သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအင်အားစုတချို့ ပန်ခမ်းမှာတွေ့ဆုံ


United Wa State Army (UWSA) ဌာနချုပ် ပန်ဆန်းမှာ စစ်ရေးလေ့ကျင့်နေကြစဉ်။ (အောက်တိုဘာ၄-၂၀၁၆)
United Wa State Army (UWSA) ဌာနချုပ် ပန်ဆန်းမှာ စစ်ရေးလေ့ကျင့်နေကြစဉ်။ (အောက်တိုဘာ၄-၂၀၁၆)

ဒုတိယအကြိမ် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာ UNFC မဟာမိတ်တပ်ပေါင်းစုမှာ သဘောထားကွဲလွဲတာ မဟုတ်ပဲ မတူတာကို ခွဲလုပ်တဲ့ သဘော သာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အရေး အနီးကပ်စောင့်ကြည့်နေသူ တဦးက သုံးသပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အားလုံးပေါင်းရဲ့ ၇၅%ကျော်ရှိနေတဲ့ UWSA၊ KIA၊ SSPP-SSA၊ NDAA ၊ MNDAA ၊ TNLA ၊ AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို UWSP ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ် ပန်ခမ်းမှာ ဧပြီလ (၁၄)ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ အရင်ရပ်တည်ချက်ဖြစ်တဲ့ NCA အပစ်အခတ် ရပ်စဲရေး စာချုပ်အတိုင်းမသွားပဲ တန်းတူနိုင်ငံရေးဆွေးနွေးပွဲနဲ့ သွားမယ်ဆိုတဲ့မူအရ အခုအစည်းအဝေးမှာ မြန်မာအစိုးရနဲ့ တပ်မတော်တို့ နဲ့ ဆွေးနွေးဖို့ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်မယ်လို့ သုံးသပ်ကြောင်း တိုင်းရင်းသား အရေးလေ့လာသုံးသပ်သူ ကိုမောင်မောင်စိုးကပြောပါတယ်။

" ဝနယ်က ထွက်လာမယ့် ဆုံးဖြတ်ချက်ကတော့ ဖြစ်နိုင်ခြေများတာကတော့ အရင်အတိုင်းပဲ NCA အတိုင်း မသွားဘူး။ နိုင်ငံရေးဆွေးနွေးမယ်။ ဆွေးနွေးမယ် ဆိုတဲ့မူကိုရပ်ခဲ့ပြီး သူတို့ကတော့ ဆွေးနွေးတဲ့ကိုယ်စားလှယ် အဖွဲ့ဖွဲ့မှာပဲ။ အဲ့ဒီ့ဆွေးနွေးတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်က ဘယ်လိုပုံစံနဲ့တုန့်ပြန်မလဲဆိုတာတော့ အရေးကြီးတယ်။ ဆိုလိုတာက ဝ ၊ မိုင်းလားကို သူတို့ဆွေးနွေးဖို့တော့ ဒီငြိမ်းချမ်းရေးကော်မရှင်က ခက်ခဲမှာမဟုတ်ပါဘူး။ အစကတည်းက သူက ဆွေးနွေးနေတာကိုး။ ဒါပေမဲ့ ငြင်းပယ်ထားတဲ့ ဟိုသုံးဖွဲ့ကို သုံးဖွဲ့ပါလာတာကို သူတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာတော့ နည်းနည်းစိတ်ဝင်စားစရာကောင်းပါတယ်။ "

မေး။ ။ အဲ့တော့ နိုင်ငံရေးအရ ဆွေးနွေးမယ့် သူတို့ဖွဲ့ပြီးတော့ ဒုတိယအကြိမ်ဆွေးနွေးပွဲကနေပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမယ့်ဆိုတဲ့ဟာမျိုး သူတို့ ထပ်ဖွဲ့လိုက်မယ်ဆိုတာကို အဲ့တာကို ဒေါ်အောင်ဆန်းစုကြည်တို့ရော ဒါမှမဟုတ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ဘက်ကရော လက်ခံနိုင်မယ့် အလားအလာ ဘယ်လိုမြင်လဲရှင့်။

" သူတို့ကတော့ NCA မူအတိုင်းသွားမယ်ဆိုပြီး NCA ဘက်ကို ရောက်အောင် ဆွဲစိမယ်လို့ထင်တယ်။ အဲ့တာကတော့ ဆွေးနွေးပွဲရလဒ်အပေါ်မှာပဲ စောင့်ကြည့်ရမှာပဲ။ တခုက တပ်မတော်နဲ့ အဲ့ဒီ့ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က NCA မူအတိုင်းသွားမယ် NCA မူပေါ်ရောက်အောင်တော့ ဆွဲခေါ်ဖို့ ကြိုးစားလိမ့်မယ်လို့ထင်တယ်။ ဒုတိယတခုကတော့ မြောက်ပိုင်းသုံးဖွဲ့ပေါ့ ဒီသုံးဖွဲ့နဲ့ပြသနာ ကို ဘယ်လိုတုန့်ပြန်မလဲ ဆိုတာလည်း အရေးပါတယ်။

နောက်တချက် လူအများ မေးခွန်းထုတ်နေကြတာက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးကို တက်ရောက်နေပြီး UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ မှာလည်း အဖွဲ့ဝင်ဖြစ်နေတဲ့ KIO/KIA ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA နှစ်ဖွဲ့ကနေ NCA မှာ လက်မှတ်မထိုးတဲ့ လမ်းကြောင်းကနေ သွားမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုမောင်မောင်စိုးက အခုလို သုံးသပ်ပါတယ်။

" အဲ့အခြေအနေမှာ UNFC မှာ ဒီလဆန်းဆွေးနွေးပွဲပြီးသွားပေမဲ့ KIO က ဦးအင်ဘန်လှပြော သွားတာရှိပါတယ်။ ဒီမြောက်ပိုင်းမဟာမိတ်တွေရဲ့ နယ်မြေဒေသန္တရ အခြေအနေ အရ ဒီသူတို့စုဖွဲ့မှုကို နားလည်ပေးပါလို့ ဆိုတာကို ထည့်ပြောသွားတာ တခုရှိတယ်။ ဒီ KIA နဲ့ SSPP ဟာ UNFC ထဲမှာ စစ်ရေးအင်အားအရှိဆုံးပေါ့နော်။ အစိုးရနဲ့ အထိတွေ့ဆုံးဖြစ်တဲ့အခါကျတော့ စစ်ရေးအရဖြစ်လာမယ့်ဟာတွေကို ထည့်တွက်ပြီး သူက မြောက်ပိုင်းမဟာမိတ်တွေနဲ့ သူက မလွှဲမရှောင်သာပေါင်းနေရတဲ့ အနေအထားရှိတယ်။ UNFC မူအတိုင်းကတော့ ကရင်နီနဲ့ မွန်ပြည်သစ်ပါတီက UNFC မူနဲ့ဆက်သွားလို့ရပေမဲ့ မတူတာခွဲလို့ရတဲ့အပိုင်း တပ်ပေါင်းစု ကွဲတယ်ဆိုတဲ့ ဟာမျိုးတော့ ဖြစ်မယ်မထင်ဘူး။ မတူတဲ့နယ်မြေအခြေအနေပေါ် မူတည်ပြီး ခွဲလုပ်ကြမှာမျိုးဖြစ်နိုင်တယ်။ "

ဧပြီလဆန်းပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းခဲ့တဲ့ UNFC တပ်ပေါင်းစု ဆွေးနွေးပွဲကနေ မူလ NCA အပစ်အခတ်ရပ်စဲရေး စာချုပ်အတိုင်း မြန်မာအစိုးရနဲ့ ဆက်လက်ဆွေးနွေး သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒီအတောအတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မြန်မာနိုင်ငံကို ဧပြီလဆန်းပိုင်းက ရောက်ရှိလာတဲ့ ကုလသမဂ္ဂ UNICEF အကြီးအကဲ Mr.Robert Justin Alexander Forsyth နဲ့ တွေ့ဆုံရာမှာ UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့အနေနဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ သူတို့ ယုံကြည်ထားပြီး အစိုးရငြိမ်းချမ်းရေးအဖွဲ့ကနေ ဦးစီးလုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG