သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီနှစ်သင်္ကြန်နဲ့ ဖျော်ဖြေရေးအစီအစဉ်


မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့ဆိုရင် မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော် သင်္ကြန်အကြိုနေ့ စပါပြီ။ ဒီလို ရိုးရာသင်္ကြန် နှစ်သစ်ကူးပွဲတော်မှာ မြန်မာနိုင်ငံအနှံ့အပြား ပျော်ရွှင်စရာ အဆို အက ဖျော်ဖြေရေးအစီအစဉ်တွေ များလှသလို အနုပညာရှင်တွေ အလုပ်များတတ်လေ့ရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီနှစ် နှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ ဒီလို အနုပညာရှင်တချို့ရဲ့ လှုပ်ရှားမှု အစီအစဉ်တချို့ကို သိရအောင် မခင်ဖြူထွေးက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

မြန်မာတို့ရဲ့ ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ဟာ မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့ဆိုရင် အကြိုနေ့ စပါပြီ။ ခုချိန်ကတော့ လူကြီးလူငယ်မရွေး ပျော်ရွှင်နိုင်တဲ့ ရိုးရာ ရေသဘင်ပွဲနဲ့အတူ ရိုးရာသင်္ကြန် သီချင်းတွေ၊ သံချပ်တွေ၊ အကအလှ ဖျော်ဖြေမှုတွေနဲ့ နေရာတိုင်းမှာ တေးသံသာတဲ့ အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ ဖျော်ဖြေပွဲတွေနဲ့ အလုပ်များလေ့ရှိတဲ့ အနုပညာရှင်တွေ ဒီနှစ်ရော ဘယ်လို အစီအစဉ်တွေနဲ့ အလုပ်များကြပါမလဲ။ သင်္ကြန်ကာလကို သူတို့ ဘယ်လို ဖြတ်သန်းကြမှာပါလဲ။

ကိုယ်ပိုင်သံစဉ်တွေနဲ့ နံမည်ကြီးတဲ့ တေးသံရှင် မီမီဝင်းဖေ ကတော့ - ဒီနှစ်သင်္ကြန်မှာ ဖျော်ဖြေရေး ပွဲတချို့ တက်ရောက်ဖို့ရှိပေမဲ့၊ သင်္ကြန်ကာလ အတော်များများကတော့ မိသားစုနဲ့အတူ ရှိမယ်လို့ ဆိုပါတယ်။

“ဒီနှစ်သင်္ကြန်မှာ အကြိုနေ့ကတော့ တနသာၤရီတိုင်းဝန်းကြီးချုပ်က ဖိတ်ထားတဲ့အတွက် ကျမသွားပြီးတော့ ဖွင့်ပွဲကို သွားဆိုပါမယ်။ ပြီးရင်နောက်နေ့မနက် ရန်ကုန်ပြန်ရောက်ပါမယ်။ အကျနေ့မှာ ပြန်ရောက်ပါမယ်။ရောက်ပြီးတော့ မြို့တော် မဏ္ဍပ်မှာ ၂ ကြိမ်လောက် ဆိုဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့်အများကြီးတောက်လျှောက်ဆိုဖို့အစီအစဉ်မရှိပါဘူး။ ကျန်တဲ့အားတဲ့အချိန်လေးတွေကတော့ မေမေ့ကိုအဖော်လုပ်မယ်၊ ဖေဖေနဲ့ စကားပြောမယ်။ ဖေဖေပန်းချီဆွဲမယ်ထင်ပါတယ်၊ အဲဒါအဖေနဲ့ သူ့ကို ကူပြီးတော့ အဖော်လုပ်မှာပေါ့နော်။ မေမေနဲ့ ဖေဖေနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖို့ရှိပါတယ်။ မုန့်လေးတွေ အိမ်မှာလုပ်ပြီးတော့ အိမ်နားကိုဝေပါမယ် မမေက ဒီနှစ်သင်္ကြန်ကတော့ အေးအေးဆေးဆေးပါပဲ။ ကုသိုလ်လေးတွေလုပ်ပြီးဖြတ်သန်းမှာပါ။”

Lazy Club တေးဂီတဝိုင်းရဲ့ ဂီတမှူး ကိုနိုင်ဇော် ရဲ့အသံကိုလည်း နားထောင်ကြည့်ရအောင်ပါ။

“ဒီနှစ်က အနားယူတဲ့ သင်္ကြန်ပါဗျာ ၊ မိသားစုနဲ့ ရှိနေမှာပါ ကျနေ်ာအိမ်မှာပဲ၊ ကျနော်အလည်ခရီးလည်းထွက်ရင်တော့ ထွက်မှာပေါ့ အခုတော့ ကြည့်နေတုန်းပဲ ။ တောင်ငူသင်္ကြန်ကို ကျနော်တို့ တကယ်လို့ အမှတ်တရသွားလည်ရင်လည်း လည်မယ်။”

ဒီနှစ် ရန်ကုန်သင်္ကြန်မှာ ရေကစားမဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ သိသိသာသာ နည်းပါးသွားတဲ့အတွက် အနုပညာရှင်တွေ အတော်များများ အလုပ်လက်မဲ့ ဖြစ်သွားရတယ်လို့လည်း ကိုနိုင်ဇော်က ပြောပါတယ်။

“ဒီနှစ်တော့ဖျော်ဖြေရေးကတော့ တအားနည်းတယ်လေ။ စီးပွားရေးတွေလည်းအဲလိုပေါ့နော် ရန်ကုန်မှာ အစိုးရပေါ်လစီနဲ့ နည်းနည်းလေးတော့ ပရိတ်သတ်တွေနဲ့ အနုပညာရှင်တွေကြားမှာ နည်းနည်းလေး ဂယက်ရိုက်သွားတာပေါ့နော်။ ရန်ကုန်တိုင်းအစိုးရရဲ့ ပေါ်လစီကလည်း ရိုးရာသင်္ကြန်ကိုအားပေးမှာလား ဒီခေတ်သစ်သင်္ကြန်ကို လက်မခံတာလား အဲဒီကြားထဲမှာ အနုပညာရှင်တွေဖျော်ဖြေမှုတွေကတော့ မဏ္ဍပ်တွေမပေးတဲ့အခါကျတော့ အနုပညာရှင်တွေတော်တော်များများကတော့ အလုပ်လက်မဲ့ဖြစ်တာပေါ့နော် ဒါကတော့ အားလုံးကြုံခဲ့ရပါတယ်။ ကျနော်ကတော့ အခုအလုပ်ကိစ္စတခုနဲ့ ရွှေဂုံတိုင်သွားတာ မြို့ထဲကနေ ကန်တော်ကြီးတလျှောက် ရွှေဂုံတိုင်သွား၊ ဒီ သမ္မတရုံဘက်ကပြန်တော့ မဏ္ဍပ်တခုမှမရှိဘူး။ ကန်တော်ကြီးတဝိုက်မှာလည်း ဘာမဏပ်မှမရှိဘူး။ ရွှေဂုဏ်တိုင်မှာလည်းမရှိဘူး၊ ကမ္ဘာရေးဘုရားလမ်းမှာလည်း ဘာမှမရှိဘူး။ သမ္မတရုံနဲ့ မြို့ထဲမှာလည်း ဘာမှမရှိဘူး။ အဲလောက်မရှိတဲ့ မဏ္ဍပ်သင်္ကြန်ကျနော့်တသက်မှာ ဒီတခါပဲတွေ့ဖူးတယ်။”

ဒီနှစ် ရန်ကုန်သင်္ကြန်က အရင်နှစ်တွေထက်တော့ တိတ်ဆိတ်နေတယ်လို့ တေးသံရှင် ကော်နီကလည်း ပြောပါတယ်။

“ဒီနှစ်ကတော့ တိတ်ဆိတ်ပါတယ်။ သင်္ကြန်ကတော့ မကော်ထင်တာက ဘယ်လိုမျိုးဖြစ်မလဲဆိုတော့ မကော်တို့ ငယ်ငယ်က လိုပဲ မကော်တို့မှာ ပွဲတွေမရှိဘူးလေ ၊ မကော်တို့ ၈၆ မှာ အဆိုတော်ဖြစ်တယ်။ ၈၈ မှာ အရေးအခင်းဖြစ်တယ်၊ ဆိုတော့ ဘာပွဲမှမရှိဘူး။ ဒါပေမယ့် ဘာတွေရှိမလဲဆိုတော့ အစိုးရဝန်ကြီးမဏ္ဍပ်တွေရှိမယ်။ နောက်တော့ ခေတ်လေးနည်းနည်းကောင်းလာတော့ ဘင်ဆင်၊ ဂျင်ဆင်းတို့ ဗီဗီတို့ မဏ္ဍပ်တွေပေါ်လာတာ။ သူတို့မိသားစုမဏ္ဍပ်တွေပေါ့ အဲဒီမှာလည်း သူတို့တွေက တီးဝိုင်းခေါ်မယ် ၊ အဲလိုမန္တလေးက တီးဝိုင်းတွေပေါ့ အဲဒီလိုမျိုးနဲ့ ပွဲလုပ်တယ် အဲလောက်ပဲ အဲဒီတော့ မကော်ထင်တာကတော့ အဲဒီခေတ်ကို ပြန်ရောက်သွားမယ့် ပုံစံမျိုးပေါ့။”

တေးသံရှင်ကော်နီ ရဲ့ ဒီနှစ် သင်္ကြန်ကာလ အစီအစဉ်ကရော ဘယ်လိုရှိပါလဲ။

“မကော်က ဒီနှစ် ထားဝယ်သွားမယ်။ မကော်ရယ် ၊ မနီရယ်၊ ကိုအောင်ရင်ပါမယ်။ နောက်မိုးဇံပါမယ်၊ Evening star band နဲ့သွားမှာ။”

“မျှော်နိုင်သမျှ” သီချင်း အယ်လ်ဘမ်နဲ့ လတ်တလော နံမည်ကြီးနေတဲ့ တေးသံရှင် ဖြိုးပြည့်စုံကတော့ ဒီနှစ်သင်္ကြန်ကာလ တလျှောက်လုံး မုံရွာပရိသတ်နဲ့အတူ ရှိမယ့်အကြောင်း ပြောပါတယ်။

“ကျနော်က သင်္ကြန်ကို မုံရွာမြို့မှာ ဖျော်ဖြေတင်ဆက်ပေးရမယ်ပေါ့နော်။ ပုဂ္ဂလိက မဏ္ဍပ်တခုမှာပဲ မုံရွာမှာရှိတဲ့ မုံရွာမြို့ခံပြည်သူတွေနဲ့အတူတူ ဖျော်ဖြေတင်ဆက်မှုတွေ ၊ ရေပတ်ကစားမဏ္ဍပ်မှာ ဖျော်ဖြေရမယ်။ ကျနော်နဲ့ အတူတူ တေးသံရှင်တွေကတော့ နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ အာဇာနည်တို့၊ ပိုပိုတို့၊ မို့မို့လွင်တို့ နောက်ညီမငယ်လေးတွေလည်းပါတယ်။ ဆိုတော့ အနုပညာရှင်တွေ ဖျော်ဖြေတင်ဆက်မှုအဖွဲ့တွေမှာ ဒီနှစ်ကိုတော့ မုံရွာမြို့မှာ ဖျော်ဖြေတင်ဆက်ပေးရပါမယ်။”

ဒီနှစ် ရန်ကုန် သင်္ကြန်ပွဲတော်မှာ စီးပွားဖြစ် မဏ္ဍပ်တွေ ဆောက်ခွင့်မပြုဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားပြီး သင်္ကြန်ကာလတွင်း ဖျော်ဖြေကြမယ့် သံချပ်တွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြိုတင် စိစစ်သွားမယ်လို့ ဆိုတာကြောင့် ဒီအပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့သလို၊ တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အနုပညာရှင် အတော်များများ လည်း အနည်းနဲ့အများ ထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG