သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင် ကြံခင်းလုပ်သား ၇၀ ဖမ်းဆီးခံရပြီး ပျောက်ဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ ကြံခုတ်လုပ်သား ၇၀ကို တနင်္လာနေ့ က လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေ ကပြောဆိုပြီး ဒီဒေသအတွင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ဖမ်းဆီးတာ မရှိကြောင်း ငြင်းဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ ကွတ်ခိုင်မြို့နယ်မှာ အင်္ဂါနေ့က TNLA တအန်း(ပလောင်)တပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကိုတော့ VOA မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကြံခုတ်လုပ်သားတွေဟာ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအုပ်စု မန်ကောင်ရွာကနေ ဒီလ ၄ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ကြောင်း နဲ့ ဖမ်းဆီးသွားသူတွေဟာ KIA ကချင်နဲ့ TNLA တအန်း(ပလောင်)တပ်ဖွဲ့ကဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်လွင်ကို မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“ကြံခင်းတွေမှာ သူတို့တွေက အလုပ်သမားတွေခေါ်ပြီးတော့ ကြံခုတ်ကြတာပေါ့။ အဲဒီ ကြံခုတ်တဲ့ဆီကနေပြီးတော့ ခေါ်သွားတယ်လို့ပဲ ကျနော်တို့တွေလည်း သိရတယ်ဗျ။ ဒါပေမဲ့ ဘယ်သူတွေ ပါသွားတယ်။ ဘယ်ပါသွားတယ်ဆိုတဲ့အခါကျတော့ တစ်ချို့ ဒီသက်ဆိုင်တဲ့သူတွေကလည်း ဟိုရှောင် ဒီပြေးဖြစ်တော့ ကျနော်တို့က နာမည်စာရင်းတွေ တော့ မရဘူး။ အဲလိုဟာမျိုးတော့ ရှိတယ်။ ခေါ်သွားတာတော့ ၇၀လောက်လို့ ခန့်မှန်း သိရတယ်။ ဒီ ၃၈မိုင် မန်ပြိန်းနဲ့ကတော့ နည်းနည်းလေး ဝေးတယ်ဗျ။ ဝေးတယ်ဆို ၂မိုင်လောက် ဝေးတယ်။ မန်ကောင်းရွာရဲ့ ဘေးက ကြံခင်းတွေပေါ့။ ဖမ်းသွားတဲ့အဖွဲ့တွေက KIA လို့တော့ ပြောတာပဲ။ ပလောင်အဖွဲ့တော့ အသံမကြားဘူးဗျ။ KIA လို့ သိရတယ်။”

အခင်းဖြစ်ပွားရာဒေသဟာ KIA တပ်မဟာ ၄ က လှုပ်ရှားနေတဲ့ နယ်မြေဖြစ်တာကြောင့် တပ်မဟာ ၄ က KIA အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာ သူလက်အောက်က တပ်ရင်းတွေ က ဒီလို ဖမ်းဆီးတာမရှိဘူးလို့ VOA ကို ပြောပါတယ်။

“အခုလောလောဆည် ကျနော်ကတော့ ဘာမှ မသိရသေးဘူးခင်ဗျ။ ကျနော့ လက်အောက်က တပ်ရင်းတွေကတော့ မရှိဘူးခင်ဗျ။ မနေ့က အထိတော့ ဟုတ်ကဲ့။”

ဒီနယ်မြေအတွင်း အခြားလှုပ်ရှားနေတဲ့အဖွဲ့ တစ်ခုဖြစ်တဲ့ TNLA တအန်း(ပလောင်)အဖွဲ့ ကပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး တာ့အိုက်ကျော်ကလည်း

“ ဒီဟာကတော့ ကျနော်တို့ ပြန်မေးကြည့်ပြီးပြီ။ ကျနော်တို့အဖွဲ့က အဲဒီဘက်မှာ လူဖမ်းသွားတာတော့ မရှိဘူး။ ဖမ်းဆီးထားတာလည်း မရှိဘူး။ ရှိတာကတော့ ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိတာပေါ့နော် ဒီ KIA လည်း ရှိတယ်။ ဒီ ပြည်သူစစ်တွေလည်း ရှိတာပေါ့နော် အဲဒီဘက်မှာ။ ကျနော်တို့ အဖွဲ့ကတော့စောစောက ပြောသလို ကျနော်တို့ မေးကြည့်တယ်။ ဖမ်းဆီးထားတာတော့ မရှိဘူး။ ”

ဒီလ ၅ရက်နေ့ကတော့ TNLA နဲ့ အစိုးရတပ်မတော်အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူး တာ့အိုက်ကျော်က ဆက်ပြောပြီး တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လူ၇၀ ဖမ်းဆီးတယ် ဆိုတဲ့နေရာဟာ အလှမ်းကွာဝေးကြောင်း ပြောပါတယ်။

“ ဖြစ်တာတော့ မနေ့က ပြန်ဖြစ်တယ်။ မနေ့က ကွတ်ခိုင်မြို့နယ် တာမိုးညဲ မြို့နယ်ခွဲဘက် မုန်းဟွမ်ကျေးရွာထက် တောင်ကုန်းပေါ်မှာပေါ့။ ဒီ တပ်ဘက်က ထိုးတက်လာတော့ ခဏလေးဖြစ်တယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့ စောစောပြောတဲ့ ဒီ မန်ကောင်းကတော့ တစ်ခြားစီ ဖြစ်နေပါတယ်။”

ဒီနှစ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ TNLA အကြား တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူကို ဆက်သွယ်ရာမှာတော့ တယ်လီဖုန်း လက်ခံဖြေဆို နိုင်တာ မရှိခဲ့ပါဘူး။

ဒီလ ၁ရက်နေ့ကလည်း နမ္မတူမြို့နယ် မန်လီရွာအနီး SSPP ၊ TNLA ပူးပေါင်းတပ်တွေနဲ့ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားရာမှာ တအန်း(ပလောင်)ရွာသား ၁၀ယောက် ပျောက်ဆုံးနေကြောင်း တအန်း(ပလောင်) လူမှုအဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ သတင်းမရသေးကြောင်းလည်း တအန်းအမျိုးသမီးအဖွဲ့ က တွဲဖက် အတွင်းရေးမှုး ၁ လွေးပိုးကမေဲ့ခြိူင်း က ပြောပါတယ်။

“ အခုလည်း ဘာသတင်းမှ မကြားရသေးဘူး။ ပျောက်ဆုံးနေဆဲပဲရှင်။ ကျမတို့အဖွဲ့ အနေနဲ့က လွှတ်မြောက်ဖို့ရန်အတွက် သက်ဆိုင်ရာအဖွဲ့တွေကို ကျမတို့က စာပို့ဖို့ရှိမယ်။ နောက်တစ်ခု က ဆန္ဒပြပွဲတွေ အထိပါ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီ ၁၀ယောက် မပျောက်ခင်မှာ အရင်တုန်း က ပျောက်ထားတဲ့ဟာ ၁၀၀ကျော် ရှိတယ်။ အဲဒီ ၁၀၀ကျော် ထဲမှာမှ တချို့လူတွေကတော့ လွတ်ပြီးပြီ။ မလွတ်ရသေးတဲ့လူတွေကလည်း ရှိသေးတယ်။ အခုက အရေးကြီးနေတာ က ဒီ ၁၀ယောက်ပေါ့နော်။ အရင်တုံးက ဖမ်းထားတဲ့လူတွေကိုလည်း ကျမတို့က ထပ်ပြီးတော့ လွှတ်ပေးစေချင်တယ်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ကချင်နဲ့ ရှမ်းပြည်နယ်ရှိ စစ်တိုင်းဌာနချုပ် ၅ခုနယ်မြေမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က စတင် အပစ်အခတ်ရပ်စဲခဲ့ပြီး ဒီလို အပစ်ရပ်ထား တဲ့ ၂လတာကာလ အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ ၆ကြိမ်နဲ့ ဒီနယ်မြေရှိ လက်နက်ကိုင် အဖွဲ့တွေက လူသစ်စုဆောင်းတာ အကြိမ် ၃၀ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG