို့ ငွေကြေးစီးဆင်းမှု နည်းနည်းအခက်အခဲလေး ဖြစ်လာနိုင်တယ်ပေါ့ခင်ဗျ ဒီဘက်မှာ ကျနော်တို့ ငွေလဲတဲ့နှုန်းတွေ မြန်မာငွေက ကျနိုင်ပြီးတော့ သူတို့ တရုတ်ငွေက တက်သွားနိုင်တယ်ပေါ့ခင်ဗျ။ ကုန်သွယ်မှုနဲ့ ဆက်စပ်ပြီးလုပ်တဲ့ ကားသမားတွေ၊ လုပ်ငန်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ လုပ်သားကစပြီးတော့ ၊ ကုန်ပစ္စည်းမသယ်ရဘူးဆိုပြီးရင် လုပ်ငန်းတွေလည်း ရပ်ရတော့မှာပေါ့ အဲလိုမျိုးတွေဖြစ်လာနိုင်တယ်။ ကားခ တန်ဖိုးတွေ လျော့ကျလာမယ် အဲလိုမျိုးတွေဖြစ်လာနိုင်မယ်။ အဲလိုဖြစ်လာရင် နောက်ဆုံးအကျိုးဆက်ကတော့ ၀င်ငွေနည်းလာတဲ့အတွက် ပြည်တွင်းမှာလည်း နည်းနည်းကျပ်တည်း မယ့်အနေအထားမျိုးတော့ ရှိတာပေါ့ခင်ဗျ။”

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာစိုးထွန်းကတော့ ဒီပိတ်ပင်လိုက်တာ နဲ့ပတ်သတ်လို့ သူက

“ဒါက တရုတ်ကတော့ ပြောတာပေါ့နော် မူးယစ်ဆေးဝါးတို့ လို့ပြောတာပေါ့နော် ကျနော်တို့မြင်တာကတော့ မူးယစ်ဆေးဝါးဖြစ်ဖြစ်၊ လက်နက်ကိုင်ဖြစ်ဖြစ် ပိတ်ာတော့ တပိုင်းပေါ့နော် ကျနော်တို့ကတော့ သာမန်သုံးတဲ့အကောင့်တွေပါ ပိတ်ခံရတာပေါ့နော်။အများစုကတော့ သာမန်ကုန်သွယ်မှုလုပ်နေတဲ့လူတွေများပါတယ်။ မူးယစ်ဆေးဝါးဆိုပြီးတော့ အကောင့်၁ထောင်လုံးကတော့ မူးယစ်ဆေးဝါးနဲ့ ဘယ်လိုဆက်နွယ်ပြီးတော့ ဖြစ်နိုင်မလဲ ၊ ဖြစ်နိုင်တဲ့ဟာဆိုရင်လည်း ဖြစ်နိုင်တဲ့အကောင့်ကိုပဲ ပိတ်သင့်တယ်ပေါ့နော်။”

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဈေးကွက်ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဈေးကွက်တခုဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိချိန်ထိ တရုတ်ဘက်က မူဆယ်ကနေ တရားဝင် ကုန်သွယ်ခွင့်မပြုထားပါဘူး။ မြန်မာနိုင်ငံဘက်ကသာတရားဝင်အနေနဲ့ ကုန်စည်တွေတင်နေတာပါ။ ဒီလိုကြောင့်တရုတ်နိုင်ငံဘက်က မကြာခဏဆို သလိုအဖမ်းအဆီးတွေလုပ်တာခံရပါတယ်။ လက်ရှိအချိန်ထိ စာရင်း ဘယ်လောက်ပိတ်ခံရပြီးငွေကြေးအမောင့် ဘယ်လောက်လဲဆိုတာကို အတိအကျမသိရသေးပါဘူး။ စာရင်းတွေကိုတရုတ်နိုင်ငံဘက်ကိုတောင်းထားဆဲဖြစ်ပါတယ်။

XS
SM
MD
LG