သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းသဘာဝဓာတ်ငွေ့ ကြားစခန်း မြန်မာအလုပ်သမားတွေကို ရုံးတင်စစ်ဆေး


ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ၂၂ မိုင်ခန့်ကွာဝေးတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ၂ ထပ် အဆောင်တခု မီးရှို့မှု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ချင်းတိုင်းရင်းသား မြန်မာအလုပ်သမား ၁၇ ဦးကို မီးရှို့မှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခဲ့ပြီး မတ်လ ၁၀ ရက်နေ့က ရုံးတင်စစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ၂၂ မိုင်ခန့် ကွာဝေးပြီး အမ်းတောင်အုပ်စု တောင်စောက်ရွာက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ပွားမှုမှာ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်း ဦးစီးအရာရှိတဦးက တရားလိုလုပ်ပြီး သိန်း ၁ ထောင့် ၆ ရာကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မီးလောင်ပျက်စီးသွားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအလုပ်သမားတွေကို ပုဒ်မ ၃ ခုနဲ့ တရားစွဲခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာတော့ တရားရုံးမှာ စတင် စစ်ဆေးခဲ့ပါတယ်။ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အမှုလိုက်ပါ ဆောင်ရွက်ပေးတဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကတော့ အမ်းမြို့နယ် တရားရုံးမှာ စတင် စစ်ဆေးတဲ့အခါမှာ တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေဟာ ညှဉ်းပမ်းနှိပ်စက်တာကြောင့် မီးရှို့တာလို့ ထွက်ဆိုခဲ့ရတယ်လို့ ဆိုပါတယ်။

“MOGE နဲ့ YMJG တရုတ်ရေနံပိုက်လိုင်းကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာပေါ့လေ နော်၊ သိန်းပေါင်း ၁ ထောင့် ၆ ရာ ၂၅ သိန်း ပျက်စီးဆုံးရှုံးသွားတယ်ဆိုပြီးတော့ ဦးမျိုးချိုဝင်းက တရားလိုလုပ်ပြီးတော့ စွဲတဲ့အမှု ဖြစ်ပါတယ်။ ပုဒ်မက ၃ ခုပါ။ ၄၅၂/၄၃၆ ပေါ့လေ။ နောက် မျဉ်းစောင်း ၁၁၄ ပေါ့ အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတော့ မနေ့က အမ်းမြို့နယ် တရားရုံးမှာ တရားလိုကို အမှု စ စစ်တယ်ဆိုတဲ့ကိစ္စ ပေါ်ပေါက်တယ်။ ဆီဂိုဒေါင်က ဘေးကနေ ဝန်းခတ်ထားတယ်။ ကျောက်တိုင် သံဆူးကြိုးခတ်ထားတယ်။ ဆီဂိုဒေါင်ကလည်း အမိုး၊ အကာနဲ့ သော့ပိတ်ထားတဲ့ ဆီဂိုဒေါင်ပဲ။ အဲ့ဒီဂိုဒေါင်ကို မီးရှို့တာ။ ဒီဘက်မှာ အလုပ်သမားတွေနဲ့ စကားများတဲ့အုပ်စုက ---- ဖြစ်နေတုန်း၊ တဘက်ကလည်း အဲ့ဒီမှာ မီးစလောင်ပြီးတော့ အဲ့ဒီမှာ ကူးစက်လောင်သွားတာ တခုရှိတယ်။ ဒါပေမဲ့ အလုပ်သမားတွေနဲ့ သူတို့နဲ့ အပြန်အလှန်ဖြစ်တဲ့ အဆောင်ကတော့ မီးမလောင်ဘူးပေါ့နော်။ အဲ့ဒါကို ခဲတွေ၊ ဒုတ်တွေနဲ့ ပစ်ပေါက်ထားတဲ့ ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပြီး ရဲက ရိုက်ထားတဲ့ဟာ ရှိတယ်။ အဲတော့ ဘယ်သူမီးရှို့တယ်ဆိုတာကို တိတိကျကျ မသိဘူး။ နောက် အဲ့ဒီမှာ ကလေးတွေကို မေးကြည့်တဲ့အခါမှာ သူတို့ကို ညှဉ်းပမ်းနှိပ်စက်လို့ ထွက်ဆိုရတယ်ဆိုတာ၊ သူတို့ကို တရားခွင်ရှေ့မှာ လှမ်းမေးတော့ ဟုတ်တယ် ကျနော်တို့ကို နှိပ်စက်ပြီးတော့ ထွက်ဆိုခိုင်းတယ်။ လက်မှတ်တွေထိုးခိုင်းတယ်။ ဒါကြောင့် ကျနော်တို့ ထွက်ဆိုပေးရပါတယ်ဆိုပြီးတော့ ဒါကြောင့် အဲ့ဒီ ၁၇ ဦးစလုံးက အကုန်လုံး ထ ပြောတယ်။”

ဇန်နဝါရီလ ၂၆ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်မှာ မြန်မာနဲ့ တရုတ်အလုပ်သမား အနည်းဆုံး ၆၀ ခန့်က ရန်ဖြစ်ခဲ့ကြတာဖြစ်ပြီး၊ အဆောင်ကို ခဲလုံးတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီနောက် ရန်ဖြစ်တဲ့အဆောင်နဲ့ အနည်းငယ်လှမ်းတဲ့ ခြံစည်းရိုးခတ်ပြီး သော့ပိတ်ထားတဲ့ စီမံကိန်းအဆောင်တခု မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲ့ဒီမီးလောင်မှုကိုတော့ ချင်းတိုင်းရင်းသား မြန်မာအလုပ်သမားတွေက မီးရှို့တာဖြစ်တယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။ ဒီမီးရှို့နဲ့ပတ်သက်လို့ တရားခံတွေဘက်က ငြင်းဆိုခဲ့တဲ့အတွက် တရားလိုဖြစ်တဲ့ ဦးစီးအရာရှိကို မေးခွန်းထုတ်ခဲ့တယ်ဆိုပြီး တရားခံဘက်က ရှေ့နေကြီး ဦးအောင်သိန်းက ဆက်ပြောပြပါတယ်။

“ခင်ဗျားတို့ စာရင်းပျောက် အင်းပျောက်လုပ်လို့ မီးရှို့တာဆိုတာ မဖြစ်နိုင်ဘူးလားလို့ ကျနော်က မေးတဲ့အခါကျတော့ မဖြစ်နိုင်ပါဘူးတဲ့။ သူက အဲ့လိုတော့ ဖြေတာပေါ့လေ။”

မီးလောင်ပျက်စီးမှုတွေအတွင်း ကွန်ပြူတာများ၊ မီးခံသေတ္တာများ၊ ဓာတ်ဆီသိုလှောင်ကန်များ၊ စက်ပစ္စည်းများ ကာလတန်းဖိုး သိန်း ၁၆၀၀ ကျော်ဖိုး နစ်နာမှုရှိတယ်လို့ တရားလိုဘက်က တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းက တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဖမ်းဆီးခံရတဲ့ အလုပ်သမား ၁၇ ဦးထဲမှာ အသက် ၁၇ နှစ်အရွယ်ကနေ အသက် ၃၂ ကြား လူငယ်တွေပါဝင်ပြီး သူတို့တွေဟာ မကွေးတိုင်း ငဖဲရွာက ချင်းတိုင်းရင်းသားများ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက CNPC လို့ခေါ်တဲ့ တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းက အကောင်ထည်ဖော် ဆောင်ရွက်နေနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံပြီး ဆောက်လုပ်နေတဲ့ စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်။
XS
SM
MD
LG