သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် သင်္ကြန်အကြို


ရန်ကုန်သင်္ကြန်အကြိုနေ့မြင်ကွင်း
ရန်ကုန်သင်္ကြန်အကြိုနေ့မြင်ကွင်း

ဒီကနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် မဟာသင်္ကြန်ပွဲတော်အဖွင့် အကြိုနေ့ပါ။ မြန်မာနိုင်ငံတဝန်း၊ အထူး သဖြင့် မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေကိုဖွင့်လှစ်ပြီး စပြီးတော့ ရေကစား ပျော်ရွှင်ကြတဲ့နေ့လဲဖြစ်ပါတယ်။ အဲဒီထဲကမှ ဒီကနေ့ မနက်ပိုင်းကလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်နဲ့ အရှေ့ပိုင်းခရိုင်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားတွေကို ကျနော်/ကျမတို့ရဲ့ ဗွီအိုအေဝိုင်းတော်သားတွေ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့ကြပါတယ်။ အရင်ဆုံး ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရောက်ခဲ့တဲ့ ကိုကျော်ကျော်သိန်း ပေးပို့ထားတဲ့သတင်းကို နားဆင်နိုင်ပါပြီ။

"ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အခမ်းအနားကြီးကို အောင်မြင်စွာဖွင့်လစ်ပါကြောင်းကြေညာအပ်ပါတယ်ရှင်။"

၁၃၇၈ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားပဲ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်မြို့တော်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဖဲကြိုးဖြတ်ပြီးတော့ ဖွင့်လစ်ပေးခဲ့ပါတယ်။ အကအဖွဲ့မျိုးစုံကလည်း လှလှပပဖျော်ဖြေနေကြတာလည်းဖြစ်ပါတယ်။ ဒီနှစ် သင်္ကြန်ပွဲတော်ကိုလည်း မနှစ်ကလိုပဲ ပြည်သူ့သင်္ကြန်ဖြစ်အောင် စည်စည်ကားကားနဲ့ လုပ်သွားမယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ဆက်ပြီးလုပ်သွားကြပါလို့ ဝန်ကြီးချုပ်က သူ့ရဲ့အဖွင့်အမှာစကားမှာ တိုက်တွန်းပြောသွားပါတယ်။

ပါဝင်ကပြယှဉ်ပြိုင်တဲ့အကအဖွဲ့ထဲမှာ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန အကအဖွဲ့ကလည်း ၁ ဖွဲ့အပါအဝင်ဖြစ်ပါတယ်။ ဒီမီးသတ်ဦးစီးဌာန အကအဖွဲ့ဝင်တွေကို VOA ကတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

"မေး။ ။ဒီသင်္ကြန်မှာ ဖျော်ဖြေလာတာ နှစ်ရှည်လို့ ဆက်တိုက်ဖျော်ဖြေလာတာဆိုတော့ မနှစ်ကနဲ့ ဒီနှစ် သင်္ကြန်က ဘာကွာသလဲ။

ဖြေ။ ။ဘာကွာသလဲဆိုတော့ နှစ်တိုင်းကတော့ ညီမတို့ ဖျော်ဖြေနေကြ ၊ ပြိုင်ပွဲဝင်နေကြပါပဲရှင့်။

မေး။ ။ ဆိုတော့ သင်္ကြန်မှာ ဗဟိုမဏ္ဍပ်ဖွင့်ပွဲမှာရော လာဖျော်ဖြေရတာ စိတ်ထဲမှာဘယ်လိုခံစားရသလဲ။

ဖြေ။ ။ညီမတို့ ဘယ်လိုခံစားရသလဲဆိုတော့ ဝမ်းသာပါတယ်ရှင့် ဒီလို ဖျော်ဖြေခွင့်ရတဲ့အတွက်။"

ဒီကနေ့ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ပါဝင်ပြီးတော့ ဆင်နွဲကြသူတွေထဲမှာ နိုင်ငံခြားသားတချို့ကိုလည်း တွေ့ရပါတယ်။ ဒီအထဲမှာ အမေရိကန်သူတဦးနဲ့ ပြင်သစ်နိုင်ငံသားတဦး သူတို့ နှစ်ဦးစလုံးက မြန်မာနိုင်ငံမှာ အင်္ဂလိပ်ဘာသာပြ ဆရာတွေအဖြစ် အလုပ်လုပ်ကိုင်နေကြသူတွေပါ ။ သူတို့ သင်္ကြန်ခံစားချက် ၊ ပထမဦးဆုံး သင်္ကြန်အတွေ့အကြုံကိုလည်း သူတို့က ပြောပြသွားပါတယ်။

“တကယ်ကို ပျော်ဖို့ကောင်းတာပါရှင်။ အကမယ်တွေ ဖျော်ဖြေတာကို ကျမနှစ်ကြိုက်ပါတယ်။”

“ရိုးရိုးသားသားပြောရရင် ဒါကိုကျနော်မျှော်လင့်နေတာပါ။ သိပ်ကိုလည်းကြည့်လို့ကောင်းပါတယ်။ သိပ်ကိုလည်း ရိုးရာဆန်ပါတယ်။ တကယ်ကို ပျော်စရာပါခင်ဗျ။”

ရန်ကုန်တိုင်းဝန်ကြီးချုပ်က မနက်ပိုင်းမှာ မဏ္ဍပ်ကိုဖွင့်ပေးပြီးတဲ့နောက်မှာ အနုပညာရှင်အသီးသီးက အက၊ အလှဂီတ သီဆိုဖျော်ဖြေပွဲတွေ ဆက်ပြီးတော့ ကျင်းပပါတယ်။ တခါ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဘေးမှာ ရေကစားမဏ္ဍပ် တည်ဆောက်ထားပြီးတော့ ကလေးလူငယ်အရွယ်မျိုးစုံ ရေကစားပျော်မြူးကြပါတယ်။ ရေပတ်ခံကားတွေလည်း သိပ်ပြီးကျပ်ကျပ်တည်းတည်းကြီးမဟုတ်ပေမယ့် စိတ်စိတ်ကလေးတော့ ရေပတ်ခံထွက်တဲ့အနေအထားကိုတွေ့ရပါတယ်။

တခါ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပတ်ပတ်လည်မှာ ရဲတပ်ဖွဲ့ဝင်လုံခြုံရေး တွေချထားတာကိုလည်း တွေ့ရသလို အရေးပေါ်ဖြစ်လာရင် ကူညီကယ်ဆယ်စောင့်ရှောက်ဖို့အတွက် အရေးပေါ်လူနာတင်ယာဉ်တွေ ၊ ပြီးတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု ကူညီပေးမယ့် ပရဟိတအဖွဲ့တွေ ချထားတာကိုလည်း ကျနေ်ာတို့တွေ့ရပါတယ်။

ဒီကနေ့မဟာသင်္ကြန်အကြိုနေ့မှာ ရန်ကုန်မြို့တလျှောက် အနည်းငယ်စည်ကားတယ်လို့ ပြောလို့ရတဲ့နေရာတလျှောက်ကတော့ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပဲဖြစ်ပါတယ်။ ကျန်တဲ့ ရန်ကုန်မြို့ရဲ့နေရာအသီးသီး မှာတော့ မဟာသင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်လှုပ်ရှားနေနေကြတာတွေကို ကျနော်တို့ လှည့်လည်သွားလာကြည့်ရှု့စဉ်မှာတွေ့မြင်ရပါတယ်။ မည်သို့ဖြစ်စေ တနှစ်တခါမှကြုံကြရတဲ့ မဟာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေ နေရာအသီးသီးမှာ ပုံသဏ္ဍန်အသီးသီးနဲ့ ပျော်ရွှင်ဆင်နွဲဖို့ ရင်ခုံစောင့်စားပြင်ဆင်နေကြပြီလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ကျနော်ကျော်ကျော်သိန်းပါ၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ရှေ့ကနေပြီးတော့ သတင်းပေးပို့တာပါခင်ဗျ။

အခုနားဆင်ခဲ့ရတာကတော့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကိုရောက်ခဲ့တဲ့ ကိုကျော်ကျော်သိန်း ပြောပြသွားတာပါ။ ဆက်ပြီးတော့ ရန်ကုန်တိုင်းတွင်း ခရိုင်လေးခုမှာရှိတဲ့ မဏ္ဍပ်လေးခုထဲက တခုရဲ့ဖွင့်ပွဲကို ရောက်ခဲ့တဲ့ မမေခ သတင်း ပေးပို့ထားတာကို နားဆင်ပါ။

ကျမရောက်နေတဲ့နေရာကတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အရှေ့ပိုင်းခရိုင်ဖျော်ဖြေရေး မဏ္ဍပ်မှာပဲဖြစ်ပါတယ်။ အရှေ့ပိုင်းခရိုင်ဖျော်ဖြေရေး မဏ္ဍပ်မှာ အလွှာစုံက အနုပညာရှင်တွေ အကအလှဖျော်ဖြေမှုတွေနဲ့ တင်ဆက်ကပြသွားမှာဖြစ်ပါတယ်။

ဒီ ၂ နှစ်အတွင်း ရန်ကုန်မြို့သင်္ကြန်ပွဲတော်တွေကို နွဲပျော်ကြတာတွေပြောင်းလဲသွားတယ်လို့ လူတေ်ာတော်များများက ပြောကြပါတယ်။ အထူးသဖြင့်ကတော့ သင်္ကြန်ကာလအတွင်း အခကြေးငွေတွေယူပြီး မဏ္ဍပ်တွေဖွင့်တာကို တိုင်းဒေသကြီးအစိုးရက ပိတ်ပင်ကန့်သတ်လိုက်တဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက စလို့ သင်္ကြန်မဏ္ဍပ်အရေအတွက် လျှော့သွားတာမှ ဒီနှစ်ဆိုရင် မနှစ်ကမဏ္ဍပ်အရေအတွက်ရဲ့ ထက်ဝက်လောက်ပဲရှိပါတော့တယ်။ ဒါပေမယ့်လည်း သင်္ကြန်ပွဲပြောင်းလဲသွားပုံအပေါ် မတူကွဲပြားတဲ့အမြင်ရှိသူတဦးကတော့ သာကေတမြို့ခံတဦးဖြစ်သူ ဒေါ်အေးအေးအောင်ပါ။

“ဒီနှစ်သင်္ကြန်က ဘာကွဲပြားသလဲဆိုတော့ ခါတိုင်းနှစ်ဆိုရင် အတိုတွေအပြတ်တွေပေါ်တာပေါ့နော်။ ဒီနှစ်မှာတော့ ရိုးရိုးလေးပဲပေါ့ သီချင်းဆိုတာတွေကအစ အကုန်ရိုးရိုးလေးတွေဖြစ်တယ်။”

တဖက်မှာလည်း မြန်မာနိုင်ငံရဲမဟာသင်္ကြန်ပွဲတော်အထူးသဖြင့်ရန်ကုန်မြို့လို မန္တလေးတွေလို မြို့ကြီးတွေက ပွဲတော်တွေဟာ သာမန်လူတန်းစားတွေအားလုံးနဲ့ တန်းတူပျော်ရွှင်ဆင်နွဲနိုင်တဲ့ ပွဲတော်မျိုးမဟုတ်ပဲ ခရိုနီတွေကြီးစိုးတဲ့ အသပြာသင်္ကြန်ပွဲတော်လိုဖြစ်နေပြီလို့လဲ ပြောတာတွေရှိပါတယ်။

သင်္ကြန်ပွဲတော်မှာ လူတိုင်းပျော်ရွင်ခွင့်မရတဲ့အခြေအနေကို နားလည်ထားတဲ့အတိုင်းအဓိပ္ပါယ်ဖွင့်ဆိုသူကတော့ နောက်ထပ်သာကေတမြို့ခံတဦးဖြစ်တဲ့ ကိုထွန်းလင်းအောင်ပါ။

“ကုန်ဈေးနှုန်းတွေက ကြီးတော့ လူတွေက သိပ်ပြီးတော့အဆင်မပြေကြဘူးလေ။ အဆင်မပြေကြတော့ သိပ်ပြီးတော့ မကဲနိုင်ဘူးပေါ့နော် ၊ ဈေးအရောင်းအဝယ်တွေလည်းပါးပါတယ်။”

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ ရန်ကုန်တိုင်းမဟာသင်္ကြန်ပွဲတော်ကို

လူထုသင်္ကြန်ဖြစ်စေရမယ်ဆိုပြီးတော့ မနှစ်ကတည်းက ကတိပြုပြောဆိုထားတာပါ။ဒါပေမယ့်လည်း လက်တွေ့မှာတော့ အဲဒီလိုအခြေအနေမျိုးတွေ မတွေ့ရသေးကြောင်းပါ။

ရန်ကုန် သင်္ကြန်အကြို
please wait

No media source currently available

0:00 0:06:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG