သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ် ကန့်သတ်ချက်ကြောင့် ကြက်သွန်နီကုန်သည်တွေ ထိခိုက်နေ


ကြက်သွန်များအိပ်များ
ကြက်သွန်များအိပ်များ

တရုတ်နယ်စပ် ကန့်သတ်ချက်ကြောင့် ကြက်သွန်နီကုန်သည်တွေ ထိခိုက်နေ

{{Zawgyi/Unicode}}
ကြက်သွန်နီသယ်လာတဲ့ မြန်မာကုန်ကားအစီး ၁၄၀၀ လောက်ဟာ တရုတ်ပြည်ထဲကို ဝင်ခွင့်ရဖို့အတွက် စက်တင်ဘာလကတည်းက မူဆယ်နယ်စပ်မှာ စောင့်ဆိုင်းနေခဲ့တာပါ။ လနဲ့ချီပြီး စောင့်ဆိုင်းရလို့ အဲဒီအထဲက ကုန်ချိန်ထက်ဝက်လောက်ဟာ မူဆယ်ဂိုထောင်တွေထဲမှာပဲ အပင်ပေါက်ပြီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ပို့ကုန်မရှိတဲ့အတွက် ပြည်တွင်းမှာလည်း ကြက်သွန်နီအများအပြား ပိုလျှံနေပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျပ်ငွေသန်းနဲ့ချီပြီး ဆုံရှုံးနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းလိုက်တာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြပေးမှာပါ။

တရုတ်နိုင်ငံကိုတင်ပို့ဖို့ မူဆယ်နယ်စပ်က ဂိုထောင်တွေထဲမှာလှောင်ထားတဲ့ ပြည်တွင်းကြက်သွန်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ပျက်ဆီးမှုတွေရှိပြီး ဆုံးရှုံးမှုများခဲ့ကြောင်း ကုန်သည်တွေက ပြောပါတယ်။ တရုတ်က ကပ်ရောဂါအကြောင်းပြပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို လနဲ့ချီပိတ်ထားခဲ့တာပါ။ အခု ကျင်စန်းကျော့ဂိတ်ကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးတယ်ဆိုပေမဲ့လည်း အပင်ပေါက်နေတဲ့ ကြက်သွန်တွေကို တရုတ်ဘက်က ဝယ်ဖို့မဖြစ်နိုင်ပါဘူး။

“ အကုန်ရှုံးကုန်တာ၊ ဘယ်သူမှမနေရဘူး။ အဲဒီမှာ အစီး ၁၄၀၀ လောက်ရောက်တာ အကုန်လုံးရှုံးတယ်။ ဟိုမှာထားတဲ့သူလည်း ကုန်တာပဲ၊ ဒီမှာသယ်တဲ့သူလည်း ကုန်တာပဲ။ ဘယ်သူမှမမြတ်ဘူး။”

မြန်မာနိုင်ငံ စားဖိုချောင်သီးနှံ စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌ ဦးခင်ဟန် ပြောသွားတာပါ။

ဈေးရမယ့်ချိန်ကိုစောင့်ရင်း ပြည်တွင်းက လက်ကျန်ကြက်သွန်တွေလည်း အပင်တွေပေါက်ပြီး အများအပြား ပျက်စီးနေပါတယ်။ အသစ်တွေကလည်း ပခုက္ကူတမြို့တည်းမှာတင် ပိဿာချိန်သောင်းနဲ့ချီပြီး ပေါ်နေလို့ ဈေးလည်း တောက်လျှောက်ကျနေတာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ကြက်သွန်နီ စိုက်ပျိုးသူတွေ၊ ကုန်သည်တွေ၊ ပို့ကုန်သမားတွေရဲ့ အခုနှစ် ဆုံးရှုံးမှုပမာဏကတော့ ကျပ်ငွေသိန်းပေါင်း သောင်းနဲ့ချီနိုင်တယ်လို့ သူပြောပါတယ်။

“ အများကြီးကို ဆုံးရှုံးသွားမှာ၊ သိန်းသောင်းချီပြီးတော့သွားမှာ အားလုံပေါင်းပေါ့ တယောက်တည်းမဟုတ်ဘူး။ ဟိုလူ ၁၀၀ ရှုံး၊ ဒီလူ ၂၀၀ ရှုံး၊ ဟိုလူ ၁၀၀၀ ရှုံး၊ ဒီလူ ၅၀၀ ရှုံးနဲ့ အဲဒါသိန်းသောင်းချီသွားမှာ။ ကုန်စိမ်းဖြစ်နေတော့ လူကပဲတောင့်လို့ရတာ ပစ္စည်းက မတောင့်တော့ဘူး။ အကုန်လုံးလွှင့်ပစ်ရ။ အသစ်ပါဝင်လာတော့ အဟောင်းပိုဆိုးတာပေါ့လို့။ အပင်မပေါက်တဲ့အလုံး တလုံးမှမပါဘူး၊ ရန်ကုန်မှာ အပင်တွေပေါက်။ ရောင်းလို့ အရမ်းခက်သွားပြီ။ တရုတ်ပြည်သွားလို့လည်း မရတော့ဘူး။ ဟိုရောက်လည်း လွှင့်ပစ်ရမှာ။”

တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကြက်သွန်ပုံမှန်တင်ပို့နေတဲ့ ကုမ္ပဏီတွေကလည်း အခုနှစ်ထဲမှာ တောင်သူတွေဆီကို မဆက်သွယ်ကြပါဘူး။ အခုတော့ ဈေးရချိန်ကိုမျှော်ရင်း လက်ထဲမှာပျက်စီးလာတဲ့ကြက်သွန်ကို ရတဲ့ဈေးနဲ့ရောင်းဖို့ပဲ တောင်သူတွေက ဆုံဖြတ်ထားကြောင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က တောင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ခါတိုင်းနှစ်တွေလောက် ကြက်သွန်ဈေးက မရှိဘူးပေါ့နော်။ တောင်သူတွေ သူတို့လုပ်တဲ့ လုပ်စရိတ်ထက် ကြက်သွန်က အရှုံးဘက်မှာ ရောက်နေတယ်လေ။ အဲဒီတော့ သူတို့ရတာနဲ့ ပြန်မကာမိတော့ မရောင်းဘဲထားတယ်။ တကယ်တမ်း ဝယ်လက်ကလည်း မရှိဘူး၊ အဲဒီလိုဖြစ်နေတယ်ခင်ဗျ။ နောက်ထပ် ကြက်သွန်ရာသီက ထပ်ပြီးရောက်လာပြီပေါ့နော်၊ အခုဆိုရင် သူတို့လက်ထဲမှာပဲ ကြက်သွန်တွေက ဆုံးရှုံးမှုတွေဖြစ်တယ်။ ခါတိုင်းနှစ်တွေဆိုရင် ပုံမှန်ပဲ သူတို့ပေါက်ရာပေါက်ဈေး အရောင်းအဝယ်ဖြစ်တယ်။”

ပြည်တွင်းက ကြက်သွန်နီကို အိမ်နီးချင်း တရုတ်နိုင်ငံကို အများဆုံးတင်ပို့တာဖြစ်ပြီး ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံကိုလည်း တင်ပို့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်တွေကန့်သတ်တဲ့အတွက် အခုနှစ်ထဲမှာ ကြက်သွန်နီပြည်ပတင်ပို့တာ လျော့နည်းသွားတယ်လို့ မြန်မာကုန်သွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

...................................

တိုက်ရိုက် လင့်ခ်



{{Unicode}}









XS
SM
MD
LG