သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန် မြန်မာပြည်ရောက်


အမေရိကန် ၄၂ ဆက်မြောက် သမ္မတ၊ ကလင်တန်ဖောင်ဒေးရှင်းတည်ထောင်သူ မစ္စတာ ဘီလ်ကလင်တန်။ ( နိုဝင်ဘာ ၁၄၊ ၂၀၁၃)
အမေရိကန် ၄၂ ဆက်မြောက် သမ္မတ၊ ကလင်တန်ဖောင်ဒေးရှင်းတည်ထောင်သူ မစ္စတာ ဘီလ်ကလင်တန်။ ( နိုဝင်ဘာ ၁၄၊ ၂၀၁၃)
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ အခု ဒီကနေ့ ကြာသာပတေးနေ့ ညနေပိုင်းကျရင် MPC ခေါ်တဲ့ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ မိန့်ခွန်းပြောဆိုဖို့ ရှိနေပါတယ်။ အဲဒီ အခမ်းအနားကိုတော့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာသမားတွေလည်း တတ်ရောက်ကြမှာပါ။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်ရဲ့ (၄၂) ဦးမြောက် သမ္မတဟောင်း ဘီလ်ကလင်တန် အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ MPC မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ကို နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ အတွေးအမြင်တွေကို မိန့်ခွန်းပြောဆိုဖို့ ရှိပါတယ်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို အဓိကထားလုပ်ဆောင်နေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အခုလို သမ္မတဟောင်းကလင်တန် မိန့်ခွန်းပြောဆိုတာဟာ ထူးခြားမှု ဖြစ်စေမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာဌာနက ကိုညိုအုန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့။ မနက်ဖြန်ညနေ လေးနာရီမှာ Myanmar Peace Center မှာ လူ ၁၀၀ ကျော်ကို သူ လာပြီးတော့ ဟောပြောမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ Myanmar Peace Center အတွက် အင်မတန် ထူးခြားတယ်လို့ ထင်ပါတယ်။ ကျနော်တို့ကလည်း ကျန်တဲ့ အရပ်ဖက် လူ့အဖွ့ဲအစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နောက်တခါ မီဒီယာကလူတွေ၊ နောက်ပြီး လူမှုရေးလုပ်တဲ့လူတွေ၊ စာနယ်ဇင်းသမားတွေကိုလည်း ကျနော်တို့ ဖိတ်ထားပါတယ်ခင်ဗျ။"

“အဓိက-ကတော့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်က မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခု ဒီမိုကရေစီ အလှည့်အပြောင်းကြီး ကူးပြောင်းရေးကာလမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊ နောက်တခါ သူ့ရဲ့ ဒီ Statemen ဆိုတဲ့ သူ့ရဲ့နိုင်ငံသား တစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက်၊ သမ္မတဟောင်း တစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကိုလည်း သူဟောပြောမယ်ဆိုတာကို ကျနော်တို့ သိထားရပါတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ သူ့အနေနဲ့လည်း မြန်မာပြည်ကို သူ လာပြီး လေ့လာရေး ခရီးသွားတယ်၊ သူ့ရဲ့နောက်မှာလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း ဒီကိစ္စကို သွားဖို့အတွက် စီစဉ်ထားတယ် ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။ အစိုးရမဟုတ်တဲ့ သမ္မတဟောင်း တစ်ဦးကနေ လာပြီးတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးကို ပိုပြီး တိုးတက်ကောင်းမွန်အောင် လုပ်မယ်လို့တော့ ကျနော်မျှော်လင့်ပါတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့၊ သူက ထူးထူးခြားခြား Myanmar Peace Center နဲ့ကော မိန့်ခွန်းပြောမယ်ဆိုတော့ Myanmar Peace Center အနေနဲ့ကော Clinton Global Initiative နဲ့ကော နောက်ပိုင်းမှာ ဆက်ပြီးတော့ လုပ်ဆောင်စရာတွေ၊ ပူးတွဲလုပ်ဖို့ အစီအစဉ်တွေရော ရှိပါလား။

“ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ- ကျနော်တို့က ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်ထင်ပါတယ်။ ဒီ သမ္မတဟောင်းကလင်တန်ရဲ့ ခရီးစဉ်ကလည်း အင်မတန် ထူးခြားပါတယ်။ သူမလာခင်ကတည်းက သူ့ရဲ့ဖောင်ဒေးရှင်းနဲ့က ပုံမှန်အဆက်အသွယ်ရှိပါတယ်။”

မေး။ ။ အခု သမ္မတကလင်တန် မြန်မာပြည်ကိုလာတယ်။ Myanmar Peace Center မှာ စကားပြောမယ်၊ မြန်မာပြည်ကို လာပြီးတော့ လေ့လာမယ် ဆိုတော့ ဒါက မြန်မာနိုင်ငံရဲ့ လက်ရှိသွားနေတဲ့ လုပ်နေတဲ့ လုပ်ငန်းတွေ အတွက်ကော ဘယ်လောက် အထောက်အကူ ပြုနိုင်လဲခင်ဗျ။

“တစ်အချက်ကတော့ (၄၂) ကြိမ်မြောက် သမ္မတဖြစ်ခဲ့တဲ့ သမ္မတကလင်တန်က အင်မတန်မှ ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ် ကနေပြီးတော့ အမေရိကန်-မြန်မာဆက်ဆံရေး၊ နောက်တစ်ခါ အမေရိကန်ပြည်သူတွေအနေနဲ့ မြန်မာပြည်နဲ့ ပိုပြီးတော့ ထိစပ်နိုင်ဖို့ အတွက်လည်း သူ ဒါကို လာပြီးတော့ လေ့လာတယ်လို့ ကျနော် ထင်ပါတယ်။ နောက်တစ်ခုက သူ့ရဲ့ ခေါင်းစဉ်မှာကို စိန်ခေါ်မှုတွေနဲ့ နိုင်ငံရေး အပြောင်းအလဲမှာ ဒါကို ဘယ်လို ထိန်းသိမ်းပြီးတော့ သွားရမလဲဆိုတဲ့ဟာက ဒီနေရာကနေပြီးတော့ Myanmar Peace Center ကနေပြီးတော့ လာရောက်ပြောဆိုတယ်ဆိုတာလည်း ဒါက ကျနော်တို့အနေနဲ့ အင်မတန် ထူးခြားပါတယ်ခင်ဗျ။”

မြန်မာငြိမ်းချမ်းရေးစင်တာက ကိုညိုအုန်းမြင့်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင်အရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုဥပဒေတွေကို ဘီလ်ကလင်တန် သမ္မတတာဝန်ယူစဉ်မှာ ၁၉၉၇ ခုနှစ်စပြီး ချမှတ် အကောင်အထည် ဖော်ခဲ့တာပါ။ နောက်ပိုင်းတက်လာတဲ့ အမေရိကန် အစိုးရတွေကလည်း မြန်မာအပေါ်မှာ အပြောင်းအလဲတွေလုပ်ဖို့ ဖိအားပေး အရေးယူကိုင်တွယ်ခဲ့ကြပါတယ်။

သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ဇနီးဖြစ်သူ ဟီလာရင်ကလင်တန် ဟာလည်း နိုင်ငံရေးခြားဝန်ကြီးတာဝန်နဲ့ မြန်မာနိုင်ငံ အပြောင်းအလဲ နောက်ပိုင်း ပထမဦးဆုံး မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် မူဝါဒသစ်နဲ့ ဆက်ဆံခဲ့သူလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ အဲဒီတုန်းက တွေ့ဆုံစဉ်မှာလည်း ဆင်းရဲတဲ့ မြန်မာနိုင်ငံအတွက် သမ္မတဟောင်းကလင်တန်ရဲ့ CGI Clinton Global Initiative အနေနဲ့ မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ပန်ကြားခဲ့ဖူပါတယ်။

MPC မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ ညနေပိုင်း ဘီလ်ကလင်တန် မိန့်ခွန်းပြောခဲ့သလိုပဲ မနက်ဖြန် သောကြာနေ့ ညနေပိုင်းမှာလည်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကလည်း မိန့်ခွန်းပြောဆိုဖို့ ရှိပါတယ်။
XS
SM
MD
LG