၁၃၇၉ခုနှစ်ကို ကူးပြောင်းခဲ့တဲ့ ဒီကနေ့ နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံအကြီးအကဲတွေက နှစ်သစ်ကူးနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ရာမှာ အားလုံးနီးပါးက ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်ကြောင်းနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားသွားမှာဖြစ်ကြောင်းတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး အလားအလာ နဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။
ခရစ်နှစ်၂၀၁၇ခုနှစ် နှစ်ဆန်းကာလတည်းက အစိုးရက ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် မျှော်မှန်းခဲ့သလို မြန်မာနှစ်သစ်ကူးအခါသမယမှာလည်း နိုင်ငံခေါင်းဆောင်တွေက ငြိမ်းချမ်းရေးရရှိဖို့ကို နှစ်သစ်ကူးဆုတောင်းစကားတွေမှာ အလေးထားထည့်သွင်းပြောကြားခဲ့ကြပါတယ်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းစကားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အခုလို ထည့်သွင်းပြောဆိုပါတယ်။
“ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်က ကြိုးပမ်းနေတဲ့အချိန်မှာ ဒီနိုင်ငံရေး ဖြစ်စဉ်ကြီးအတွက် ပြည်သူတွေက စေတနာနဲ့ထည့်ဝင်လှူဒါန်းငွေ သန်းထောင် ပေါင်းများစွာကို လက်ခံရရှိခဲ့ပါတယ်။ ဒါဟာ ရှေ့ဆက်ရမယ့် ခရီးအတွက် အားရ ဖွယ်ရာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အလှူဟာ ဘာကိုပြသလဲဆိုရင်၊ ပြည်သူတွေဟာ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ဆာလောင် မွတ်သိပ်နေကြတယ်၊ ငြိမ်းချမ်းတဲ့ဘ၀ ကို ဘယ်လောက်လိုချင်နေကြတယ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နိုင်ငံတော်ရဲ့ အတိုင် ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးနဲ့ ဆွေးနွေး ညှိနှိုင်းအဖြေရှာ နေကြတဲ့အပေါ်မှာ ဘယ်လောက်ယုံကြည်အားထားမှုရှိတယ် ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်အတွင်းမှာ ပြည်သူတွေ အတွက် ဝမ်းမြောက်ဖွယ်ရာ ရလဒ်ကောင်းများ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါ တယ်။”
ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတွေရဲ့ နှုတ်ခွန်းဆက်စကားမှာလည်း ငြိမ်းချမ်းရေးကိစ္စရပ်ကို အလေးထားထည့်သွင်းပြောဆိုခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တိုင်းပြည်ငြိမ်းချမ်းမှ တိုင်း ပြည်တိုးတက်မှာဖြစ်ကြောင်းပြောဆိုပြီး ငြိမ်းချမ်းရေးရရှိအောင်ကြိုးစားဖို့ ဆုတောင်းစကားပြောဆိုထားပါတယ်။
လက်ရှိမြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးအလားအလာအပေါ်မှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလို သုံးသပ်ပြောဆိုပါတယ်။
“ငြိမ်းချမ်းရေးကို တနိုင်ငံပြောနေကြတယ်ခင်ဗျ သို့သော်ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ နားလည်မှုရှိဖို့ ၊ အပြန်အလှန်လေးစားမှုရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အထူးသဖြင့် ကျနေ်ာတို့နိုင်ငံမှာဆိုရင် ပဋိပက္ခတွေဖြစ်ရတဲ့အကြောင်းအရင်းက မတူကွဲပြားမှုကို အသိအမှတ်ပြုမှု၊ လေးစားမှုမရှိတဲ့အတွက် အပစ်အခတ်ရပ်စဲရေးဆိုတာလည်း ငြိမ်းချမ်းရေး ရတယ်လို့ပြောလို့မရသေးဘူး။ နေ့တဓူဝမှာပူပင်သောကကင်းပြီး အသက်ရှင်နေထိုင်မှုရရှိဖို့ အတွက်လည်း အရေးကြီးတဲ့အတွက် အထူးသဖြင့် နိုင်ငံတော်တာဝန်ယူတဲ့ အစိုးရတို့၊ နိုင်ငံတော်လုံခြုံရေးယူတဲ့ တပ်မတော်တို့၊ ကိုယ့် အမျိုးသားအကျိုးအတွက်ဆောင်ရွက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးအတွက် တာဝန်အများကြီးရှိပါတယ်။”
NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဌ နိုင်ဟံသာကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။
“ကျနော်တို့ UNFC အဖွဲ့နဲ့ ညှိနှိုင်းတာကတော့ သူတို့တင်ထားတဲ့ အချက် ၉ ချက်အပေါ်မှာ မူအရလက်ခံထားပြီဆိုတော့ နည်းနည်းနီးစပ်လာတာပေါ့နော်။ ဒါပေမယ့် တဖက်က ပြန်ကြည့်ရင် အခု ဝအဖွဲ့ကနေပြီးတော့မှ ကမကထပြုတဲ့ အင်အားစု တခုခု တည်ဆောက်ထားပြီလေ၊ သူတို့ကတော့ လက်မခံဘူးလို့ပြောတယ် အဲဒါသူတို့နဲ့ ဘယ်လိုဆက်ပြီးညှိနှိုင်းမလဲ ဒီအပေါ်မှာလည်း အများကြီးစကားပြောတယ်ခင်ဗျ။ သူတို့နဲ့ ညှိနှိုင်းလို့ မပြေလည်ရင် ကျနော်တို့နိုင်ငံက မအေးချမ်းနိုင်ဘူးလို့ မြင်တယ်။”
UNFC အဖွဲ့ဝင် ၇ဖွဲ့မှာ ၅ဖွဲ့က NCA ကိုလက်မှတ်ရေးထိုးမယ့် အလားအလာရှိနေပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPကတော့ ဝ၊ မိုင်းလားအပါအဝင် တရုတ်နယ်စပ်အခြေစိုက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးမယ့်အလားအလာရှိနေတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့အတွက်လိုအပ်ချက်ကို နိုင်ဟံသာက အခုလို ဆက်လက်ပြောဆိုပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးပြေပြေလည်လည်နဲ့ ညှိနှိုင်းနိုင်ဖို့ ဆိုတဲ့နေရာတွေမှာ ၁ အချက်ကတော့ NCA လက်မှတ်ထိုးမှ ပါဝင်ခွင့်ပြုမယ်ဆိုတဲ့ ကိစ္စလေ။ အဲဒီကိစ္စကိုတော့ သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ ပြန်ပြီးသုံးသပ်ဖို့လိုမယ်။ တချို့အင်အားစုတွေကတော့ NCA က တချို့ကိစ္စတွေ အချက်အလက်တွေပေါ်မှာ မပြေလည်မှုရှိနေသရွေ့ဆိုတော့ သူတို့ကိုလည်း NCA လက်မှတ်ထိုးမထိုးရင်လည်း ၂ ဖက် စစ်တွေရပ်ထား ၊ လာပါ ဒီဆွေးနွေးပွဲမှာ အားလုံးပါဝင်ဆွေးနွေးကြပါ အဲဒီလို လမ်းဖွင့်ပေးနိုင်ရင် ပိုပြီးတော့ နီးစပ်တာပေါ့ခင်ဗျ။”
ပြီးခဲ့တဲ့အပတ်အတွင်းကတော့ NCA ပြင်ပကနေ နိုင်ငံရေးဆွေးနွေးမယ့် အဖွဲ့ ၇ဖွဲ့ဟာ ဝတပ်ဖွဲ့ဌာနချုပ်မှာ အစည်းအဝေးကျင်းပခဲ့ပြီး မကြာခင်မှာ အဖြေတခုခု ရလာနိုင်ကြောင်းလည်း မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကပြောပါတယ်။
“ညှိနှိုင်းနိုင်မယ့်အနေအထားမျိုးရှိမယ်ထင်ပါတယ်။ ဒီ ၁ ရက်၊ ၂ ရက်မှာပဲ ဆုံးဖြတ်ချက်တွေထွက်လာလိမ့်မယ်လို့ ထင်တယ်။ ဒီနေ့က ၀ နှစ်ပတ်လည်နေ့လေ၊ အစည်းအဝေးက ၁ ရက်လုပ်ပြီးတော့ နားထားတယ်ဆိုတော့ ၀ နှစ်ပတ်လည်နေ့ပြီးမှ ဆက်လုပ်လိမ့်မယ်လို့ထင်တယ်။ ညိနှိုင်းရေးအဖွဲ့ထွက်လာရင်တော့ သူတို့ဆက်ပြီး ညှိနိုင်းမှုတွေကို ဖော်ပြကြမယ်ထင်ပါတယ်။ ဘယ်လိုအပေးအယူလုပ်မလဲ ဘယ်ဘက်က ဘယ်လောက်လျှော့မလဲဆိုတာပေါ့ အဲဒီအပေါ်မှာပဲ မူတည်မှပါ။”
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ရှိနေပြီး ၂၀၁၅ခုနှစ်မှာ အဖွဲ့ ၈ဖွဲ့က NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။