သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး နှင့် ပြည်ပ ပယောဂ


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အဓွန့်ရှည်ရတာဟာ ပြည်ပ ပယောဂတွေ ပါဝင်ပတ်သက်နေခဲ့လို့ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိခဲ့ပါတယ်။ အခုလက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာကော ပြည်ပက ဝင်စွက်ဖက်နိုင်တဲ့ အခြေအနေက လွတ်ကင်းပါရဲ့လား။ မြန်မာ့အရေးသုံသပ်သူတွေ ဖြစ်ကြတဲ့ ဦးအောင်သူငြိမ်း၊ ဦးမောင်မောင်စိုးတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးမောင်မောင်စိုး ။ ။ NCA စပြီး လုပ်ကတည်းက သွားချင်တဲ့လမ်းကြောင်းပုံစံက မတူဘူး။ UWSA သွားချင်တဲ့ လမ်းကြောင်းက သူတို့က (၁) ပြည်နယ်အဆင့် လက်မှတ်ထိုးမယ်။ (၂) ပြည်ထောင်စုအဆင့် လက်မှတ်ထိုးမယ်။ (၃) အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ လွှတ်တော်အဆင့် ဆုံးဖြတ်မယ်။ အဲဒါပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲ ဆက်သွားမယ်။ ဆိုလိုတာက အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲသွားမယ်။ ဘာအကန့်အသတ်မှ မခံဘူးဆိုတဲ့ဘက်က သွားတာ။ NCA မှာကြတော့ ပါတဲ့အချက်အလက်တွေက အကန့်အသတ်ရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အချို့က ယူဆကြတယ်။ အဲဒီအခြေခံပေါ်မှာ ဒီလို ကွဲလွဲမှု ဖြစ်လာတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း ဘယ်လိုမြင်ပါလဲ။ ဒီလို ကွဲလွဲမှုနှစ်ခုကို။

ဦးအောင်သူငြိမ်း ။ ။ အခုန ပြောသလိုဆိုရင် အုပ်စုက (၃) စုလောက် ကွဲသလို ဖြစ်နေတယ်လို့ ထင်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့က ဆွေးနွေးခဲ့တဲ့ NCCT အဖွဲ့မှာ အဖွဲ့ (၁၆) ဖွဲ့ ပါပါတယ်။ တဝက်လောက်က (၈) ဖွဲ့က လက်မှတ်ထိုးတယ်။ (၈) ဖွဲ့က လက်မှတ်မထိုးဘူးပေါ့။ အဲဒီအနေအထားမှာ Signatory နဲ့ Non-signatory လက်မှတ်ထိုးသူ နဲ့ မထိုးသူကြား သွေးခွဲအုပ်ချုပ်ရေးပုံစံများ ဖြစ်လာမလား။ ဒါမျိုးလဲ စိုးရိမ်မှု ရှိပါတယ်။ နောက်တချက်ကတော့ UWSA အပါအဝင် မြောက်ပိုင်းမှာ နဂိုကတည်းက (၁၆) ဖွဲ့ ဆွေးနွေးပွဲထဲမှာ မပါတဲ့ အင်အားကြီးတဲ့ အုပ်စုတွေလည်း ရှိပါတယ်။ အဲဒီတော့ ယေဘုယျ ပြောမယ်ဆိုရင်တော့ ကျနော်မြင်တာ (၃) ဖွဲ့လောက်တောင် ကွဲတယ့်အနေအထား ဖြစ်သွားပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီလို (၃) ဖွဲ့ ကွဲနေတယ်ဆိုရင် အခု မကြာခင် ကျင်းပလာမယ့်လို့ စီစဉ်နေကြတဲ့ ဒုတိယအကြိမ်မြောက် (၂၁) ရာစု ပင်လုံ၊ အဲဒီ အစည်းအဝေးက ဘယ်လောက်အထိ ဖြောင့်ဖြောင့်တန်းတန်း ဖြစ်လာနိုင်ပါလဲ။ ကိုအောင်သူငြိမ်း ဆက်ပြီးသုံးသပ်ပါအုံး။

ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ ဒုတိယဆွေးနွေးပွဲ။ အစိုးရဘက်က ဘယ်လိုဗျူဟာမျိုးနဲ့ သွားချင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ သေချာရှင်းရှင်းလင်းလင်း မရှိဘူး။ ကျနော်တို့ သိရသလောက် ပုံစံက ဒီတလောမှာ ခရီးတွေ ထွက်တဲ့အခါကြတော့ ဒီမှာ ဆိုင်ဘုတ်တွေ ထောင်ထားတာ တွေ့ပါတယ်။ ပြည်နယ်အလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲတို့။ အကြောင်းအရာအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲကို ကြိုဆိုပါ၏ စသည်ဖြင့်ပေါ့။ ဆိုလိုတာက ကျနော်ကိုယ်တိုင်တောင် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ သိပ်ပြီးဝေးတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ကြည့်တော့ ဒီဆိုင်ဘုတ်တွေက သာမန်ပြည်သူလူထုတယောက်အတွက်က ဘာအဓိပ္ပါယ် ရှိသလဲပေါ့။ ကျနော်မြင်တာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က သွားတာတော့ သွားနေတယ်။ ဒါပေမဲ့ တနိုင်ငံလုံး လွှမ်းခြုံမယ့် အနေအထားလည်း မဟုတ်ဘူး။ အခုလို ဆွေးနွေးပွဲတွေကရော တကယ် ကျနော်တို့ ကြုံတွေ့နေရတဲ့ လက်ငင်းပြဿနာတွေကို ဆွေးနွေးနေကြတာလားပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်အနေနဲ့ မရှင်းမလင်း ဖြစ်လာတယ်လို့ ထင်ပါတယ်။ လာမယ့် (၂၁) ပင်လုံမှာလည်း ဒီဆွေးနွေးပွဲရလဒ်တွေကို ပေါင်းစုံပြီးတော့ ချုပ်လိုက်ရင် နောက် ရှေ့အနာဂတ်ကို ဆက်သယ်သွားနိုင်တဲ့ ရလဒ်တွေ ထွက်လာမှာလား။ ဒါမှမဟုတ် တပိုင်းတစနဲ့ မပြီသေးတဲ့ ရလဒ်တွေ ဖြစ်မလားပေါ့။ ဒါတွေက မေးခွန်းထုတ်စရာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံခေါင်းဆောင်တွေ အကြီးအကဲတွေ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ကတော့ ၂၀၁၇ ခုနှစ်မှာ ငြိမ်းချမ်းရေးရအောင် ဘယ်လို ကြိုးစားဆောင်ရွက်မလဲ၊ ဘာညာဆိုပြီးတော့ အချက်အလက်တော့ မပါဘူးပေါ့။ စကားအဖြစ်တော့ ပြောနေကြတာ တွေ့ရပါတယ်။ ဘယ်လောက်များ အလားအလာ ရှိနိုင်ပါလဲ။ ဦးမောင်မောင်စိုး ဆက်ပြောပါ။

ဦးမောင်မောင်စိုး ။ ။ ပြဿနာက ပထမအကြိမ် ညီလာခံတုန်းက အားလုံးက ကြိုဆိုပါတယ်။ ကြိုဆိုတယ်ဆိုတာ ဒီငြိမ်းချမ်းရေးညီလာခံ ဆွေးနွေးပွဲမှာ အားလုံးပါဝင်ရေးကို ဦးတည်မယ့် အရိပ်အရောင်၊ လက္ခဏာတွေ့လို့ ကျနော်တို့က ကြိုဆိုတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ ပထမအကြိမ် ညီလာခံပြီးမှ အားလုံးပါဝင်ရေးကို လက်တွေ့ အခုထက်ထိ မလုပ်နိုင်ဘူး။ အခုထက်ထိ မလုပ်နိုင်ဘူးဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးက ဖြစ်လာမှာ မဟုတ်သေးဘူး။ အဲဒါအပြင် ငြိမ်းချမ်းရေးညီလာခံမှာပဲ လက်နက်ကိုင် ပဋိပက္ခမှာ ပါနေတဲ့ အဖွဲ့အားလုံး၊ နောက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါနိုင်မှာ မဟုတ်သေးဘူးဆိုရင် ရလဒ်ကောင်း မရနိုင်ဘူး။ အားလုံးမပါဝင်ဘဲနဲ့ ပြဿနာ မဖြေရှင်းနိုင်ဘူး။ အဲဒီတော့ အားလုံးပါဝင်ရေးကို ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အဓိက စဉ်းစားသင့်တယ်။ ဒါကြောင့်မို့ တနှစ်တာအတွင်းမှာ ဖြစ်ခဲ့တဲ့ NCA နဲ့ ပတ်သက်တဲ့ ကောင်းတာ၊ ဆိုးတာ အဲဒါနဲ့ ပတ်သက်ပြီး ပြန် Review လုပ်သင့်တယ်လို့ ကျနော်က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒုတိယအကြိမ် ကျင်းပမယ့် (၂၁) ရာစု ပင်လုံ အစည်းအဝေးကော အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတခု မဖြစ်လာနိုင်ဘူးလား။

ဦးမောင်မောင်စိုး ။ ။ လောလောဆယ်တော့ ခဲယဉ်းတယ်။ ခဲယဉ်းတယ်ဆိုတာ (၁) NCA ထိုးပြီးသား အဖွဲ့တွေမှာတောင် အမျိုးသားအဆင့် ဆွေးနွေးပွဲ မလုပ်ရသေးဘူး။ NCA လက်မှတ်ထိုးတာ ALPD ရခိုင်မှာ အမျိုးသားအဆင့် ဆွေးနွေးခွင့် အခုထိ ခွင့်မပြုသေးဘူး။ RCSS ကတော့ ခွင့်ပြုတယ် နေရာကိစ္စနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းနေတုန်းမို့ မလုပ်ရသေးဘူး။ အဲဒီလို အနေအထားရှိတယ်။ နောက်ပြီးတော့ ကျန်တဲ့အဖွဲ့တွေက အမျိုးသားအဆင့် ဆွေးနွေးပွဲ မပြောနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပါဝင်ခွင့်တောင် အကန့်အသတ်ရှိတယ်။ ပြီးခဲ့တဲ့ ကျေးလက်လူငယ်များနဲ့ ဆွေးနွေးပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာ တခုရှိပါတယ်။ ဘာလဲဆိုတော့ လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့တွေလည်း သူ့အဆင့်နဲ့သူ ပါဝင်ခွင့်ရအောင် သူ ဖိတ်ခေါ်မယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဟိုဘက်ကလည်း ကိုယ်စားလှယ်အနေနဲ့ မတက်ရရင် မတက်ဘူး။ နားထောင်ရုံသက်သက်ကတော့ မတက်နိုင်ဘူးလို့ ငြင်းထားတဲ့အခါမှာ အကန့်အသတ် ရှိတယ်။ အားလုံးမပါဝင်သေးရင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး အလားအလာမှာတော့ ကောင်းလာလိမ့်မယ်ဆိုတာ မျှော်လင့်လို့ ရမှာမဟုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု ဆွေးနွေးချင်တာကတော့ ပြည်ပ ပယောဂ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းစစ် ဖြစ်လာခဲ့ပြီးတော့ ကာလတာရှည် ဖြစ်ရတဲ့ အကြောင်းရင်းက ပြည်ပ ပယောဂတွေ ပါဝင်နေလို့ ဖြစ်တယ်ဆိုပြီးတော့ နှစ်ပေါင်းများစွာ သုံးသပ်သူများက ပြောပါတယ်။ အခုအခါမှာလဲ အကြမ်းမျဉ်း စောစောက ပြောခဲ့သလို UWSA က ဦးဆောင်ပြီး တင်တယ်ဆိုတာ Line နဲ့ MCA Line ဆိုတာ တွေ့ရပါတယ်။ UWSA နောက်မှာ တရုတ် ရှိနေတယ်။ တရုတ်က ဝင်ရောက်ချယ်လှယ်နေတဲ့သဘော ဖြစ်တယ်ဆိုပြီးတော့ တွေ့ရတယ်။ အဲဒီကိစ္စကို ကိုအောင်သူငြိမ်း ဘယ်လို ပြောလိုပါလဲ။ ကိုအောင်သူငြိမ်းကော အဲဒီလို မြင်မိပါသလား။

ဦးအောင်သူငြိမ်း ။ ။ အစောပိုင်းကတည်းက တရုတ်ပြည်ရဲ့ ဝင်ရောက်စွက်ဖက်မှု ရှိတယ်ဆိုတဲ့ဟာမျိုး သုံးသပ်ကြတာလည်း ရှိပါတယ်။ ကျနော်မြင်တာကတော့ အဓိက ကိုယ့်ပြည်တွင်းမှာ အညှီရှိလို့ ယင်အုံတယ် ဆိုတာမျိုး ပြည်ပစွက်ဖက်မှုဆိုတာ ဒါတွေကြောင့် ဖြစ်လာတယ်ဆိုတာမျိုး မြင်ပါတယ်။ နောက်တခုက တခါတလေကြတော့ ငြိမ်းချမ်းရေးကိစ္စက ကျနော်တို့ကိုယ်တိုင် ပြည်တွင်းမှာ ဆောင်ရွက်လို့ မပြီဘူးဆိုရင် နောက်ဆုံးတော့ နိုင်ငံတကာဘက်က ငွေကြေးအကူအညီ၊ အကြံဉာဏ်အကူအညီ စသည်ဖြင့် ဒါတွေယူရတဲ့အပိုင်းတွေ ရှိပါတယ်။ အဲဒီတော့ အခုနပြောတဲ့ ပြည်ပကနေ စွက်ဖက်မှု - ကျနော် ထင်တာတော့ တစိတ်တပိုင်းပဲ မှန်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု တဆက်ထဲ မေးချင်ပါတယ်။ တရုတ်က UWSA နောက်မှာ စွက်ဖက်သလိုပဲ။ ဒီဘက်က အပိုင်းမှာလည်း အနောက်နိုင်ငံတွေ အမေရိကန်အပါအဝင် အကူအညီ ပေးထားတာ တွေ့ရပါတယ်။ ဆိုတော့ တနည်းအားဖြင့် တဘက်က အမေရိကန် EU တို့ ပါဝင်တဲ့ဘက်နဲ့ ဟိုဘက်က တရုတ်ပါတဲ့ဘက် ငြိမ်းချမ်းရေးကိစ္စမှာ အကြံဉာဏ် ဖြစ်နေတာကို တွေ့ရပါတယ်။ ကိုအောင်သူငြိမ်း ဆက်ပြောပါအုံး။

ဦးအောင်သူငြိမ်း ။ ။ အနောက်နိုင်ငံဘက်က ကူတယ်ဆိုတာ အခု JPF လို့ခေါ်တဲ့ Joint Peace Fund နိုင်ငံတကာက စုဖွဲ့ထားတဲ့ ရန်ပုံငွေ ရှိပါတယ်။ အဲဒါကလဲ သူတို့ အကူအညီပေးချင်တိုင်း ပေးလို့ရတာ မဟုတ်ဘဲနဲ့ အစိုးရ၊ သမ္မတရုံး - ခွင့်ပြုချက်တွေ ယူရတာတွေ ရှိပါတယ်။ အဲဒီတော့ တဘက်မှာ အခုနပြောတဲ့ တရုတ်ပြည်ဘက်က အကူအညီတွေလည်း ရှိပါတယ်။ အကူအညီ အများစုဟာ ကျနော်တို့တွေ့တာ လူသားချင်းစာနာမှု အကူအညီတွေပါတယ်။ နောက်တခါ နည်းပညာပိုင်း ဒီဆွေးနွေးပွဲတွေကို ဘယ်လို အောင်မြင်အောင် မဟာဗျူဟာ ဆွဲကြမလဲဆိုတာမျိုးတွေ လုပ်ကြပါတယ်။ ဒါတွေက ပြောမယ်ဆိုရင်တော့ ဒီအဖွဲ့တွေကို လက်နက်အင်အား တောင့်တင်းလာအောင်၊ ဒီအဖွဲ့တွေကို တိုက်ပွဲဖြစ်လာအောင်ဆိုတဲ့ သဘောမျိုးထက်စာရင် ကျန်တဲ့ဘက်က ပြေလည်အောင် ပံ့ပိုးမှုမျိုးက ပိုများတယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်ပက အကူအညီတွေ ပေးနေတာ ကိုအောင်သူငြိမ်းကတော့ စာနာမှု အထောက်အပံ့တွေလို့ သုံးသပ်တယ်။ နိုင်ငံရေးသြဇာ လွှမ်းမိုးချင်တဲ့ ဆန္ဒရှိတယ်လို့ကော ကျနော်တို့ မပြောနိုင်ဘူးလား။

ဦးမောင်မောင်စိုး ။ ။ အဲဒါကတော့ သဘောရိုးနဲ့ ကူတာလို့လဲ ပြောလို့ရပါတယ်။ နိုင်ငံရေးသြဇာ လွှမ်းမိုးချင်လို့ ကူတယ်လို့လဲ ပြောလို့ရတယ်။ အခုအချိန်ကတော့ ကမ္ဘာကြီးက ရွာကြီးဖြစ်နေတော့ အကုန်လုံး ပတ်သက်ဆက်နွှယ်မှုကတော့ ရှိနေမှာ။ အဓိကတော့ အခုန ကိုအောင်သူငြိမ်း ပြောတဲ့အထဲမှာပါတဲ့ အညှီရှိလို့ ယင်အုံတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအညှီကို ဘယ်လိုဖျောက်မလဲဆိုတာ ကိုယ်က ပိုအရေးကြီးတယ်။ လောလောဆယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အားလုံးမပါဝင်နိုင်သေးတာ ဘာအချက်ကြောင့်လဲဆိုတာပဲ အရေးကြီးတယ်။ နိုင်ငံတကာကတော့ သူ့အကျိုးစီးပွားအပေါ်မှာ အမေရိကန်ဖြစ်ဖြစ်၊ အနောက်အုပ်စုဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ် သူ့အကျိုးစီးပွား အခြေခံပေါ်မှာ ပါဝင်ပတ်သက်မှုက ရှိနေမှာပဲ။ ဘယ်လို ပါဝင်ပတ်သက်မှု ရှိနေနေ၊ ကိုယ်က ကိုယ်ခံအားကောင်းဖို့ လိုတာအချက်၊ ကိုယ့်ပြဿနာ ကိုယ်ရှင်းနိုင်ဖို့ လိုတာ အဓိကအချက်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အညှီရှိလို့ ယင်အုံတယ်ဆိုတော့ တကယ်တမ်း နှစ်ဘက် အပြိုင်အဆိုင် ဖြစ်လာကြရင် ဒီကနေ့က မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကလည်း ရှေ့တန်းရောက်လာတယ်လို့ ထင်ပါတယ်။ အရှေ့တောင်အာရှမှာ အမေရိကန်ကို ထော်လော်ကန့်လန့်လုပ်တဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးလည်း ရှိလာတယ်ဆိုတော့ ဒီဘက်ကိုလည်း သူတို့က ပိုဝင်ချင်ကြမှာပဲ၊ တရုတ်ကလည်း ထိုနည်းလည်းကောင်း ပိုစဉ်းစားလာမယ်ဆိုတော့ ဒီအန္တရာယ်ကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက မတွေးမိကြလို့လား ကျနော် စဉ်းစားမိတာ - ဒီလိုဖြစ်လာရင် ယင်အုံလာမယ်။ ပြည်ပ ပယောဂတွေ ပါလာရင် ဖြေရှင်းရ ပိုခက်မယ်ဆိုတာကို ဒီ ပုဂ္ဂိုလ်တွေ မစဉ်းစားမိဘူးလား။

ဦးအောင်သူငြိမ်း ။ ။ ကျနော့်အမြင်က တပ်မတော်ဘက်က သူ့ရဲ့ လုံခြုံရေးအတွက် ကာကွယ်ရေးအတွက် သူတို့ရဲ့ စဉ်းစားထားတဲ့ ဗျူဟာမျိုး ရှိပါတယ်။ ဒါပေမဲ့လဲ တဘက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာကြတော့ သူတို့က အဓိကအားဖြင့် အချက် (၆) ချက်ကိုပဲ ဆုပ်ကိုင်နေတယ်။ ပြောင်းလဲပြင်လွယ် မရှိဘူးလို့ ကျနော်မြင်တယ်။ တဘက်မှာ အခုလက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကြတော့ သူ့ရဲ့ အခု ဖော်ဆောင်ချင်တဲ့ မဟာဗျူဟာ က ဘာလဲပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ အလုပ်ဖြစ်သလား၊ မဖြစ်သလား - အဲဒါနဲ့ ပတ်သက်ပြီး အခုန ဦးမောင်မောင်စိုး ဆွေးနွေးသလိုပဲ ပြန်ပြီးတော့ သုံးသပ်ရမယ့်အချိန် ဖြစ်နေပြီလို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကိုမောင်မောင်စိုး သဘောထားကို ပြောပါအုံး။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြည်ပ ပယောဂတွေ ရှိနေတယ်ဆိုတဲ့ အန္တရာယ်ကို ဦးစားမပေးဘဲနဲ့ အချင်းချင်း ညီညွှတ်အောင် မလုပ်နိုင်ဘူးလို့ ထင်ပါလဲ။

ဦးမောင်မောင်စိုး ။ ။ ကျနော် မြင်တာက ပထမတချက်က အနှစ် (၇၀) ကျော်ကြာတဲ့ ပြည်တွင်းစ်စရဲ့ တဘက်နဲ့တဘက် နာကြီးမုန်းတီးမှုက ကြီးတာလည်းပါတယ်။ နောက်တခုက လောလောဆယ် ၂၀၁၁ နောက်ပိုင်း စစ်ပွဲတွေ ပြင်းထန်ပြီးတော့ အကျအဆုံးများတဲ့ ကိစ္စတွေမှာ ဖြေလျော့မှု မလုပ်နိုင်တာလည်းပါတယ်။ အဲဒီမှာ ယုံကြည်မှု ကင်းမဲ့သွားတဲ့အခါ ပိုတင်းမာနေတာလည်း ပါပါတယ်။ ကျနော့်အမြင်ကတော့ အစိုးရနဲ့ တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်ဆဲ ကြေညာပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်လိုက်စေချင်တာပဲ။ ပြဿနာက တော်တော်များများ ပြေလည်သွားနိုင်မယ်လို့ ယူဆတယ်။ အဲဒီလို မရပ်ဘဲနဲ့ တိုက်နေလို့ရှိရင် ပြဿနာ မပြေလည်ဘူး။ ယုံကြည်မှုက တယောက်နဲ့တယောက်ကြားမှာ သံသယ က ပိုများလတယ်။ အစိုးရနဲ့ တပ်မတော်ဘက်ကနေ တဘက်သတ် ရပ်ဆဲရေး ကြေညာပြီး ငြိမ်းအေးခေါ်တာ။ ဗိုလ်နေဝင်း လက်ထက်တုန်းက နှစ်ကြိမ်လောက် လုပ်ခဲ့ဖူးတယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း ဘယ်လို သဘောရပါလဲ။ ဘယ်လို လုပ်ရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ် ထိုးဖောက်သွားနိုင်မယ်လို့ ထင်ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ Formal လို့ တရားဝင် ဆွေးနွေးပွဲတွေနဲ့စာရင်၊ တရားဝင် မဟုတ်တဲ့ အပြန်အလှန် စကားပြောတာ၊ ဆိုတာ၊ သွားလာတာပေါ့။ ဒါမျိုးတွေက ပိုရှိဖို့ လိုအပ်တယ်။ နောက်တခုကြတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အပြင်ဘက်မှာလည်း အစိုးရက လုပ်နိုင်တဲ့ လုပ်ငန်းတွေ ရှိတယ်လို့ ကျနော်ထင်တယ်။ ဥပမာအားဖြင့် တချို့နိုင်ငံမှာ ခေါ်ပါတယ် Ethnic Equality Strategy တိုင်းရင်းသားတွေကြားမှာ တန်းတူညီမျှရေးအတွက် မဟာဗျူဟာဆိုတဲ့ဟာမျိုး။ ဒါမျိုးကြတော့ အခုလက်ရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးအသစ် ခန့်ထားတော့ ဒီဝန်ကြီးဌာနကနေ ဒီလိုကိစ္စမျိုးတွေ လုပ်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါတွေက တပြိုင်တည်းလုပ်ရမယ့် ကိစ္စတွေလို ထင်ပါတယ်။

XS
SM
MD
LG