သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုစက်ရုံ ကန့်ကွက်ဆန္ဒပြမှု တရုတ်ပြည်မှာပျံ့နှံ့


တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ကျိုးခရိုင်မှာ ရေနံဓာတုစက်ရုံတည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်မှုဟာ ခရိုင်မြို့တော်အထိ ပြန့်နှံ့သွားတာမို့ ရှေ့ဆက် ဆူပူမှုတွေ မဖြစ်ပွားအောင် ကြိုးစားတဲ့အနေနဲ့ အာဏာပိုင်တွေက တည်ဆောက်ရေး အစီအစဉ်တွေကို နောက်ပြန်ဆုတ်မယ့် အရိပ်လက္ခဏာတွေ ပြသခဲ့ပါတယ်။

ဂွမ်ကျိုးမှာ ဆန္ဒပြသူတွေက ဓာတုစက်ရုံတည်ဆောက်မှုကို အဆုံးသတ်ဖို့ ထပ်ပြီး တောင်းဆိုလိုက်သလို လွန်ခဲ့တဲ့ ၂ ရက်တုန်းက ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးသွားမယ်လို့ ယုံကြည်ရသူတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ပါ တောင်းဆိုကြပါတယ်။

ဂွမ်ကျိုးခရိုင် Mao ming မြို့က ရာနဲ့ချီတဲ့ ဒေသခံတွေဟာ တနင်္ဂနွေနေ့တုန်းက စတင် ဆန္ဒပြခဲ့တာဖြစ်ပြီး ပလပ်စတစ် စတွေနဲ့ ဗူးတွေ ထုတ်လုပ်ရာမှာသုံးတဲ့ para xylene ဓာတုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ဖို့ လုပ်နေတာကို ထိုင်သပိတ် မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဓာတုစက်ရုံတွေကနေ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်စေတာမို့ တရုတ်နိုင်ငံတဝှမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာပါ။

လူမှုကွန်ယက်တွေမှာ တင်ထားတဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေမှာတော့ ဆန္ဒပြသူတွေကို နံပါတ်ဒုတ်တွေ ကိုင်ထားတဲ့ ရဲတွေက လိုက်လံဖမ်းဆီးနေပုံနဲ့ ခေါင်းမှာ ဒဏ်ရာရထားတဲ့ အမျိုးသားတွေရဲ့ပုံတွေ၊ ကားတွေကို ပက်လက်လန်အောင် လုပ်နေသူတွေနဲ့ လမ်းမီးရိုက်ခွဲနေသူတွေရဲ့ ပုံတွေကို တွေ့ရပါတယ်။
XS
SM
MD
LG