သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာစင်သီယာမောင် ဆစ်ဒနီငြိမ်းချမ်းရေးဆုရရှိ


ဒေါက်တာ စင်သီယာမောင်
ဒေါက်တာ စင်သီယာမောင်
ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ငြိမ်းချမ်းရေး တရားမျှတရေး လွတ်လပ်ရေးတို့ အတွက် သြစတြေးလျနိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေး ရှင်း ကနေ ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ မယ်တော်ဆေးခန်း ဖွင့်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် ကျန်းမာရေး လူမှုရေး ပညာရေး စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေ တဲ့ ဒေါက်တာစင်သီယာမောင်ကို သြစတြေးလျ ဆစ်ဒနီငြိမ်းချမ်ရေးဖောင်ဒေး ရှင်း က ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့တာပါ။ ဒေါက်တာစင်သီယာမောင်က သူမကို ဒီဆု ဘာကြောင့်ပေးအပ်ခဲ့သလဲ ဆိုတာကို ရှင်းပြပါတယ်။

“အခုလက်ရှိ ဆောင်ရွက်နေတဲ့ ကျန်းမာရေး လူမှုရေး လုပ်ငန်းတွေ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ပြီးတော့ လုပ်နေတဲ့၊ ငြိမ်းချမ်းရေး တည်ဆောက်မှုကိစ္စတွေ၊ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ အားလုံးပေါ့။ ဒီအခြေခံနဲ့ ပေးတာဖြစ်ပါတယ်။”

ဒီဆုကို ပေးအပ်လိုက်တဲ့အတွက် ဒုက္ခအခက်အခဲတွေ တွေ့နေကြတဲ့ လူသူဝေးတဲ့နေရာတွေ၊ အစိုးရရဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာ အလုပ်လုပ်နေကြတဲ့ ကျန်းမာရေး၊ လူမှုရေး လုပ်သားတွေအတွက် အားတက်စရာတွေ ဖြစ်ရတယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

“ဒီလို ဆုမျိုးကတော့ အထူးသဖြင့် ကျမတို့ အခက်အခဲဆုံး အခြေအနေတွေ၊ အင်မတန်မှ လိုအပ်နေတဲ့ နေရာဒေသတွေပေါ့။ နိုင်ငံတကာ ကဖြစ်ဖြစ်၊ အစိုးရတွေကဖြစ်ဖြစ် အကူအညီ အကူအညီမရတဲ့ ဒေသတွေမှာ အလုပ် လုပ်နေကြတဲ့ လူထုတွေအားလုံး၊ ကျန်းမာရေး၊ ပညာရေး လူမှုရေး လုပ်သားတွေအတွက် ခွန်အားဖြစ်စေတယ်လို့ ယုံကြည်ပါတယ်။”

ပြည်သူလူထုတွေကြားမှာ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေ ရမှ ငြိမ်းချမ်းရေးကို တည်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ပြောသွားပါတယ်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ အခြေခံတာကတော့ တရားမျှတမှုနဲ့ လွတ်လပ်မှုပေါ့နော်။ ဒီ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို ကျမတို့ ပြည်သူ လူထုကြားထဲမှာ ပိုပြီးတော့ ရရှိလာမယ် ဆိုရင် ဒါ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရသစ် ပြောင်းလဲခဲ့ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တာပါ။ လက်ရှိ အခြေအနေကတော့ မြန်မာနိုင်ငံမှာ ကျန်မာရေး ပညာရေး မညီမျှမှုတွေ ရှိနေသေးတဲ့အတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ လည်း ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

“လက်ရှိမှာတော့ ကျမတို့ ပြည်သူလူထုကြားထဲမှာ လက်ရှိကြုံနေရတဲ့ မညီမျှမှုပေါ့နော်။ လူမှုရေးပိုင်း မညီမျှမှုတွေ၊ ကျန်းမာရေး ပညာရေး မညီမျှမှုတွေကိုတော့ ဒါ ပြည်သူတွေနဲ့အတူ ထိထိရောက်ရောက် နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ပံ့ပိုးမှုတွေ ပိုပြီး ပေးရမယ်။ လူမှုအသိုင်းအဝိုင်း တခုလုံး ပြောင်းလဲလာတဲ့ အခြေအနေအထိကို ကျမတို့ ဆက်ပြီးတော့ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။”

ဆစ်ဒနီ ငြိမ်းချမ်းရေးဆုကို လာမယ့် နိုဝင်ဘာလ မှာ သွားရောက် လက်ခံရယူမှာဖြစ်ပြီး ဒီဆုဟာ နိုင်ငံတကာမှာ လူသားတွေအတွက် ထူးထူးခြားခြား ဆောင်ရွက်သူတွေကို ပေးအပ်ခဲ့တဲ့ဆုလည်း ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင် ဟာ ရီမွန်မက်ဆေးဆေး ဆုအပြင် အလားတူ ဆုမျိုးတွေ ကို ရရှိခဲ့ဖူးပြီး သူမရဲ့ ဆုငွေတွေကို ဒုက္ခရောက်နေသူတွေ နဲ့အမေ့လျော့ခံဖြစ်နေတဲ့ ဆင်းရဲသား လူတန်းစားတွေ၊ ကလေးတွေကို အကူအညီပေးတဲ့ နေရာတွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ထိုင်းမြန်မာ နယ်စပ်တလျှောက် အမျိုးသမီးနဲ့ ကလေး ကျန်းမာရေး၊ လူမူရေး၊ ပညားရေး ကိစ္စတွေကို တစိုက်မတ်မတ် ဆောင်ရွက်နေ တာဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေ ရှိနေသမျှ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။
XS
SM
MD
LG