“၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်”အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ဆောင်ကျဉ်းနိုင်အောင် ကြိုးပမ်းကြဖို့နိုင်ငံတော်သမ္မတက ပြောဆိုလိုက်ချိန်မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကလည်း တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေး ရအောင် နိုင်ငံသူနိုင်ငံသားတွေ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုတတိုင်းပြည်လုံးစစ်မီးငြိမ်းပြီး “ငြိမ်းချမ်းရေးနှစ်” အမှန်တကယ် ဖြစ်ဖို့ဆိုရင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား စစ်မှန်တဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေဖြစ်လာ ဖို့က အဓိက အရေးကြီးဆုံးဖြစ်တယ်လို့ တိုင်းရင်းသားတွေက သုံးသပ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။
NLD ဦးဆောင်တဲ့အရပ်သားအစိုးရ လက်ထက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန်မှာ အဓိက တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်မယ်လို့ နိုင်ငံတော်သမ္မတဦးထင်ကျော်ရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပါ အလေးအနက် ပြောဆိုထား တာပါ။ နှစ်သစ်ကူး ဆုတောင်းမှာတော့ နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး နိုင်ငံသူနိုင်ငံသားတွေအတွက် ရလဒ်ကောင်းတွေဖော်ဆောင်နိုင်မယ့် ၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် မျှော်မှန်းတယ်လို့ မိန့်ခွန်းပြောထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်းနဲ့ တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးရအောင်ကြိုးစားသွားကြဖို့ နိုင်ငံကို နှစ်သစ်မှာ တိုက်တွန်းခဲ့ပါတယ်။
“နိုင်ငံသူနိုင်ငံသားအားလုံး နှစ်သစ်မှာ အဲဒီခွန်အားနဲ့ ကျော်လွှားနိုင်ဖို့အတွက် အခွင့်အရေးရဖို့လိုတယ်၊ အခွင့်အရေးရအောင်လည်း ဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်၊ ဒီလိုရတဲ့အခွင့် အရေးအပေါ် မူတည်ပြီးတော့ နိုင်ငံသူနိုင်ငံသားအားလုံး ကနေ နောင်လာမယ့် ၁၃၇၉ ခုနှစ် မှာလည်း ကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်၊ နောက်တစ်ခုကလည်း ငြိမ်းချမ်းရေးပေါ့ ငြိမ်းချမ်းရေး အရေးကြီးပါတယ် တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်၊ ဒါကြောင့်ခုနကပြောတဲ့ ခွန်အားတွေနဲ့အတူ ငြိမ်းချမ်းရေးတွေ ရအောင်ကြိုးစားသွားကြဖို့လည်း ဆုမွန်ကောင်းတောင်းပါတယ် ”
အခုလို နိုင်ငံခေါင်းဆောင်တွေဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုက်တွန်းနေတာနဲ့ပတ်သက်လို့ တိုင်းပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အလားအလာကောင်းပါသလား အမှန်တကယ်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ဘယ်လိုမျှော်လင့်ချက်တွေ ထားနိုင်ပါသလဲ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေနိုင်မလဲဆိုတဲ့အပေါ်မှာတော့ တိုင်းရင်းသားတွေဘက်က အမှန်တကယ်စစ်မှန်တဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေးက အဓိကအကျဆုံးဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
အခုလို နိုင်ငံ့ခေါင်းဆောင်တွေဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ဖို့စကားကို ဦးစားပေးပြောဆိုလိုက်တဲ့အပေါ်ကြိုဆိုပြီး တိုင်းရင်းသားတွေဘက်ကလည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်ပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာနိုင်ဖို့ မျှော်လင့်ပါတယ်လို့လည်း ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ရဲ့အတွင်းရေးမှူး ဦးလဘမ်ဂမ်အောင်ကပြောပါတယ်။
“ကာကွယ်ရေးဦးစီးချုပ်ကလည်း အဲဒီလို မိန့်ခွန်းပြောထားတယ်၊ နိုင်ငံတော်သမ္မတကလည်း ပြောထားတယ်ဆိုတော့ အကုန်လုံးစိတ်တူကိုယ်တူ ၊ စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်သွားမယ် အကောင်အထည်ဖော် သွားမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပြည်သူလူထုတွေအားလုံး စည်းစည်းလုံးလုံးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းရေး Process ကိုလည်း ကောင်းကောင်းမွန်မွန်နဲ့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ သူတို့ပြောတဲ့ မိန့်ခွန်းအတိုင်းဖြစ်လာနိုင်မယ်လို့ ကျနေ်ာတို့ သုံးသပ်ပါတယ်။”
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ အထွေထွေအတွင်းရေးမှူးဦးစိုင်းညွန့်လွင်က မြန်မာ့ငြိမ်းချမ်းရေးအလားအလာနဲ့ပတ်သက်လို့ သူ့အမြင် အခုလိုပြောပါတယ်။
“ဒီနှစ်မှာ အစိုးရပိုင်းရော တပ်မတော်ပိုင်းကပါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တော်တော်လေးကြိုးစားတာရှိပါတယ်။ ဒါကြောင့်လည်း ၂၀၁၇ က ငြိမ်းချမ်းရေးနှစ်ဖြစ်မယ်ဆိုပြီးပြောတာဖြစ်မှာပါ ဒါဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး ကြိုးပမ်းနေသရွေ့ဆိုရင်တော့ ဒါကျနော်တို့ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒီပန်ဆန်းမှာလည်းပဲ သူတို့အဖြစ်နိုင်ဆုံး ညှိနှိုင်းဖို့လုပ်မယ်လို့ ကျနေ်ာတို့ မျှော်လင့်ပါတယ်။ ၂ ဖက်စလုံးကပေါ့နော် ဖြစ်နိုင်စွမ်းရှိတဲ့ကိစ္စတွေကို လုပ်မယ်၊ တတ်နိုင်သလောက် လျှော့ပြီးရပ်မယ်ဆိုရင်တော့ ဒီနှစ် သမ္မတကြီး ဦးထင်ကျော်တို့မျှော်မှန်းသလို ဒီနှစ်ထဲမှာလည်း ပြေလည်ကောင်းပြေလည်သွားနိုင်ပါတယ်။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကချင်ကို ရောက်လာတုန်းက ကိုယ်တိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကချင်တွေရဲ့သဘောထားကို တင်ပြနိုင်ခဲ့တဲ့ ဦးလဘမ်ဂမ်အောင်ကလည်း အရေးကြီးဆုံးကတော့ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကြား ယုံကြည်မှုတည်ဆောက်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေ စတင်နိုင်ဖို့ အရေးကြီးတယ်ဆိုတာကို ထောက်ပြပါတယ်။
“တခြားတိုင်းရင်းသားတွေရော၊တိုင်းရင်းသားလက်နက်ကိုင် တွေရော ယုံကြည်မှုရရှိဖို့ဆိုတာက အင်မတန်မှ ခက်ခဲတယ်ပေါ့နော် အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေး Process ကိုကောင်းကောင်းမွန်မွန်နဲ့ အမြန်အကောင်အထည်ဖော်မယ် ၊ မေတ္တာစေတနာထားပြီး ဖြစ်ချင်ရာဖြစ်ဆိုတဲ့ ပုံစံမဟုတ်ပဲနဲ့ သဘောထားကြီးကြီးထားပြီးတော့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးတိုင်ပင်ပြီးလုပ်ဆောင်သွားမယ်ဆိုရင်တော့ အပစ်အခတ်တိုက်ခိုက်မှုတွေလည်း ရပ်ဆိုင်း လာမယ်၊ လျှော့နည်းလာမယ်လို့ ကျနော်တို့ အဲလိုသုံးသပ်တယ်။ မဟုတ်လို့ရှိရင် ငြိမ်းချမ်းရေးညီလာခံတက်တဲ့လူကတက်ရောက်၊ ဖြစ်ချင်ရာဖြစ် အကုန်ပစ်ခတ်တိုက်ခိုက်ဆိုတော့ ဒီငြိမ်းချမ်းရေးProcess အောင်မြင်လာဖို့ဆိုတာကတော့ အရမ်းအလှမ်းဝေးသေးတယ်လို့ ကျနေ်ာတို့ မြင်ပါတယ်။”
စစ်မှန်တဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့က ခေါင်းဆောင်တွေကြား မကြာခဏတွေ့ဆုံမှုတွေနဲ့အတူ အမြင်သုံးသပ်ချက်ဖလှယ်တာတွေ လုပ်သင့်တယ်လို့လည်း ဦးစိုင်းညွန့်လွင်က အကြံပြုပါတယ်။
မကြာခင်မှာတော့ ၂၁ရာစုပင်လုံညီလာခံပြန်လည်စတင်နိုင်ဖို့ ရှိပြီး NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော NCA အပစ်ရပ်စာချုပ်မထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်နိုင်ဖို့အရေး ဆွေးနွေး အဖြေရှာနေကြဆဲလည်းဖြစ်ပါတယ်။