သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလင်တန်အီးမေးလ်တကျော့ပြန်အမှု ရွေးကောက်ပွဲကို ဂယက်ရိုက်


 ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်
ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့စဉ်က ကိုယ်ပိုင် အီးမေလ်း ဆာဗာ အသုံးပြုခဲ့တဲ့ ကိစ္စကို ပြန်ပြီး စုံစမ်းစစ်ဆေးမယ်လို့ လွှတ်တော် အမတ်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က အကြောင်းကြားခဲ့ပြီး နောက်မှာတော့ အောက်တိုဘာလရဲ့ မျှော်လင့်မထားတဲ့ အဖြစ်အပျက်က အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ အပေါ် ရိုတ်ခတ်စေခဲ့ပြန်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲဆန္ဒရှင်တွေ သမ္မတသစ်ကို ရွေးကောက်တင်မြှောက်ဖို့ ၁၁ ရက်လောက် အလိုမှာ ဒီသတင်း ထွက်လာခဲ့တာပါ။ ဗွီအိုအေ သတင်းထောက် Jim Malone ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

လူထုစည်းရုံးပွဲ အတွက် အိုင်အိုဝါ ပြည်နယ်ကို ဟီလာရီ ကလင်တန် ရောက်ရှိချိန်မှာဘဲ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ဟီလာရီ ကလင်တန် ပါဝင် ပတ်သက်နေတဲ့ အီးမေလ်းတွေထဲက အချက်အလက်သစ်တွေကို စုံစမ်း စစ်ဆေးနေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အသစ်ထပ်တွေ့တဲ့ အီးမေလ်းတွေကို စစ်ဆေးနေတာလို့ FBI က လွတ်တော်အမတ်တွေကို ပြောခဲ့တာပါ။ လိင်ပိုင်းဆိုင်ရာ ဖောက်ပြားမှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီမိုကရက် လွှတ်တော်အမတ် Anthony Weiner နဲ့ ပတ်သက်ပြီး သီးခြား စုံစမ်းစစ်ဆေးမှုတွေနဲ့ အခုတွေ့ရှိချက် ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်လာတာပါ။ မစ္စတာ Weiner က ဟီလာရီ ကလင်တန်ရဲ့ ထိပ်တန်း လက်ထောက် Huma Abedin ရဲ့ ခင်ပွန်းဟောင်း ဖြစ်ပါတယ်။ မစ္စစ် ကလင်တန်ရဲ့ ပြိုင်ဘက် ရီပတ်ပလီကန် သမ္မတလောင်း Donald Turmp ကတော့ နယူးဟမ့်ရှေးယားက လူထုစည်းရုံးပွဲမှာ ဒီသတင်းနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် အပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက် နေတဲ့ အီးမေလ်း အသစ်တွေကို ထပ်တွေ့ရတယ်လို့ FBI က လွှတ်တော်ကို စာပို့ထားပါပြီ။”

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ FBI ညွှန်ကြားရေးမှူး James Comey က မစ္စစ် ကလင်တန် အနေနဲ့ ကိုယ်ပိုင်အီးမေလ်း ဆာဗာ အသုံးပြုခဲ့မှုဟာ အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်ချက်သာ ဖြစ်ပြီး ပြစ်မှု ကျူးလွန်တဲ့ အဆင့်အထိ မရောက်ဘူးဆိုပြီး မှတ်ချက်ပေးခဲ့တာပါ။

FBI ညွှန်ကြားရေးမှူး James Comey က

“နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် ဒါမှမဟုတ်လည်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ လျို့ဝှက် အချက်အလက်တွေကို ကိုင်တွယ်အသုံးပြုမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ချိုးဖောက်ဖို့ ရည်ရွယ်ခဲ့တဲ့ သက်သေ အထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရပေမယ်လို့ သိပ်ပြီး အရေးကြီးတဲ့ ထိပ်တန်း လျို့ဝှက် အချက်အလက်တွေကို ကိုင်တွယ်တာမှာ အတော်ကို ဂရုမစိုက်ခဲ့တဲ့ သက်သေ အထောက်အထားတွေကို တော့ တွေ့ရပါတယ်။”

အီမေလ်းကိစ္စ အရှုပ်တော်ပုံကြောင့် ဟီလာရီ ကလင်တန် အပေါ် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု လျော့တာကိုတော့ လူထုစစ်တမ်းတွေ့မှာ တွေ့ရပါတယ်။ မစ္စစ် ကလင်တန် အပေါ် တရားမစွဲဖို့ FBI ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြိုင်ဘက် ဒေါ်နယ်ထရမ့်က အစဉ်တစိုက် ရှုတ်ချပြောဆိုခဲ့တာပါ။ ဒါပေမယ့်လည်း နယူးဟမ့်ရှေးယားက လူထုစည်းရုံးပွဲမှာတော့ မစ္စတာ ထရမ့်က တမျိုး ပြောင်းပြီး ပြောခဲ့ပါတယ်။

“ဒါက သိပ်ကို ကြီးမားတဲ့ လွဲမှားတဲ့ စီရင်ချက်ဆိုတာကို အမေရိကန် ပြည်သူတွေ အပြည့်အ၀ နားလည်ထားပါတယ်။ အခုတော့ ဒီအချက်ကို ပြန်ပြီး ပြုပြင်နိုင်တော့မယ်လို့ အားလုံးက မျှော်လင့်နေကြပါတယ်။”

မစ္စစ် ကလင်တန်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့ နှောင်းပိုင်း အိုင်အိုဝါမှာ ဒီကိစ္စ အပေါ် အခုလို ပြောခဲ့ပါတယ်။

“အမေရိကန် ပြည်သူတွေ အနေနဲ့ အချက်အလက် အပြည့်အစုံ အားလုံးကို အချိန်မဆိုင်းဘဲ သိသင့်ပါတယ်။ FBI ညွှန်ကြားရေးမှူး ကိုယ်တိုင်က သူ့ရဲ့ စာထဲမှာ ကိုးကားထားတဲ့ အီးမေလ်းတွေဟာ အရေးပါသလား အရေးမပါဘူးလားဆိုတာကို မသိဘူးလို့ ပြောထားပါတယ်။ သူတို့ ဘာတွေဘဲ ဆောင်ရွက်ပါစေ ပြီးခဲ့တဲ့ ဇူလိုင်လက ဆုံးဖြတ်ချက်ကတော့ အပြောင်းအလဲ ရှိမှာမဟုတ်ဘူးဆိုတာကို ကျမ ယုံကြည်ပါတယ်။”

ရီပတ်ပလီကန်တွေဘက်က FBI ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြပေမယ့်လည်း ဒီဆုံးဖြတ်ချက် အပေါ် ဝေဖန်သူတွေလည်း ရှိနေပါတယ်။ Morgan State သက္ကသိုလ်က နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ Jason Johnson ကတော့ စကိုက်ဘ် ကနေ တဆင့် အခုလို ဝေဖန်ပါတယ်။

“ကျနော်ကတော့ စိတ်ပျက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တရားရေးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေကနေ လုပ်ပိုင်ခွင့်တွေကို အသုံးပြုတဲ့ နေရာမှာ ကျင့်ဝတ်နဲ့ မညီဆုံး၊ ဖောက်ဖျက်ဆုံး၊ ထင်မထားနိုင်လောက်အောင် မသင့်တော်ဆုံး ဆောင်ရွက်ချက် ဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာတောင် ဒါမျိုး ရှိမယ်လို့ မထင်ပါဘူး။”

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်ရဲ့ အီးမေလ်း ကိစ္စ သောကြာနေ့က ပြန်ပြီး ထွက်ပေါ်လာတာက သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ အပေါ် ထင်မှတ်မထားတဲ့ ရိုတ်ခတ်မှုပါ။ ဒါပေမယ့်လည်း လူထုစစ်တမ်းတွေမှာတော့ တနိုင်ငံလုံးအတိုင်းအတာမှာရော နိုဝင်ဘာလ ၈ ရက်နေ့ သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို အဆုံးအဖြတ်ပေးရာမှာ အရေးပါတဲ့ ပြည်နယ်တွေမှာရော မစ္စစ် ကလင်တန်က မစ္စတာ ထရမ့်ကို အသာစီး ရနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG