သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်သမ္မတရဲ့ မြောက်ကိုရီးယား ခရီးစဉ်


မြောက်ကိုရီးယာားခေါင်းဆောင် Kim Jong Un နှင့် တရုတ်သမ္မတ တို့ ၂၀၁၉ ဇန်န၀ါရီလတုန်းက တွေ့ဆုံစဉ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ဖိတ်ကြားချက်အရ တရုတ် သမ္မတ ရှီဂျင်ပင်း မြောက်ကိုရီးယားနိုင်ငံကို ဇွန်လ (၂၀) နဲ့ (၂၁) ရက်နေ့တွေမှာ သွားရောက်မှာ ဖြစ်ပါတယ်။ ဒီ ခရီးစဉ်ဟာ ၁၄ နှစ်အတွင်း တရုတ်သမ္မတ တစ်ဦးအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံး သွားရောက်တာ ဖြစ်မှာပါ။ ဒီ ခရီးစဉ်ကနေ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်ခေါင်းဆောင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

တရုတ်သမ္မတ ရှီဂျင်ပင်း မြောက်ကိုရီးယားနိုင်ငံကို ဇွန်လ (၂၀)ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ သွားမယ်ဆိုတာကို အခု အပတ်ထဲမှာပဲ ကြေညာခဲ့ပါတယ်။ တရုတ် သမ္မတ တစ်ဦးအနေနဲ့ ၁၄ နှစ်တာ ကာလအတွင်း မြောက်ကိုရီးယားကို ပထမဆုံး သွားရောက်တာနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Lu Kang က အခုလို ပြောပါတယ်။

“တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်ပြီး သံမဏိ ရှည်ကြာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အပြန်အလှန် လည်ပတ်မှုတွေ ရှိပါတယ်။ နှစ်နိုင်ငံစလုံးက ပါတီနဲ့ တိုင်းပြည် ခေါင်းဆောင်တွေအကြား အဆင့်မြင့် အလည်အပတ်ခရီးသွားလေ့ရှိတဲ့ အစဉ်အလာ ကိုလည်း ထိန်းသိမ်း ကြပါတယ်။ တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ဥက္ကဌကြီး ရှီဂျင်ပင်းနဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဥက္ကဌကြီး ကင်မ်ဂျုံးအွန်းတို့ ၄ ကြိမ်တိုင် တွေ့ဆုံ ပြီးတဲ့အခါမှာ နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်နိုင်ခဲ့တာပါ။"

တရုတ်သမ္မတရဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေချိန်မှာ ထွက်ပေါ်လာတာပါ။ ဒီနှစ် ဖေဖော်ဝါရီလထဲ အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ့အွန်းတို့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ပေမဲ့ သမ္မတ ထရမ့်က သူတို့ နှစ်ဦးအကြား သိပ် ကောင်းတဲ့ ဆက်ဆံရေးကြောင်း အကြိမ်ကြိမ် ပြောခဲ့သလို သိပ် မကြာသေးခင်ကပဲ ကင်မ်ဂျုံအွန်းဆီက နှစ်လိုဖွယ် ကောင်းတဲ့ စာတစ်စောင် သူလက်ခံ ရရှိကြောင်းနဲ့ ထူးခြားတဲ့ တိုးတက်မှုကို တွေ့မြင်ရဖို့ ရှိတယ်လို့ လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ဖို့ မြောက်ကိုရီးယားက ထဲထဲဝင်ဝင် လုပ်ဆောင်လာအောင်တော့ အမေရိကန်နိုင်ငံက မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် အခု ခရီးစဉ် အတွင်း ဒီကိစ္စအကြောင်း တရုတ်သမ္မတက မြောက်ကိုရီးယား ခေါင်းဆောင်ကို ပြောဆိုဖို့ မျှော်လင့်နေကြတာပါ။ တရုတ် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Lu Kang ကတော့ တရုတ်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ရှိတယ်ဆိုပြီး အခုလို ဆက်ပြောပါတယ်။

“တရုတ်နဲ့ မြောက်ကိုရီးယား အကြား ကဏ္ဍနယ်ပယ် အသီးသီးမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမှာ ဖြစ်သလို ချစ်ကြည် ရင်းနှီးတဲ့ အစဉ်အလာကိုလည်း ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပပြီး နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကို ပြန်လည် သုံးသပ်ကြမှာ ဖြစ်သလို အနာဂတ်မှာ ဆက်ဆံရေး ပို တိုးတက်ဖို့ ကြိုးစား သွားမှာ ဖြစ်ပါတယ်။”

တရုတ်သမ္မတရဲ့ မြောက်ကိုရီးယား ခရီးစဉ် ဟာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်တာ အနှစ် (၇၀) ပြည့်တာနဲ့ တိုက်ဆိုင်နေသလို ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် G-20 ထိပ်သီး အစည်းအဝေး မတိုင်ခင် ရုတ်တရက် သွားရောက်မှာ ဖြစ်တာကလည်း သတိထားမိစရာပါ။ G-20 ထိပ်သီး အစည်းအဝေးမှာ တွေ့ဆုံကြတဲ့အခါ တရုတ်သမ္မတ ရှီဂျင်ပင်း က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဆီက လက်ဆောင် စကား ပါးစရာများ ပါလာမလား ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ မြောက်ကိုရီးယား ကျွန်းဆွယ်အရေးနဲ့ ပတ်သက်လာရင် dual suspension နှစ်ဘက်အပြိုင် ရပ်ဆိုင်းရေး ဆိုတဲ့ မူဝါဒကို ကိုင်စွဲလေ့ရှိပါတယ်။ အဲဒီ မူဝါဒက မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှု ဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်ဆိုင်းရမှာ ဖြစ်သလို အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကလည်း အကြီးစား စစ်ရေး လေ့ကျင့်မှုတွေ အဆုံးသတ်ဖို့ပါ။

တရုတ် နိုင်ငံရေး သုတေသီ တစ်ဦး ဖြစ်တဲ့ Zhang Lifan ကတော့ အခု ခရီးစဉ်ဟာ ကိုရီးယား ကျွန်းဆွယ်အရေးအတွက် ထူးထူးခြားခြား တိုးတက်မှု ရှိမှာ မဟုတ်ဘဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ အသာစီးရတဲ့ အနေအထားကို သာ ပြသလိုတာဖြစ်ပြီး G-20 အစည်းအဝေးမှာ ဒီ အားသာချက်ကို အသုံးပြုနိုင်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံဟာ တရုတ်အတွက် ၀ှက်ဖဲ တစ်ချပ် ဖြစ်ကြောင်း၊ အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးမှာ တရုတ်နိုင်ငံအနေနဲ့ အရေးပါနေကြောင်းကို ဖော်ပြလိုရင်းသာ ဖြစ်တယ်လို့ ပြောကြောင်းပါ။

တရုတ်သမ္မတရဲ့ မြောက်ကိုရီးယား ခရီးစဉ်
please wait

No media source currently available

0:00 0:04:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG