သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်မရပ်အဖွဲ့ ပန်ခမ်းညီလာခံ ဆုံးဖြတ်ချက် ငြိမ်းကော်မရှင် ဆွေးနွေးညှိနှိုင်း


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ရဲ့ ပန်ခမ်း မျက်နှာစုံညီအစည်းအဝေး (Lachid Kachin)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ရဲ့ ပန်ခမ်း မျက်နှာစုံညီအစည်းအဝေး (Lachid Kachin)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ရဲ့ ပန်ခမ်း မျက်နှာစုံညီအစည်းအဝေးအပြီးမှာ ဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ လက်နက်ကိုင်တပ်ပေါင်းစုအသစ်တခု မဟုတ်သလို စစ်ရေးရည်ရွယ်ချက်အရ ဖွဲ့စည်းတာမဟုတ်ကြောင်း ပလောင်တပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုပါတယ်။ ဒီကော်မတီဖွဲ့စည်းရတာဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA အရ အပစ်အခတ် ရပ်စဲရေးကို မဖော်ဆောင်နိုင်တာကြောင့် လမ်းကြောင်းသစ်ဖော်ဆောင်ဖို့ ဖွဲ့စည်းလိုက်တာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒီသတင်းကို ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ တရုတ်မြန်မာနယ်စပ်ဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ဟာ UWSA ခေါ် ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းခေါ် ပန်ခမ်းမှာဒီလ ၁၅ရက်ကနေ ၁၉ရက်နေ့အထိ မျက်နှာစုံညီအစည်းအဝေးကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးပြီးနောက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးဖို့အတွက် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီကို တရားဝင် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီကော်မတီနဲ့ပတ်သက်ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ရဲ့ အထွေထွေအတွင်းရေးမှုး တာ့ဘုန်းကျော်က အခုလို ပြောပါတယ်။

“စုဖွဲ့တာက ကျနော်တို့ တပ်ပေါင်းစုဆန်တဲ့သဘောမျိုးမဟုတ်ပါဘူး။ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်း ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီကိုကျနော်တို့ ဖွဲ့ထားတာဖြစ်ပါတယ်။ လက်တွေ့ကျကျ ကျနေ်ာတို့ ပစ်ခတ်ရပ်စဲမှုတွေလုပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု နည်းလမ်းအသစ်ကို ကျနော်တို့ ဆောင်ရွက်ဖို့ ဖွဲထားတဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် ကျနေ်ာတို့ စုဖွဲ့မှုတွေက နိုင်ငံရေးဟာတွေကို ဆွေးနွေးညှိနှိုင်းဖို့အတွက် ဖွဲ့စည်းထားတဲ့ကော်မတီဖြစ်ပါတယ်။ ကျနော်တို့က စစ်ရေးအရ ပြင်ဆင်စုဖွဲ့တဲ့ကော်မတီမဟုတ်ပါဘူး။”

ဒီကော်မတီမှာ ပါဝင်တဲ့ UWSA ဝတပ်ဖွဲ့နဲ့ NDAA မိုင်းလားတပ်ဖွဲ့ဟာ အစိုးရနဲ့ စစ်ရေး ပဋိပက္ခဖြစ်ပွားတာမရှိဘဲ ကျန် KIO ကချင်တပ်ဖွဲ့၊ PSLF/TNLA ပလောင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖဲ့ွ၊ AA ခေါ် ရခိုင်တပ်ဖွဲ့တွေက အစိုးရနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို SSPP ခေါ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကတော့ တခါ တရံ အစိုးရတပ်မတော်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာဖြစ်ပါတယ်။

အခုလို ကော်မတီဖွဲ့စည်းပြီး NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးရတဲ့ အဓိက အချက်ကိုတော့ တာ့ဘုန်းကျော်က အခုလို ဆက်ပြောပါတယ်။

“NCA လမ်းကြောင်းက မြန်မာ့တပ်မတော်က သူလိုရာ ပြုပြင်မွမ်းမံပြီးမှ ချမှတ်ထားတဲ့ လမ်းကြောင်းတွေဖြစ်တယ်။ အခုဆောင်ရွက်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုတာကလည်း အရင်တုန်းက ၉၃ တုန်းက အမျိုးသားညီလာခံနဲ့ ဘာမှ သိပ်မကွာဘူး။ ဒါကြောင့် ကျနေ်ာတို့က ဒီအတိုင်းပဲ လိုက်မယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုးပဲ ၊ ဒါမျိုးတွေပဲ ဖြစ်နေမယ်ဆိုရင် ဒါက ဘယ်လိုမှ ဆွေးနွေးလို့ရမှာမဟုတ်ဘူး ။ ဒါကြောင့်မို့လို့ ကျနေ်ာတို့က နိုင်ငံရေးနည်းလမ်းအသစ်နဲ့ ချဉ်းကပ်မှုပုံစံအသစ်နဲ့ ဆောင်ရွက်သွားဖို့လိုနေလို့ ကျနေ်ာတို့က လမ်းကြောင်းအသစ်ကို ပြင်ဆင်ညှိနှိုင်းနေကြတာဖြစ်ပါတယ်။”

လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ကော်မတီက အစိုးရနဲ့ ဆွေးနွေးဖို့အတွက် နိုင်ငံရေးမူဝါဒတရပ်ကိုလည်း ချမှတ်ထားပြီး ဒီမူဝါဒဟာ ၂၁ရာစုပင်လုံမှာ UWSA ဝတပ်ဖွဲ့က တင်ပြတဲ့ စာမျက်နှာ ၃၀ပါ စာတမ်းကို အခြေခံထားတာဖြစ်ပါတယ်။

လောလောဆည်မှာ နိုင်ငံရေးမှုဝါဒကို အစိုးရဆီပေးပို့ပြီး အမြန်ဆုံးတွေ့ဆုံနိုင်ဖို့ကို ပြင်ဆင်နေကြောင်း တာ့ဘုန်းကျော်က ပြောပါတယ်။ ဒီလိုဆွေးနွေးရာမှာ တဖွဲ့ချင်းအနေနဲ့ မဆွေးနွေးဘဲ ၇ဖွဲ့လုံးပါဝင် ဆွေးနွေးဖို့ဆုံးဖြတ်ထားပြီး သင်္ကြန်မတိုင်မီက စီစဉ်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ပလောင်၊ ကိုးကန့်၊ AA ခေါ် ရခိုင်တပ်ဖွဲ့တွေတွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်လည်း မဖြစ်မြောက်တော့ကြောင်း ပြောပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်ကတော့ ပန်ခမ်းထုတ်ပြန်ကြေညာချက်အပေါ်မှာ ဆွေးနွေးနေဆဲရှိကြောင်း ပြောပါတယ်။

“ကျနော်တို့အခုအချိန်အထိကတော့ ဆွေးနွေးနေကြတုန်းပါပဲ။ နောက်သူတို့ဆီက ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေ ကြေညာချက်တွေ မူကြမ်းတွေကို တချို့သဘောထား မူကြမ်း ဒါလေးတွေကို ကျနော်တို့ စဉ်းစားနေကြပါတယ်၊ ဆွေးနွေးနေကြပါတယ်။ လောလောဆယ်တော့ အဖြေမထွက်သေးပါဘူး ကျနော်တို့ဘယ်လို လုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ဆုံးဖြတ်နိုင်တဲ့အနေအထား ထိမရှိသေးဘူး။ ကျနေ်ာတို့လေ့လာ သုံးသပ်နေဆဲအခြေအနေပဲ ဖြစ်ပါတယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ အခက်အခဲတွေရှိနေလည်း ဆက်လက်အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးအောင်ကြည်က အခုလို ဆက်ပြောပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာကတော့ ပန်းခင်းတဲ့လမ်းမဟုတ်ဘူးလေ။ အမြဲတမ်း သူက အခက်အခဲတွေနဲ့ ရှိနေကြတာပါပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့ ကျနေ်ာတို့ကတော့ ရှေ့ကိုရောက်အောင် ကျနော်တို့သွားရမှာပဲလေ။ ဒီကျနေ်ာတို့သွားချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ကျနေ်ာတို့ ရောက်အောင်သွားရမှာပါပဲ ဒါတွေအားလုံးကို ကျနော်တို့ ဖြေရှင်းနိုင်တဲ့ အဖြေတခုတော့ ဘာပဲဖြစ်ဖြစ် ရောက်လာမယ်လို့ ကျနေ်ာတို့ မျှော်လင့်ပါတယ်။”

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က လက်မှတ် ရေးထိုးထားသလို လာမယ့် မေလမှာ ကျင်းပဖို့လျာထားတဲ့ ၂၁ရာစုပင်လုံမတိုင်မီမှာ ထိုင်းနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၅ဖွဲ့က လက်မှတ်ရေးထိုးမယ့် အလားအလာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG