သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Xi Jinping တရုတ်သမ္မတ ရာသက်ပန် ထမ်းဆောင်နိုင်ဖို့ လမ်းပွင့်


တရုတ်နိုင်ငံမှာ ၅ နှစ်စီ သမ္မတသက်တမ်း ၂ ကြိမ် ထမ်းဆောင်ရမယ်ဆိုတဲ့အချက်ကို ဖွဲ့စည်းပုံထဲကနေ ပယ်ဖျက်ဖို့ အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီက အဆိုပြုကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။ လွှတ်တော်က ကျိန်းသေပေါက်အတည်ပြုမယ့် ဒီပြင်ဆင်ချက်ကြောင့် လက်ရှိသမ္မတ Xi Jinping အနေနဲ့ အကန့်အသတ်မရှိ သမ္မတတာဝန်ကို ဆက်ပြီးယူထားနိုင်မှာဖြစ်ပါတယ်။ Xi Jinping အနေနဲ့ ရာသက်ပန်ခေါင်းဆောင်ကြီးဖြစ်သွားလိမ့်မယ်လို့ တရုတ်နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပေမဲ့ တရုတ်နိုင်ငံထဲမှာတော့ ဒီကိစ္စအပေါ် သိပ်ပြီးအံအားသင့်နေကြပုံမရပါဘူး။ VOA သတင်းထောက် Victor Beattie ရဲ့သတင်းကိုအခြေခံပြီး မစုမြတ်မွန်က ဆက်ပြီးပြောပြပါလိမ့်မယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Xi Jinping အနေနဲ့ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းပြည့်မယ့် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာလည်း ဆက်ပြီးအုပ်ချုပ်နိုင်ဖို့ လမ်းဖွင့်ပေးမယ့် ဖွဲ့စည်းပုံပြင်ဆင်ချက်ကို မတ်လ ၅ ရက်နေ့မှာ စတင်မယ့် တရုတ်လွှတ်တော်မှာ အတည်ပြုမယ်လို့ ယုံကြည်ရပါတယ်။ သမ္မတတာဝန်ယူသူအနေနဲ့ ၅ နှစ် သက်တမ်း ၂ ကြိမ်အုပ်ချုပ်ရမယ်ဆိုတဲ့ အချက်ကို ဖွဲ့စည်းပုံထဲကနေ ပယ်ဖျက်ဖို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တနင်္ဂနွေနေ့က အဆိုပြုခဲ့တာပါ။ ဒါနဲ့ပါတ်သက်လို့ ဝေဖန်မှုတွေကို တရုတ်နိုင်ငံက ပြန်လည်ချေပခဲ့ပါတယ်။ သမ္မတသက်တမ်းကို ပယ်ဖျက်မယ့် ဖွဲ့စည်းပုံကို ပြင်ဆင်ချက်ကြောင့် သမ္မတအနေနဲ့ သက်ပန်သက်တမ်းရသွားမှာ မဟုတ်ပါဘူးလို့ အစိုးရပိုင် Global Times သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြခဲ့ပါတယ်။ သမ္မတရာထူးသက်တမ်းကန့်သတ်ချက်ကို ဖယ်ရှားလိုက်တဲ့အတွက် ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကိုပိုပြီး တိုးတက်စေမှာဖြစ်တယ်လို့ဆိုပြီး အာဏာအပြောင်းအလဲတွေကို ဥပဒေနဲ့အညီ စနစ်တကျအောင်အောင်မြင်မြင်လုပ်သွားမှာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရေးကို လေ့လာနေသူတွေကတော့ တရုတ်နိုင်ငံမှာ သမ္မတရာထူးသက်တမ်းကန့်သတ်ချက်ကို ဖယ်ရှားလိုက်တာက အင်မတန်ထူးခြားတဲ့ အပြောင်းအလဲဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ကနေဒါနိုင်ငံ Alberta တက္ကသိုလ်က China Institute ရဲ့ညွှန်ကြားရေးမှူးလည်းဖြစ်။ နိုင်ငံရေးသိပ္ပံပါမောက္ခလည်းဖြစ်တဲ့ Gordon Houlden ကလည်းသူ့ရဲ့အမြင်ကို VOA ကိုခုလိုပြောပါတယ်။

"တိန့်ရှောင်ဖိန်လက်ထက်ထဲက တရုတ်နိုင်ငံမှာ စုပေါင်းဦးဆောင်မှု ပုံစံနဲ့အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ တိန့်ရှောင်ဖိန်ဟာ အာဏာအရှိဆုံးခေါင်းဆောင်ကြီးဖြစ်ပေမဲ့ အာဏာ ချိန်ညှိနိုင်ရေးကို သူသိပ်ကိုသတိထားခဲ့ပါတယ်။ ထိပ်တန်းခေါင်းဆောင်တွေကို အတိုင်းအတာတခုအထိ အာဏာမျှဝေပေးခဲ့ပေမဲ့ အုပ်ချုပ်မှုကို ၅ နှစ်သက်တမ်း ၂ ကြိမ်လို့ သူသတ်မှတ်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီညီလာခံမှာ အခုကျိန်းသေပေါက်အတည်ပြုမယ့် ဖွဲ့စည်းပုံပြင်ဆင်မှုကြောင့် ရှီဂျင်ပင်းဟာ သူ့ရဲ့သမ္မတသက်တမ်း ဒုတိယအကြိမ်ပြည့်မယ့် 2023 ခုနှစ်နောက်ပိုင်းအထိ အချိန်အကန့်အသတ်မရှိ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးဖြစ်လာမှာ သေချာပါတယ်။"

လက်ရှိသမ္မတ Xi Jinping အနေနဲ့ အချိန်အကန့်အသတ်မရှိ ဆက်ပြီးအာဏာကိုချုပ်ကိုင်သွားနိုင်မယ့် ဖွဲ့စည်းပုံအပြောင်းအလဲအပေါ် တရုတ်နိုင်ငံထဲမှာ သိပ်ပြီး အံအားသင့်နေကြပုံမရတာနဲ့ပါတ်သက်လို့ ပါမောက္ခ Houlden ရဲ့သုံးသပ်ချက်က

"သမ္မတရှီဂျင်ပင်းက သူ့ရဲ့ သြဇာအာဏာကိုခိုင်မာအောင် ထိထိရောက်ရောက်လုပ်ထားနိုင်တာကြောင့်လို့ ထင်ပါတယ်။ ပြိုင်ဘက်တွေကို ဘေးရောက်အောင်လုပ်ထားနိုင်ခဲ့တယ်။ သူ့အပေါ်သစ္စာရှိမယ့်သူတွေကို ရာထူးနေရာတွေပေးခဲ့တယ်။ တရုတ်တပ်မတော်ထဲက ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ တော်တော်များများကို သူခန့်အပ်တာဝန်ပေးခဲ့တယ်။ မော်စီတုန်းနဲ့ တိန့်ရှောင်ဖိန်တို့လက်ထက်နောက်ပိုင်းထဲက ဘယ်ခေါင်းဆောင်နဲ့မှမတူအောင် တရုတ်နိုင်ငံမှာ ပြည်သူတွေရဲ့ထောက်ခံမှုကို ရအောင်လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့အတွေးအခေါ်တွေ။ သူ့ရဲ့ထင်မြင်ချက်တွေကို ဖွဲ့စည်းပုံထဲမှာတောင် ထည့်သွင်းရေးဆွဲနိုင်ခဲ့ပါတယ်။ သူဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား သတင်းမီဒီယာတွေ။ အယ်ဒီတာအာဘော်တွေမှာတောင် အကောင်းမြင်ဖော်ပြရေးသားခံရတဲ့ ခေါင်းဆောင်မျိုးဖြစ်ပါတယ်။"

အနောက်တိုင်းနိုင်ငံရေးပုံစံကို လက်မခံချင်တဲ့တရုတ်နိုင်ငံမှာ တရုတ်ကသူတို့ဆက်လျှောက်မယ့်လမ်းဟာ ဒီလမ်းဖြစ်တယ်လို့ ပြသလိုက်တာဖြစ်တယ်လို့လည်း တရုတ်ရေးရာကျွမ်းကျင်တဲ့ ပါမောက္ခ Gordon Houlden ကပြောပါတယ်။

"တရုတ်နိုင်ငံဟာ သူ့ရဲ့သမိုင်းဝင်လမ်းကြောင်းကို သွားနေတယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ တရုတ်နိုင်ငံဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်းကဏ္ဍရှိခဲ့တဲ့နိုင်ငံမဟုတ်ပါဘူး။ အခုတော့ ရှီဂျင်ပင်းက ဖွဲ့စည်းပုံကနေ အမြတ်ထုတ်သွားတာပါ။ အနောက်တိုင်းနိုင်ငံရေးပုံစံတွေနောက်ကို မလိုက်ချင်ဘူးဆိုတာ ရှီဂျင်ပင်းက လူသိရှင်ကြားပြောထားသလို တရုတ်ပြည်သူတွေကလည်း သူ့သဘောထားအတိုင်းရှိကြပါတယ်။ တရုတ်ရဲ့သမိုင်းကြောင်း တရုတ်နိုင်ငံရဲ့ အခြေအနေတွေပေါ်မှာ အခြေခံတဲ့ တရုတ်ပုံစံနဲ့ပဲသွားချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း လက်ခံထားကြပါတယ်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံရေးစနစ်မျိုးကို လက်မခံဘူးဆိုတာ ပြတ်ပြတ်သားသား ငြင်းဆန်ထားကြပြီးဖြစ်ပါတယ်။"

ဒါကြောင့် သမ္မတ Xi Jinping အနေနဲ့ ယှဉ်ပြိုင်သူမဲ့ ခေါင်းဆောင်တယောက်ဖြစ်လာနိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။

"တရုတ်နိုင်ငံသမိုင်းမှာ အသက်ရှင်သလောက်အုပ်ချုပ်သွားကြတဲ့ ခေါင်းဆောင်တွေ အများကြီးရှိတဲ့အတွက် ရှီဂျင်ပင်းဟာ တရုတ်သမိုင်းရဲ့ ဘောင်ဝင်ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံတဲ့ စံ အရဆိုရင်တော့ မကိုက်ညီပါဘူး။ ဂျပန်တို့ တောင်ကိုရီးယားတို့ ထိုင်ဝမ်တို့အပြင် အာရှတချို့နိုင်ငံတွေမှာလို ရာထူးသက်တမ်းကန့်သတ်ချက်တွေ။ ဖွဲ့စည်းပုံရဲ့ အခန်းကဏ္ဍတွေကို အခြေခံတဲ့ အနောက်တိုင်းပုံစံအတွေးအခေါ်တွေကို တရုတ်က မဖြစ်မနေ လက်ခံလာရမှာပဲဆိုတဲ့ အယူအဆတွေကိုလည်း ဆန့်ကျင်နေပါတယ်။ "

တရုတ်သမ္မတရာထူး သက်တမ်းကန့်သတ်ချက်ကို ဖယ်ရှားလိုက်တဲ့အတွက် ရေတိုမှာ တရုတ်နိုင်ငံတည်ငြိမ်ရေးကို အထောက်အကူအဖြစ်နိုင်ပေမဲ့ အတွေးအခေါ်သစ်တွေ။ စီးပွားရေးအပါအဝင် စနစ်သစ်ကို ပြောင်းလဲရေးအတွက် ရေရှည်မှာ စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံမှာ သမ္မတတာဝန်ယူသူအနေနဲ့ ၅ နှစ်သက်တမ်း ၂ ကြိမ်ပဲ ထမ်းဆောင်ရမယ်လို့ သမ္မတဟောင်း တိန့်ရှောင်ဖိန်က ၁၉၈၂ ခုနှစ်ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG