မြန်မာနိုင်ငံတဝန်း သင်္ကြန်ပွဲတော်တွေကျင်းပနေကြတာမှာ ရခိုင်ရိုးရာသင်္ကြန်ပွဲတွေကိုလည်း ရခိုင်ပြည်နယ်မှာသာမက ရန်ကုန်အပါအဝင် တခြားမြို့ကြီးတော်တော်များများမှာပါ ကျင်းပလာတာတေ့ွရပါတယ်။ နှစ်ဟောင်းကအညစ်အကြေးတွေ ကင်းစင်ပြီး နှစ်သစ်မှာ သင်္ကြန်ရေလိုအေးချမ်း မေတ္တာထားကြစေဖို့ရည်ရွယ်တဲ့ ရခိုင်ရိုးရာသင်္ကြန်ကို ခုလိုပိုပြီးကျယ်ကျယ်ပြန့်ပြန့်ကျင်းပလာတာဟာ ဂုဏ်ယူစရာဖြစ်တယ်လို့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအသင်း ဒုဥက္ကဌ ဒေါက်တာ စံလှကျော်က ပြောပါတယ်။ ရခိုင်ရိုးရာသင်္ကြန်နဲ့ မြန်မာသင်္ကြန် ဘာတွေကွာခြားသလဲဆိုတာသိရဖို့ ဒေါက်တာစံလှကျော်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးထားပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ရခိုင်ပြည်နယ်မှာသာမကအခြားမြို့ကြီးတွေမှာ ဆင်နွဲလာတာ ဘယ်လိုရည်ရွယ်ချက်မျိုးထားပြီးတော့ လုပ်ဖြစ်တာပါသလဲခင်ဗျ။
ဒေါက်တာ စံလှကျော်။ ။ရခိုင်တွေဟာ မိမိတို့ရိုးရာဓလေ့ကို နှစ်ပေါင်း ၂၆၀၀ အထိ ထိန်းသိမ်းလာကြပါပြီ။ ရန်ကုန်မှာဆိုရင်လည်း ရခိုင်တွေသာမဟုတ်ပါဘူး ရခိုင်သင်္ကြန်ကို တခြားတိုင်းရင်းသားတွေလည်း လာကြပါတယ် မြန်မာတေ၊ွမွန်တွေ၊ ရှမ်းတွေကအစ အားလုံးအကုန်လာကြပါတယ်။ ရခိုင်ရိုးရာဓလေ့ကို ချစ်စရာကောင်းတယ်လို့ပြောတယ် တခြားလူမျိုးတွေရဲ့ သင်္ကြန်နဲ့မတူဘူးဆိုပြီးတော့ လာရောက်ပါဝင်ကြတာတွေ့ရပါတယ်။ ပျော်ပျော်ပါးပါး သင်္ကြန်ရေပတ်ကြတာတွေတွေ့ရပါတယ်။ အဲဒါကြောင့် ကျနေ်ာတို့ ရခိုင်သင်္ကြန်ရဲ့ အဓိကဦးတည်ချက်ကတော့ ကျနေ်ာတို့ရခိုင်တွေအချင်းချင်းစည်းစည်းလုံးလုံးရှိစေရန်၊ တခြားတိုင်းရင်းသားတွေက ရခိုင်ဓလေ့ကို လာရောက်ပြီးတော့ လေ့လာနိုင်ရန်၊နောက်ပြီးတော့ နှစ်ဟောင်းမှာ အညစ်အကြေးတွေကင်းစင်စေပြီးတော့ နှစ်သစ်မှာပေါ့နော် သင်္ကြန်ရေအတာရေ လိုအေးမြပြီးတော့ အေးမြကြည်လင်ပြီးတော့ အချင်းချင်းချစ်ခင်စည်းလုံးညီညွတ်မူများ ရစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တဲ့အတွက် အလွန်တရာ ကျနေ်ာတို့က ဂုဏ်ယူဆရာကောင်းတဲ့ သင်္ကြန်ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။အဲဒီတော့ ရခိုင်ရိုးရာသင်္ကြန်ကျင်းပပုံနဲ့ မြန်မာ့ရိုးရာအတာသင်္ကြန် ဆင်နွဲပုံကွာခြားချက်ရော ဘယ်လိုရှိပါသလဲခင်ဗျ။
ဒေါက်တာ စံလှကျော်။ ။ရခိုင်ရိုးရာသင်္ကြန်ကတော့ ကျနော်တို့ ရခိုင်တွေက အဆင့် ၃ ဆင့်နဲ့ လုပ်ပါတယ်ခင်ဗျ၊ ပထမအဆင့်ကတော့ နံသာသွေးရေ ဆိုပြီးတော့ အမွှေးနံသာရေကို မိန်းကလေးတွေကို ဆုပေါင်းပြီးတော့ သွေးကြပါတယ်။ အဆင့်၂ ကတော့ အဲဒီရတဲ့ နံသာရေတွေနဲ့ ဘုရားရုပ်တုတွေကို ရေသပ္ပါယ်ကြပါတယ်။ နောက်တတိယအဆင့်ကမှ လူတွေအချင်းချင်းပေါ့ လောင်းစင်ကြီးတွေချပြီးတော့ ရေပက်ကြပါတယ်။ အဲလို ၃ ဆင့်နဲ့ ကျင်းပကြပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။မြန်မာသင်္ကြန်နဲ့ နိုင်းယှဉ်ပြီးပြောရင်အားနည်းချက်အားသာချက် ဘယ်လိုရှိပါသလဲ။
ဒေါက်တာ စံလှကျော်။ ။ဟုတ်ကဲ့ ရခိုင်တွေမှာ ဓလေ့တခုကတော့ ဘုရားရေသပ္ပါယ် မလုပ်သေးသရွေ့လူအချင်းချင်း ရေမလောင်းရပါဘူး။ ဘုရားရေသပ္ပါယ်ပြီးမှ ရေလောင်းရတယ်ဆိုတဲ့ ဓလေ့ရှိပါတယ်ခင်ဗျ။မြန်မာသင်္ကြန်မှာတော့ ၁၄ ရက်နေ့လောက်မှ ဘုရားရေသပ္ပါယ်တာတွေလုပ်ကြပါတယ်ခင်ဗျ ။ ကျနေ်ာတို့ ရခိုင်တွေမှာတော့ သင်္ကြန်မကျခင်ကတည်းက ဘုရားရေသပ္ပါယ်တာတွေကို အဲဒီလို ကွာပါတယ်ခင်ဗျ။ ရခိုင်တွေမှာတော့ ပိုက်လုံးတွေဘာတွေနဲ့ ရေမပက်ကြဘူးခင်ဗျ ရေဖလားနဲ့ပဲ အပျိုလူပျိုတွေက ရေပတ်ကြပါတယ်ခင်ဗျ။ မြန်မာမှာတော့ ရေပက်ခံတယ်ဆိုပြီးတော့ ရေပတ်ခံတဲ့လူက သွားရင်လည်း မဏ္ဍပ်ကလူတွေရေပက်တာတွေကိုခံရတယ်၊ မဏ္ဍပ်ကလူကို ရေပက်တာတော့မရှိပါဘူး ကျနော်တို့ ရခိုင်မှာတော့ မဏ္ဍပ်လောင်းစင်မှာ ရေဖြည့်ပြီးတော့ လာတဲ့အမျိုးသားတွေကို ရေပုံးတွေနဲ့ ရေဖြည့်ပေးပါတယ်။ အမျိုးသားတွေက ရေပက် အမျိုးသမီးတွေက အရှေ့ကနေပက်အဲဒီလိုမျိုးခွဲထားပါတယ် ။ ကိုယ်ကြိုက်တဲ့သဘောကျတဲ့ အမျိုးသမီးကို ရေပက်ခွင့်ရှိပါတယ် မဏ္ဍပ်ထဲမှာ အမျိုးသမီးတွေတန်းစီပြီးနေတဲ့အထဲက ကိုယ်ကြိုက်တဲ့အမျိုးသမီးကို ရေပက်ချင်ရင် ကျနေ်ာတို့ရခိုင်မှာတော့ မဏ္ဍပ်ရှင်မလို့ခေါ်တာပေါ့ ကြီးကြပ်တဲ့အမျိုးသမီးကနေခွင့်တောင်းပြိးတော့ ကျနော်ဒီအမျိုးသမီးလေးကို ရေပက်ချင်ပါတယ် ဆိုရင် အဲဒီအမျိုးသမီးက စီစဉ်ပေးပြီးတော့ ရေပက်ပါတယ်၊ ရေပက်ရင်းနဲ့ စကားပြောလို့ရပါတယ် မိတ်ဆက်လို့ရပါတယ်၊ ချစ်စကားတွေလည်းပြောလို့ရပါတယ်။ အဲဒီကတဆင့် ဖူးစာဆုံသွားတဲ့ ဇနီးမောင်နှံတွေလည်းအများကြီးရှိပါတယ်ခင်ဗျ။”
ရခိုင်ရိုးရာသင်္ကြန်အကြောင်းဒေါက်တာစံလှကျော်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးထားတာဖြစ်ပါတယ်။