ရွှေတိဂုံစေတီတော် အနားမှာ တည်ဆောက်နေတဲ့ ဒဂုံစီးတီး ဆောက်လုပ်ရေး စီမံကိန်းကို အပြီးသတ် ရပ်ဆိုင်းလိုက်ပြီလို့ မြန်မာအစိုးရက မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မဘသ သံဃာတော်တွေပါဝင်နေတဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ဒီစီမံကိန်းကြောင့် ရွှေတိဂုံစေတီကို ထိခိုက်မယ့် အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက်မှာ အခုလို သမ္မတဦးသိန်းစိန် အစိုးရက စီမံကိန်းကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီအပေါ် သဘောထား၊ တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
ရန်ကုန်မြို့ ရွှေတိဂုံစေတီ ဘုရားလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းကြား တပ်မတော်စစ်ရုံးချုပ်ပိုင် ဧက ၈၀ လောက်ရှိတဲ့ မြေနေရာမှာ ဒဂုံစီးတီး စီမံကိန်းဆိုပြီး အဆင့်မြင့် လူနေတိုက်ခန်း အဆောက်အအုံ တည်ဆောက်နေတဲ့ လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး နှစ်ဘက်သဘောတူညီချက်အရ အပြီးသတ် ရပ်ဆိုင်းလိုက်ကြောင်း အစိုးရက အင်္ဂါနေ့က ကြေညာခဲ့တာပါ။
အခုလို အစိုးရကနေ စီမံကိန်း လုံးဝရပ်ဆိုင်းလိုက်ပြီဆိုတဲ့ ကြေညာချက်ကို ကြိုဆိုကြောင်းနဲ့ အနာဂတ်မှာလည်း ရွှေတိဂုံစေတီတော်ရဲ့ အန္တရာယ်ကို ထိခိုက်စေမယ့် လုပ်ငန်းမှန်သမျှ လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ မဘသ သံဃာတော်တွေ ဦးဆောင်ပါဝင်နေတဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ ဗဟိုဦးဆောင် အဖွဲ့ဝင်လည်းဖြစ်၊ မဘသရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမောင်မောင်က ဗွီအိုအေကို ပြောပါတယ်။
“အခုရပ်ဆိုင်းတဲ့ ကိစ္စကိုလည်း ကျနော်တို့က ပြည်သူအားလုံးရဲ့ ဆန္ဒကို လိုက်လျောတဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ကျေးဇူးလည်းတင်တယ်၊ ဝမ်းလည်းသာတယ်ပေါ့နော်။ ရွှေတိဂုံစေတီတော်ကြီး ပတ်ဝန်းကျင်မှာပေါ့၊ စေတီတော်ကြီးနဲ့ သိဂုၤတ္တရ ကုန်းတော်ကို ထိခိုက်မယ့် ကိစ္စတွေ အားလုံးကို ကျနော်တို့က ရပ်ဆိုင်းစေချင်တာပါ။ ဒါကြောင့် အဲဒီလို ဒဂုံစီးတီးစီမံကိန်း အပါအဝင် တခြားစီမံကိန်းတွေ ရပ်သလိုပဲ၊ တခြားရွှေတိဂုံ စေတီတော်ကြီးကို ထိခိုက်မယ့် လုပ်ငန်းမှန်သမျှ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့် လုပ်ငန်းမှန်သမျှကိုလည်း ကျနော်တို့က ဆက်လက်ပြီးတော့ စောင့်ရှောက်သွားဖို့၊ ကာကွယ်သွားဖို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ရည်ရွယ်ချက် ရှိပါတယ်။”
ရန်ကုန်မြို့ကို ခေတ်မှီမြို့တော်အဖြစ်တည်ဆောက်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ စစ်တပ်ပိုင်မြေတွေကို ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေဖြစ်တဲ့ ရွှေတောင်၊ သုခရတနာ၊ Marga Landmark Development ကုမ္ပဏီ Adventure Myanmar Tours and Incentives ကုမ္ပဏီတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ လွဲှပြောင်းလုပ်ကိုင်ခွင့် ပေးလိုက်တာဖြစ်ပါတယ်။
အခုလို မြို့ပြစည်ပင် ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ စေတီပုထိုးတွေ အပါအဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာတွေကိုတော့ ရှောင်ရှားသင့်ကြောင်း ရန်ကုန် တိုးရစ်ဂိုက်တဦးဖြစ်သူ မညိုဇွန်နိုင်ဝင်း က ပြောပါတယ်။
“ရန်ကုန်မြို့ တိုးတက်ရေးစီမံကိန်းက ရန်ကုန်မြို့က အကျယ်ကြီးပဲ။ အကျယ်ကြီးဆိုတော့ ဒီဘုရားနား တဝိုက်လေး၊ ဒီဧကနည်းနည်းလေးလောက်မှာ မဆောက်ပဲနေလို့ ရတယ်လေ။ ပြီးတော့ ဘုရားနားမှာ ကားတွေက နဂိုကတည်းက အခုဆိုရင် ကျပ်နေတာ။ ဒီဘက်က ကန်တော်မင်ပန်းခြံနဲ့ ဘုရားနဲ့ကြားမှာဆို တော်တော်ပိတ်တယ်။ အဲဒီတော့ အဲဒီအနားမှာ အဲဒါသာ ထပ်ဆောက်လိုက်လို့ရှိရင် အဲဒီအနားမှာ ကားတွေပိုကျပ်သွားမှာ။ အဲဒီတော့လည်း အဆင်မပြေဘူး။ ရန်ကုန်မြို့ တိုးတက်အောင် တခြားနေရာမှာ လုပ်လို့ရတယ်။ ရန်ကုန်မြို့ကြီးက အကျယ်ကြီးပဲလေ။ ဒီဘုရားနားလုပ်မှ ဖြစ်မှာမှမဟုတ်တာ။ နောက်ပြီးတော့ အဲဒီအနားက အပင်တွေဘာတွေ ခုတ်လိုက်တာ တအားနှမျောဖို့ကောင်းတယ်။”
ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သမ္မတဦးသိန်းစိန် အစိုးရက အများပြည်သူဆန္ဒအရ ဒီစီမံကိန်းကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်ဆိုတဲ့ ကြေညာချက်ဟာ လူထုရဲ့ ထောက်ခံမှုလိုချင်လို့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်သူတွေလည်း ရှိပါတယ်။ ဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျ ရဲ့ အမြင်ကတော့ -
“ပြောရရင်တော့ ရပ်ဆိုင်းကြောင်း ကြေညာချက်နဲ့ ပတ်သက်လို့ရှိရင်တော့ သူတို့အစကတည်းက သူတို့ဖာသာသူတို့ စခဲ့ကြတယ်ပေါ့။ အဲဒီလိုစခဲ့ကြပြီးတဲ့ အချိန်မှာပဲ ဒီပရောဂျက်ကြီးက အန္တရာယ်ရှိပါတယ် ဆိုပြီးတော့မှ အဲဒီလိုမျိုး အပြင်ကို ထွက်လာတယ်ပေါ့။ ထွက်လာတယ်ဆိုတဲ့ ဥစ္စာမှာလည်း အဲဒီလိုမျိုးပေါ့နော်၊ ပညာရှင်တွေ အမျိုးမျိုးနဲ့ သုံးသပ်ချက်တွေ အမျိုးမျိုးနဲ့ သူတို့ထွက်လာကြတယ်။ ထွက်လာတဲ့အချိန်မှာ တချို့ပညာရှင်တွေကလည်း ထောက်ပြကြတာပေါ့။ အဲဒီရွှေတိဂုံဘုရား ပတ်ဝန်းကျင်မှာ ၆ ထပ်ထက်မြင့်တဲ့ အဆောက်အဦးတွေ အများကြီးရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီရွှေတိဂုံဘုရားကြီးက ထိခိုက်စရာ အကြောင်းမရှိဘူးပေါ့။ တချို့ကကြတော့လည်း အဲဒီလိုမျိုး ထိခိုက်မယ်ပေါ့။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် အဲဒီလိုမျိုး သုံးသပ်ချက်တွေ အများကြီး အမျိုးမျိုးနဲ့ ထွက်လာတယ်။ ထွက်လာပေမဲ့လည်း အဲဒီရဲ့ စီမံကိန်းကြီးက မှားတယ်မမှားဘူး ဆိုတာကတော့ ပညာရှင်တယောက် မဟုတ်တဲ့အတွက်ကြောင့်မို့လို့ မှားတယ်၊ မှန်တယ် ဆိုတာတော့ ပြောလို့မတတ်ဘူးပေါ့။ ဒါပေမဲ့ စဉ်းစားမိတာတခုက ဘာလဲဆိုတော့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ အဲဒီလိုမျိုး သမ္မတကိုယ်တိုင်က ပြောထားတယ်။ ပြည်သူတွေကနေ အလိုရှိလို့ရှိရင် သူကနေပြီးတော့မှ လာမယ့် သမ္မတသက်တမ်းကို ဆက်ပြီး အရွေးချယ်ခံမယ်ပေါ့။ ဒါကြောင့် ပြည်သူတွေ ဆီကနေပြီးတော့မှ ထောက်ခံမှုရဖို့အတွက် သူ့ရဲ့ပုံမှန် process တခုပဲလို့ အဲဒီလိုပဲ မြင်ပါတယ်။”
အမေရိကန်ဒေါ်လာ သန်း (၃၀၀) ကုန်ကျမယ့် ဒဂုံစီးတီးစီမံကိန်းလိုမျိုး အဆောက်အဦးကြီးတွေ တည်ဆောက်လာမယ်ဆိုရင် ရွှေတိဂုံစေတီတော်ရဲ့ အောက်ခံမြေကြီးအတွက် အန္တရာယ် ရှိလာနိုင်တာမို့ ပညာရှင်တွေက ဆွေးနွေးတင်ပြလာတဲ့အပေါ် စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ရန်ကုန်တိုင်းလွှတ်တော်အတွင်း လွှတ်တော်အမတ်တချို့က အဆိုတရပ်တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ဒါပေမဲ့ ဇွန်လ ၂၀ ရက်နေ့က သံဃာတော်တွေ အများစုနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကို ရန်ကုန်တိုင်းအစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနဲ့ ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့က ဖိတ်ကြားတွေ့ဆုံပြီး ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းသွားမယ့်အကြောင်း နှုတ်ကတိ ပေးခဲ့ပြီးနောက် ဇူလိုင်လ (၇) ရက်နေ့မှာ အစိုးရရဲ့အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။