သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီး Hagel မြန်မာနဲ့ ဗီယက်နမ်ခရီးစဉ် ရွှေ့ဆိုင်း


အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel
အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ နိုဝင်ဘာလအတွင်း မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေဆီ သွားရောက်မယ့်ခရီးစဉ်ကို လွှတ်တော်ကြားနာစစ်ဆေးပွဲ ရှိတဲ့အတွက် ရွှေ့ဆိုင်းကြောင်း မနေ့လုပ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ နိုဝင်ဘာလလယ် မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ကို သွားရောက်မယ့် ၁၀ ရက်ကြာခရီးစဉ်ကို မလွှဲမရှောင်သာ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် John Kirby က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံစလုံးကို သွားရောက်ဖို့ အချိန်ယူပြီး စီစဉ်ခဲ့တာပါ။ မလွှဲမရှောင်သာတဲ့ အစီအစဉ်တွေကြောင့် အခုအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဒီနေရာမှာ အလေးထားပြောလိုတာက ဒီအစီအစဉ်တွေကို ဖျက်သိမ်းလိုက်တာ မဟုတ်ဘဲ၊ ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ အချက်ပါ။ ဝန်ကြီးအနေနဲ့ သိပ်ကို သွားချင်ပါတယ်။ သွားလည်းသွားမှာပါ။ ဒါပေမဲ့ နောက်သီတင်းပတ်တွေမှာ အနည်းဆုံး လွှတ်တော်ကြားနာပွဲတခုအပြင် နောက်ထပ်လည်းရှိနိုင်တာမို့ လွှတ်တော်ရဲ့ မေးခွန်းတွေကို ဖြေကြားနိုင်ဖို့ အခုလို အကောင်းဆုံး ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။”

တကယ်တော့ ကာကွယ်ရေးဝန်ကြီး Hagel အနေနဲ့ မြန်မာနဲ့ ဗီယက်နမ်တို့ကို သွားရောက်မယ့် ဒီခရီးစဉ်နဲ့ပတ်သက်လို့ ယခင်က ကြိုတင်ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ အခုလို လွှတ်တော်ကြားနာစစ်ဆေးပွဲ အပါအဝင် တခြားအစီအစဉ်တွေရှိတဲ့အတွက် ရွှေ့ဆိုင်းလိုက်ရပေမဲ့ မြန်မာနဲ့ ဗီယက်နမ်တို့ကို နောက်နှစ်စောစောပိုင်းမှာ သွားရောက်ဖို့ရှိပြီး၊ ဒီခရီးစဉ် မလွှဲမရှောင်သာ ရွှေ့ဆိုင်းလိုက်ရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာနိုင်ငံတွေကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ရေတပ်ဗိုလ်ချုပ် Kirby က ပြောပါတယ်။

“သူ့အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေကို တယ်လီဖုန်းကနေတဆင့် ရှင်းပြပြီးပါပြီ။ ဘာကြောင့် မလာနိုင်တာလဲနဲ့ လာဖို့အစီအစဉ်တွေ ရှိတယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။”

တကယ်တော့ ကာကွယ်ရေးဝန်ကြီး Chuck Hagel မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ နိုဝင်ဘာလလယ်အချိန်ဟာ သမ္မတ အိုဘားမားအနေနဲ့ နေပြည်တော်မှာကျင်းပမယ့် EAS ခေါ် အရှေ့အာရှ ထိပ်သီးညီလာခံအပြင် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ရှိတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ ဆိုရမှာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်က ရုပ်သိမ်းပေးခဲ့ပြီး၊ သမ္မတအိုဘားမား အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ စစ်ရေးဆက်ဆံမှု ပိုမိုနီးကပ်စွာ ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့လို့လည်း အမေရိကန် လွှတ်တော်နှစ်ရပ်စလုံးတို့ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေတာကြောင့် မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှု ထားရှိဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့အတွက်ကြောင့်လည်း လွှတ်တော်ကြားနာစစ်ဆေးပွဲတွေ ကျင်းပခဲ့တာရှိပါတယ်။

ကာကွယ်ရေးဝန်ကြီး Chuck Hagel အနေနဲ့ကတော့ မနှစ်တုန်းက သြဂုတ်လ ဘရုနိုင်းမှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးညီလာခံမှာ မြန်မာနိုင်ငံက ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆက်ဆံရေး ဖြတ်တောက်ဖို့ အရေးကြီးတဲ့အကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီး Chuck Hagel ဟာ ဒီနှစ်ဧပြီလကလည်း ဟာဝိုင်ရီပြည်နယ် ဟိုနိုလူလူမှာ အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲကို ပထမဆုံးအကြိမ် တာဝန်ယူကျင်းပခဲ့တာဖြစ်ပြီး ထိုစဉ် မြန်မာကာကွယ်ရေးဝန်ကြီးလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီး Hagel အနေနဲ့ အခုလို မြန်မာနဲ့ ဗီယက်နမ်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပေမဲ့လို့လည်း သူ့အနေနဲ့ ပစိဖိတ်ဒေသဝန်းကျင်ကို ၆ ကြိမ်သွားရောက်ခဲ့ပြီး၊ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုများကို ရယူနိုင်ခဲ့တာကြောင့်လည်း အခုလို ခရီးစဉ်ရွှေ့ဆိုင်းမှုက အာရှမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ပြန်ချိန်ကိုက်တဲ့ သမ္မတအိုဘားမား အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ ဖော်ဆောင်မှုကို ဘယ်လိုမှ သွားပြီး ထိခိုက်စေမှာမဟုတ်ကြောင်းလည်း ကာကွယ်ရေးဌာနက ပြောဆိုပါတယ်။

XS
SM
MD
LG