သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှု မြန်မာစစ်တပ်ပါဝင်မှု ကန်အမတ်တွေ နဲ့ HRW ဝေဖန်


ထိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ ရွှေမြွေဟောက် စစ်ဆင်ရေး (၂၀၁၇ ခုနှစ်)
ထိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ ရွှေမြွေဟောက် စစ်ဆင်ရေး (၂၀၁၇ ခုနှစ်)

နောက်သီတင်းပတ် အတွင်းစတင်တော့မယ့် အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်းနိုင်ငံတို့ ပူးတွဲပြီး နှစ်စဉ် ရွှေမြွေဟောက်စစ်ဆင်ရေးလေ့ကျင့်မှုအစီအစဉ်မှာ မြန်မာစစ်တပ် ပူးပေါင်းပါဝင်မှာကို အမေရိကန် လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို အမေရိကန်နဲ့ ထိုင်း အစိုးရက ဒေသတွင်းစစ်ရေးလေ့ကျင့်မှုအတွက် ဖိတ်ခေါ်တာဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးကလည်း ဝေဖန်လိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု၂၀၁၇
ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု၂၀၁၇

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ထိုင်းနိုင်ငံမှာ စတင်မယ့် ရွှေမြွေဟောက် စစ်ဆင်ရေးဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်စဉ် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံအတော်များများနဲ့ ဒေသတွင်း ကြီးမားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက မြန်မာနိုင်ငံအနေနဲ့ ပါဝင်ခဲ့ပေမယ့်လည်း ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ဖိနှပ်မှုကြောင့် ရိုဟင်ဂျာမွတ်စလင် ၆၈၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ အခြေအနေဟာ ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံ ပါဝင်မှာကို အငြင်းပွားစရာဖြစ်ခဲ့တာပါ။

မြန်မာစစ်တပ်ကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ဖို့ အမေရိကန်လွှတ်တော်က ကြိုးပမ်းနေချိန်မှာ အမေရိကန်ဦးဆောင်မယ့် ဒေသတွင်းစစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကိုယ်စားလှယ်တချို့ပါဝင်မှာကို ဒီမိုကရက်ရော ရီပါပလင်ကန် ပါတီနှစ်ရပ်လုံးရဲ့ ဝါရင့်လွှတ်တော်အမတ်တွေက ဝိုင်းဝန်ကန့်ကွက်ခဲ့ကြတာပါ။

ရီပါပလင်ကန် အထက်လွှတ်တော်အမတ် John McCain ကလည်း အခုလို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို ဖိတ်ခေါ်ပြီး အမေရိကန် စစ်တပ်နဲ့ အတူ စစ်ရေးလေ့ကျင့်တာမျိုး မပြုလုပ်သင့်ကြောင်း AP သတင်းဌာနကို ပြောပါတယ်။

အလားတူ အောက်လွှတ်တော် နိုင်ငံခြားရေးဆက်ဆံရေးကော်မတီမှာ အမေရိကန်နဲ့ မြန်မာစစ်တပ် ဆက်ဆံရေး ကန့်သတ်ဖို့အဆိုဦးဆောင်တင်သွင်းခဲ့တဲ့ ဒီမိုကရက်အောက်လွှတ်တော်အမတ် Patrick Leahy ကလည်း နိုင်ငံတကာဥပဒေကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေတဲ့သူတွေကို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးတဲ့ ချီးမြှင့်မှုမျိုး မလုပ်သင့်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ ပြောခွင့်ရ Katina Adams ကတော့ အမေရိကန်ဦးဆောင်တဲ့ ရွှေမြွေဟောက် စစ်ဆင်ရေးမှာ မြန်မာစစ်တပ်ကိုယ်စားလှယ် သုံးဦးကို လေ့လာသူအဆင့်အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးတဲ့ လုပ်ငန်းတွေ၊သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဒေသတွင်းမှာ ပူးပေါင်းပြီး ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်ရေး ပါဝင်လေ့ကျင့်ဖို့ ထိုင်းနိုင်ငံက ဖိတ်ခေါ်ခဲ့တာ ဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဒါအပြင် အခုလို လူသားချင်းဆိုင်ရာနဲ့ သဘာဝဘေးအန္တာရယ် ကယ်ဆယ်ရေး အစီအစဉ်တွေမှာ လေ့လာဖို့ မြန်မာအရာရှိတွေကို ဖိတ်ခေါ်တဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ ဒေသဆိုင်ရာ နိုင်ငံအချင်းချင်း အပြန်အလှန်ပူးပေါင်းဆက်ဆံရေး မြှင့်တင်ဖို့ အမေရိကန်အစိုးရရဲ့ စိတ်ဝင်စားမှုကို ရောင်ပြန်ဟပ်နေကြောင်း Katinal Adams ကဆိုပါတယ်။

“သဘာဝဘေးအန္တရာယ်ကျရောက်နေချိန် အသက်ကယ်ဆယ်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်မြှင့်တင်ဖို့ ဒေသတွင်းအစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပါတယ်။ ဒေသတွင်း နိုင်ငံတွေအားလုံးအတွက် သဘာဝဘေးအန္တရာယ်ဟာ လက်တွေ့ရင်ဆိုင်ရတဲ့ ကံကြမ္မာဆိုးတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုရင်လည်း မလွတ်ပါဘူး။ ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်မုန်တိုင်းကြောင့် ခန့်မှန်းခြေ လူပေါင်း ၁၀၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတာပါ။”

ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ မရိမ်း ဒု ဗိုလ်မှူးကြီး Christopher Logan ကလည်း ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုအတွက် မြန်မာစစ်တပ်ကိုယ်စား လှယ်တွေကို ထိုင်းနိုင်ငံက ဖိတ်ကြားခဲ့တာဖြစ်ကြောင်း သတင်းဌာနတွေကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် နာမည်ဆိုးထွက်နေတဲ့ မြန်မာစစ်တပ်ကို ဒေသတွင်းစစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုမှာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ပြောခွင့်ရ John Sifton ကဗွီအိုအေကို ပြောပါတယ်။

“ထိုင်းအစိုးရက မြန်မာအစိုးရကို ဖိတ်ခေါ်ခဲ့တာဆိုပေမယ့် အမေရိကန်ပြည်ထောင်စုက ဒီစစ်ရေးလေ့ကျင့်မှုအတွက် ကုန်ကျစရိတ်အများဆုံးကို ကျခံတာဖြစ်ပါတယ်။ ဒီတော့ မြန်မာစစ်တပ်အရာရှိတွေကိုဖိတ်ခေါ်တာမျိုးမလုပ်ဖို့ အမေရိကန်အစိုးရအနေနဲ့ ထိုင်းအစိုးရကို မေတ္တာရပ်ခံနိုင်ပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံကြောင့်ဆိုတဲ့ အကြောင်းပြချက်ကတော့ မှန်ကန်မှုမရှိပါဘူး။”

ဒါအပြင် ရခိုင်ပြည်နယ်မှာပြစ်မှုတွေနဲ့ လူသားထုအပေါ် ရာဇာဝတ်မှုကျူးလွန်ထားတဲ့မြန်မာစစ်တပ်ကို ကိုယ်စားပြုမယ့် အဖွဲ့ကို မြန်မာအစိုးရက စေလွှတ်မယ့်ကိစ္စဟာ လုံး၀ လျော်ကန်မှုမရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက မြင်ကြောင်း John Sifton က ဆိုပါတယ်။

ရွှေမြောက်ဟောက် စစ်ဆင်ရေးကို ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ၂၃ ရက်နေ့ထိ ပြုလုပ်မှာဖြစ်ပြီး၂၀၁၈ခုနှစ် စစ်ရေးလေ့ကျင့်မှုအစီအစဉ်မှာ ပါဝင်မယ့် ဒေသတွင်းနိုင်ငံ စုစုပေါင်း ၂၉ နိုင်ငံထဲမှာ မြန်မာအပါအဝင် လေ့လာတဲ့ နိုင်ငံပေါင်း ၂၀ ပါဝင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG