သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Chinland Council နဲ့ ချင်းညီနောင်အဖွဲ့ကြား သဘောထားကွဲ


ချင်းလက်နက်ကိုင်အဖွဲ့ CDF ကန်ပက်လက်
ချင်းလက်နက်ကိုင်အဖွဲ့ CDF ကန်ပက်လက်

ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်တဲ့ Chinland Council နဲ့ ချင်းအမျိုုးသားအဖွဲ့ချုပ် CNO ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ကြားမှာ အုပ်ချုပ်ရေး၊ နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ ဒီကွဲလွဲမှုတွေက ပြည်နယ်အတွင်း စစ်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်လို့ ချင်းနိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။ ချင်းလက်နက်ကိုင်အဖွဲ့ တချို့ကတော့ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုတွေကို ရှောင်ရှားကြဖို့ အကြံပြုနေတာတွေ ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က ပြောပြမှာပါ။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့အစည်းတွေက သိမ်းယူထားတဲ့ နယ်မြေတွေကို ဒေသခံတွေရဲ့ ခွင့်ပြုချက်မပါဘဲ ထိန်းချုပ်နယ်မြေအဖြစ် Chinland Council က ရယူဖို့ စစ်ရေးနည်းလမ်းနဲ့ ကြိုးပမ်းလာတာဟာ ချင်းလက်နက်ကိုင်တွေကြားမှာ ထိပ်တိုက် ပဋိပက္ခတွေ ကြုံလာနိုင်တယ်လို့ ချင်းနိုင်ငံရေး အဖွဲ့အစည်းတွေက ပြောပါတယ်။ နိုင်ငံရေးလက်ဦးမှုအတွက် နယ်မြေသိမ်းယူနေတာက ချင်းလက်နက်ကိုင် အချင်းချင်းကြားမှာ သွေးထွက်သံယိုမှုတွေဆီ ဦးတည်သွားနိုင်တယ်လို့ ချင်းညီနောင်အဖွဲ့က မနေ့က မေလ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်အစုအဖွဲ့ထဲမှာပါတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO ရဲ့ ဒု-ဥက္ကဋ္ဌ(၁) Salai Peter Thang က သူတို့ရဲ့ သဘောထားကို ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ အခုအချိန်မှာ ကျင်ဒွေးကို သိမ်းလိုက်တယ်၊ အောင်မြင်မှုက တကယ်ရလာပြီ ဆိုတော့ အင်အားက တမြို့နယ်ချင်းစီမှာ ခွဲပြီးသွားတာမဟုတ်ဘဲ စုပြီးမှ သွားလိုက်တဲ့အခါကြတော့ အင်အားက စုစည်းမှုဖြစ်စေတယ်။ အဲလိုမျိုး စုစည်းမှုဖြစ်စေပြီးတော့မှ ချင်းညီနောင် စုပေါင်းတပ်ဖွဲ့ကြီးက တောင်ပိုင်းမှာ အင်အားယူနေချိန်မှာ သူက (CNF/CNA က) အုန်းဒိုင်းဆိုပြီးမှ ကျနော်တို့ရဲ့ စိုးမိုးနယ်မြေထဲမှာ အင်အားအလုံးအရင်းနဲ့ တိုက်ဖို့လုပ်လာတာ။ အဲဒါကို ကျနော်တို့က မကြိုက်တာပါ။ အကယ်၍ သူတို့သိမ်းပြီးလို့ မြို့ထဲမှာနေရာယူလိုက်ရင် ကျနော်တို့မှာ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ကရင်မှာတောင်မှ မြဝတီကိစ္စလောက် ကျနော်တို့က မရိုးရှင်းဘူး၊ ချင်းပြည်နယ်မှာက ကိုယ့်မြို့နယ်အစုနဲ့ကိုယ် စုစည်းထားတဲ့ဟာမျိုးပေါ့နော်။ ဒီ မြို့နယ်ပြင်ပကလူက မြို့ကို လာသိမ်းလိုက်တဲ့အခါကြတော့ မြို့ခံတွေက ဟတ်ကော့ကြီးဖြစ်နေမှာ။"

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ စစ်ကောင်စီရဲ့ တပ်စခန်းတခုကို ချင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၂၉ရက်မှာ သိမ်းပိုက်ခဲ့တယ်ဆိုပေမယ့် ဒီစခန်းကိုရဖို့ လေကြောင်းတိုက်ခိုက်မှုတွေကြားက လပေါင်းများစွာ တိုက်ယူခဲ့ရတယ်လို့ ချင်းတော်လှန်ရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

CNF/CNA ဟာ ပြည်နယ်အတွင်းမှာ စစ်ကောင်စီကို စုစည်းတိုက်ခိုက်ဖို့အတွက် ပိုပြီး အားထုတ်သင့်ပြီး တခြား ချင်းလက်နက်ကိုင် အစုအဖွဲ့တွေက သီးခြားသိမ်းယူထားတဲ့ နယ်မြေတွေကို စိုးမိုးဖို့ကြိုးပမ်းနေတာဟာ နိုင်ငံရေး လက်ဦးမှုဖြစ်တယ်လို့ တချို့ကပြောပါတယ်။

CNF/CNA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာမယ်ဆိုရင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ချင်းညီနောင် အဖွဲ့တွေက သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။ ချင်းအမျိုးသားတပ်ဦး CNF/CNA ကို ဗွီအိုအေက သဘောထားမေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မြေပြင်အခြေအနေနဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ခြင်းအားဖြင့် Chinland Council နဲ့ ချင်းညီနောင်အဖွဲ့တွေကြားမှာ သွေထွက်သံယို ပဋိပက္ခဖြစ်နိုင်ခြေဟာ လက်တကမ်းအကွာမှာ ရှိတယ်လို့ ချင်းနိုင်ငံရေး လေ့လာသုံးသပ်သူ R. Lakher က ပြောပါတယ်။

" ဥပမာတခု ပြောရရင်တော့ အရင်က MDF (Maraland Defense Force) နဲ့ CNF/CNA တွေကြားမှာ ပြဿနာတွေရှိခဲ့တယ်။ အဲဒီပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘူး၊ အဖြေမရှာဘူး၊ အဲဒီတော့ တဖြည်းဖြည်း စစ်ရေးပဋိပက္ခတွေ ပြောင်းလာပြီးတော့မှ MDF နဲ့ CNF အကြား တိုက်ပွဲတွေလည်း အကြီးအကျယ်ဖြစ်ခဲ့တဲ့ သင်ခန်းစာတွေလည်း ကျနော်တို့ တွေ့ရတယ်ပေါ့လေ။ ဘယ်အထိဦးတည်သွားနိုင်လဲဆိုတော့ ဒါကိုမညှိနှိုင်းဘူး၊ မဆွေးနွေးဘူး၊ မတိုင်ပင်ဘူးဆိုရင်တော့ တဖက်နဲ့တဖက်အကြား စစ်ရေးအသွင် ပြောင်းလဲလာနိုင်တယ် ဆိုတာကိုတော့ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်ခင်ဗျ။"

ချင်းညီနောင်အဖွဲ့ကို PDF-Zoland, CDF-Mindat နဲ့ CNDF တို့က ၂၀၂၃၊ ဒီဇင်ဘာလ ၃၀ရက်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ နောက်ပိုင်းမှာ မရာအုပ်ချုပ်ရေးကောင်စီ၊ CDF ကန်ပက်လက် နဲ့ CDF မတူပီ တပ်မဟာ (၁) တို့ ပူးပေါင်းပါဝင်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG