သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်နယ်မြေ စစ်တပ်အင်အားဖြည့်မှု တိုင်းရင်းလက်နက်ကိုင်တွေ သတိနဲ့ စောင့်ကြည့်


ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ သင်္ကြန်ကာလ တိုက်ပွဲဖြစ်ပွားတာတွေ ငြိမ်သက်နေပြီး အစိုးရတပ်မတော်ဖက်က ဒီရက်ပိုင်း တွေအတွင်း စစ်ကား အစီး ၁၀၀ လောက် မူဆယ်ဘက်ကို ရောက်သွားတဲ့အပေါ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သတိထားစောင့်ကြည့်နေပါတယ်။ ဒီလို စစ်ကားတွေ ရောက်တဲ့အပေါ်မှာတော့ အစိုးရတပ်မတော်က တပ်တွေ အလဲအလှယ် လုပ်တာလို့ သုံးသပ်တာလဲ ရှိပါတယ်။ ဒီနှစ်အစောပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောက်ဆုံးအခြေ အနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းအတွင်းမှာ တိုက်ပွဲတွေ အဆက်မပြတ်ဆိုသလို ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ သင်္ကြန်ရက်ပိုင်းတွေအတွင်းမှာတော့ သိသိသာသာ တိတ်ဆိတ်သွားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မြန်မာတပ်မတော်ဖက်က လှုပ်ရှားမှုတချို့ရှိခဲ့တဲ့အပေါ် TNLA ခေါ် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးတာအိုက်ကျော်က အခုလို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားမှုကတော့ သင်္ကြန်ပြီးနောက်ပိုင်း နဲ့ သင်္ကြန်ကာလမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘူး။ ထိုးစစ်ကတော့ များတယ်၊ ထိုးစစ်ကတော့ ပြီးခဲ့တဲ့ ၃-၄ ရက်က မြန်မာ့တပ်မတော်က ကားအစီး ၁၀၀ လောက်မူဆယ်ဘက်ကို ရောက်လာတယ်။ အစီး ၁၀၀ လောက်ရှိတယ်။ တပ်မ ၈၈ လို့တော့ သိရတာပေါ့နော် ဒီမူဆယ်ဘက်ကို မိုးကိုး၊ ဖောင်းဆိုင် အဲဒီဘက်အခြမ်းက ဆင်းလာတာ တဝက်လောက်ရှိတယ်၊ နမ့်ခမ်း ဘက်က ဆင်းလာတာ တဝက်လောက်ရှိတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIO တပ်မဟာ ၄ က တပ်မှုးတဦးက တော့ အခုလို
သုံးသပ်ပါတယ်။
“သူတို့ တပ်အပြောင်းအလဲ တပ်ချိန်း ကြတယ်။ အခုမိုးကိုး ဒေသရယ် ၊ ဒီဘက်က နမ့်ခမ်း၊ နောင်မှု၊ ကွတ်ခိုင်။ ဒီဘက်က မန်တုန် ဒေသ အခုတချို့က လဲပြီးပြန်ချိန်းနေကြတယ်။”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာတော့ ဒီအချိန်ဟာ လက်ဖက်ခူး တဲ့ အချိန်ဖြစ်တာကြောင့် TNLA ဖက်က တိုက်ပွဲမဖြစ်အောင် ရှောင်ရှားနေကြောင်းလည်း ဗိုလ်မှုးတာအိုက်ကျော်က ဆိုပါတယ်။
“ကျနော်တို့ဘက်က အခုအချိန်မှာ ကျနော်တို့ တောင်သူပေါ့ သူတို့က အခု ရွှေဖီလက်ဖက်ခေါ်တာပေါ့ ဒေသထွက်ပါပဲ။ ၁ နှစ်လုပ်မှ ဒီရာသီက အားကိုးရတာပေါ့။ အဲဒါကြောင့် ကျနော်တို့ တိုက်ပွဲမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်နေပါတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖက်မှာလည်း အခြေအနေဟာ ပြန်လည်တည်ငြိမ်လာနေပြီး လောက်ကိုင်မြို့က တိမ်းရှောင်သွားသူ အတော်များများလည်း ပြန်လာနေပြီဖြစ်ပါတယ်။
လောက်ကိုင်မြို့အခြေအနေကိုတော့ လောက်ကိုင်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မြို့ထဲကိုတော့ လူတွေကတော့ ပြန်ဝင်လာပြီခင်ဗျ၊ အားလုံးတော့ ပြန်မရောက်သေးဘူး။ တော်တော်များများတော့ ပြန်ရောက်နေပြီ ၊အရင်လိုတော့ မဖြစ်သေးဘူး၊ ကားတွေကတော့ ပုံမှန်အတိုင်း သွားနေပါပြီ။”

ပစ်ခတ်သံတွေကိုတော့ တခါတရံမှာ အနည်းအကျဉ်း ကြားနေရဆဲရှိကြောင်းလည်း ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ မူဆယ်- လားရှိုးလမ်းဟာ
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိက လမ်းမဖြစ်သလို ကိုးကန့်ဒေသဖက်
ချင်းရွှေဟော်ဟာလည်း အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလက မူဆယ်ဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အဲဒီဘဏ္ဍာနှစ်အတွင်းမှာ အရင်နှစ်နဲ့ နှိုင်းစာရင် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော်အထိ ကျဆင်းခဲ့သလို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွား တဲ့ လောက်ကိုင်ဒေသတိုက်ပွဲကြောင့် တရက်ကို ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ တသိန်းခွဲလောက်ကနေ ၅ သိန်းအထိကျဆင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG