သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် ကျင်ဒွေးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်


ကျင်ဒွေးမြို့ (crd: The Chinland Post)
ကျင်ဒွေးမြို့ (crd: The Chinland Post)

ချင်းပြည်နယ်အတွင်း ချင်းကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အလုံးစုံထိန်းချုပ်ထားလိုက်နိုင်ပြီလို့ ပြောပါတယ်။ လနဲ့ချီ ခက်ခက်ခဲခဲတိုက်ခိုက်ရတဲ့တိုက်ပွဲအတွင်း နှစ်ဘက်အကျအဆုံးတွေရှိတယ်လို့လည်း သိရပါတယ်။ ကျင်းဒွေးမြို့သိမ်းတိုက်ပွဲ သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်က အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်များအဖွဲ့က မေလ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ လက်ရှိအချိန် ကျင်ဒွေးမြို့မှာ စစ်ကောင်စီတပ်နဲ့ရဲတို့မရှိတော့ဘဲ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့လည်း ဆိုပါတယ်။ ကျင်ဒွေးမြို့ဟာ ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာ ရှိတဲ့မြို့ဖြစ်ပြီးမကွေးတိုင်း လောင်းရှည် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံရဲ့ လုံခြုံရေးစခန်းတခုကို သိမ်းယူခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီကို ထောက်ခံသူ အများစုရှိတဲ့ဒေသဖြစ်တဲ့အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

“အခက်ခဲဆုံးတိုက်ပွဲလို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ စခန်းအခိုင်အမာစခန်းရယ်၊ ပြီးတော့ အဲ့ရွာက ပြူရွာဖြစ်နေတာ။ ထိန်းချုပ်ထားပြီလို့ပြောလို့ရတာ၊ စကစနဲ့ပတ်သက်တာ၊ ရဲတွေ၊ စကစတွေ ကင်းစင်တဲ့မြို့ဖြစ်သွားတာပေါ့။ ဒါကတနိုင်ငံလုံးအတွက်အရေးပါတယ်။ ကပစ စက်ရုံဆိုတာ ကျည်ဆံတွေ၊ သေနတ်တွေထုတ်တဲ့စက်ရုံလေ။ အဲ့ဒီ့အတွက်ချဥ်းကပ်တဲ့ပုံစံဖြစ်တာပေါ့။ ချင်းပြည်နယ်အတွက်မဟုတ်ဘဲ တပြည်လုံးအတွက် တော်လှန်ရေးသမားအားလုံးအတွက် ထိရောက်မှုရှိပါလိမ့်မယ်။ အခုက ကပစရဲ့ လုံခြုံရေးတပ်ဖြစ်သွားတာပေါ့။”

ကျင်ဒွေးမြို့ကို သိမ်းပိုက်ဖို့အတွက် ၃ လ နီးပါး တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ လက်နက်တွေဖြည့်တင်းခဲ့သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀၀ ကျော်သေဆုံးပြီး ကာကွယ်ရေးတပ်တွေဘက်ကလည်း ကျဆုံးဒဏ်ရာရတာတွေရှိတယ်လို့ ပြောပါတယ်။ ကာကွယ်ရေးအဖွဲ့တွေပြောနေတဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲပြင်းထန်ချိန် ရှောင်တိမ်းနေရတဲ့မြို့ခံတွေ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီလို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“ထိခိုက်ကျဆုံးမှုက တော်တော်များတယ်ပြောရမှာပေါ့နော်။ မှတ်တမ်းအရတော့ သူတို့က ရာဂဏန်းရှိတယ်လေ။ (ကျနော်တို့ဘက်က) အနည်းအကျဉ်းရှိတယ် ပြောရမှာပေါ့။ သူတို့ဘက်က တော်တော်လေး အတည်ပြုနိုင်တာကတော့ ရာဂဏန်းပဲ။ ၂၀၀ တော့ မပြည့်ဘူးပေါ့လေ။ လက်နက်ရတာတို့၊ သုံ့ပန်းရတာတို့က အခုချိန်ထိ ချုပ်လို့မရဘူးဖြစ်နေတယ်။ ပြည်သူတွေကတော့ရှိပါတယ်။ နည်းနည်း တိုက်ပွဲကြာရှည်တော့ မြို့ကိုစွန့်ခွါကြတာများတာပေါ့။ အခုချိန်မှာတော့ သူတို့ ပြန်ဝင်လာလို့ရပါပြီ။”

ကျင်ဒွေးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကနေ ၃ လနီးပါး ခက်ခက်ခဲခဲတိုက်ယူခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ကျင်ဒွေးမြို့ကို ကန်ပက်လက် CDF နဲ့အတူ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေ ယောကာကွယ်ရေးတပ်ဖွဲ့တွေအပြင် AA အာရက္ခတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကျင်ဒွေးမြို့အပြင် ချင်းပြည်နယ်ထဲက လိုင်းလင်းပီ ၊ ရေဇွာ ၊ ရိခေါရ်ဒါ စတဲ့ မြို့တော်တော်များများကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG